အလုပ်ပြောင်းလိုသူများ အတွက် အရေးကြီး အချက် ၃ ချက်

ကျွန်တော်တို့ အများစုဟာ အကြောင်း အမျိုးမျိုးကြောင့် လက်ရှိ အလုပ်က ပြောင်းချင်နေတာမျိုး ဖြစ်နေတတ်ပါတယ်။ အဲလို ဖြစ်နေရင် စနစ်တကျ အောင်အောင်မြင်မြင် ပြောင်းနိုင် စေဖို့ ဒီနည်းလေးတွေက အသုံးကျမယ် မျှော်လင့် ပါတယ်...

၁) ပျော်ရွှင်အောင် နေပါ

လုပ်နေတဲ့ အလုပ်ကို ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ လောလောဆယ် ကိုယ့်ကို ဝင်ငွေတစ်ခု ဖန်တီးပေးနေတာ ဖြစ်လို့
- လက် ရှိ အလုပ်မှာ ပျော်အောင် နေပါ။
- နေ့စဉ် ရသမျှ အတွေ့အကြုံ အားလုံးကို လေ့လာ သင်ယူ မှတ်သားပါ။
- သီးခံစရာတွေ ရှိလာရင် သီးခံပါ။ နာကျင် စရာတွေကို ရီစရာ အဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားပါ။
တစ်ပတ်မှာ ၅/၆ ရက်ဟာ အလုပ်ထဲမှာ နေရတာ ဖြစ်လို့ ပျော်အောင် မနေနိုင် ရင် စိတ်ရော လူရော ပင်ပန်း နာကျင် လာတတ်ပါတယ်။ ပြီးတော့ ဘာပဲ ဖြစ်ဖြစ် အလုပ်ချိန် ပြီးတာနဲ့ အလုပ်ကို မေ့ထားလိုက်ပါ။
ပျော်ရွှင် နေတဲ့ သူတစ်ယောက်ဟာ ဝမ်းနည်း အားငယ်နေတဲ့ သူတစ်ယောက်ထက် အခက်အခဲတွေကို အလွယ်တကူ ကျော်လွှားနိုင် တယ် ဆိုတာ သတိရပါ...

၂) အချိန်ကို ချုံ့ပါ၊ ပိုလေ့လာပါ

အလုပ်ပြောင်းဖို့ အတွက် အတတ်ပညာ အသစ်တွေ အတွေ့အကြံုသစ်တွေ ပိုလိုအပ်ပါတယ်။ ဘယ်အလုပ်ရှင်ဖြစ်ဖြစ် လုပ်ဖော် ကိုင်ဖက် ပဲ ဖြစ်ဖြစ် ကိုယ်နဲ့ တွဲလုပ် ရတဲ့သူကို အ တွေ့အကြံု ရှိတဲ့သူ ဖြစ်စေချင်တာ သဘာဝပါ။
လက်ရှိ အလုပ် အပြင် နောက်ထပ် ကိုယ်လုပ်ချင် တဲ့ အလုပ်သစ်အတွက် လိုအပ်တဲ့ ပညာတွေ ရဖို့အတွက် ကိုယ်ပိုင် အချိန်တွေ ပိုထွက်လာအောင် လုပ်ဖို့လိုပါမယ်။
- တခြားမြို့က လာအလုပ်လုပ်နေတဲ့ သူဆိုရင် အလုပ်နဲ့ နီးတဲ့ နေရာမှာ နေပါ။ ခရီးစရိတ် နဲ့ အချိန် ကို ချုံ့နိုင် တဲ့ အပြင် လေ့လာစရာ ရှိတာတွေကို လေ့လာဖို့ အချိန်ပိုရလာပါလိမ့်မယ်။
- နေ့စဉ် အိမ်ကနေ အလုပ်ကို သွားရာလမ်းတစ်လျှောက်မှာ ကား၊ ရထား စီးရင်း နောက်အလုပ်သစ် အတွက် လိုအပ်တဲ့ ပညာတစ်ခုခုကို လေ့လာတာ၊ သက်ဆိုင်တဲ့ Video Tutorial တွေကြည့်တာတွေ လုပ်ပါ။
- နောက်ဆုံး ဘာမှ လုပ်ဖို့ အဆင်မပြေရင် စိတ်ငြိမ်းချမ်းစေဖို့ ဘုရားဂုဏ်တော် တစ်ခုခုကို အာရုံပြုသွားပါ...
လူတွေရဲ့ ဘဝကို အများဆုံး အပြောင်းအလဲ လုပ်ပေးနိုင်တာ အဲဒီ အချိန်အပိုင်းအစလေးတွေပါပဲ...

၃) မိတ်ဆွေဖွဲ့ပါ

မိတ်ဆွေကောင်းတွေ ရှိခြင်းဟာ ဘဝမှာ အရာအားလုံးနီးပါးကို အောင်မြင် ပြီးမြောက်စေပါတယ်။
- လက်ရှိ အလုပ်က လူတွေနဲ့ တည့်အောင် အရင်နေပါ။ လက်ရှိ အလုပ်က လူတွေနဲ့ တည့်အောင် မနေတတ်တဲ့သူက နောက်အလုပ်မှာလည်း အလုပ်သစ်က လူတွေနဲ့ တည့်ဖို့ ခက်နေပါလိမ့်မယ်။
- ကိုယ်လေ့လာနေတဲ့ ဘာသာရပ် နည်းပညာဆိုင်ရာ နယ်ပယ်က လူတွေနဲ့ မိတ်ဆွေဖွဲ့ပါ၊ ကူညီနိုင်စရာ ရှိရင် တတ်နိုင်သလောက် ကူညီပါ။ မသိတာတွေကို မေးပါ။ လူမှုဝန်ထမ်း ပရဟိတ အလုပ်တွေမှာ ပါ၀င် ကူညီပါ။ အလုပ်ကောင်း တော်တော်များများဟာ သိတဲ့ သူအချင်းချင်း လက်တို့ပြီး ခေါ်ရာကနေ ရသွားကြတာ များပါတယ်။ ဒါပေမယ့် ကိုယ့်မှာ လိုအပ်တဲ့ အရည်အချင်းနဲ့ ပေါင်းသင်းဆက်ဆံရေး မကောင်းရင်လည်း ဘယ်သူမှ သင့်ကို လက်တို့ပြီး အလုပ်အသစ်ရှိတဲ့ အကြောင်း ပြောမှာ မဟုတ်ပါဘူး။
- အချိန်တန်လို့ အလုပ်အသစ်ကို ပြောင်းတဲ့ အခါ လက်ရှိအလုပ်က လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လမ်းခွဲ နှုတ်ဆက်ဖို့ မမေ့ပါနဲ့။ ဘဝ တိုတိုလေးမှာ ဘယ်သူမှ မွေးကတဲက ရန်သူတွေ အဖြစ် မွေးလာတာ မဟုတ်ပါဘူး။ အဲဒါကြောင့် အလုပ်ဟောင်းက မိတ်ဆွေတွေကို အပြံုးနဲ့ ခွဲခွာ နှုတ်ဆက်နိုင်ဖို့ အမြဲတမ်း ပြင်ဆင်ထားပါ။

ညီအကို မောင်နှမ များအားလုံး လက်ရှိ ရောက်နေ ရနေတဲ့ အလုပ်တွေမှာ ပျော်ရွှင်နေကြတဲ့ သူများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

Original idea http://fb.com/775323185863352

Add new comment

Featured Articles