After 5 Years Journey of Life

လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလက စပြီး ကျွန်တော့် ဘဝမှာ အချိုးအကွေ့တွေ အများကြီး ကြုံခဲ့ရပါတယ်။ အီလက်ထရောနစ် အင်ဂျင်နီယာ ဘာသာနဲ့ ဘီအီးဘွဲ့ ရခဲ့တဲ့သူတစ်ယောက် အခုအချိန်မှာ Web Development တွေ လုပ်နေတယ်ဆိုတော့ သင်ရတဲ့ ပညာနဲ့ လုပ်နေတဲ့ အလုပ် ဘယ်လောက်ကွာခြားခဲ့ပြီလဲ ဆိုတာ မှန်းဆလို့ ရပါတယ်။ အခုပြောပြချင်တာက ကျွန်တော့် အခက်အခဲတွေ မဟုတ်ပါဘူး။ အဲဒီအချိန် ကတဲက စပြီး စွဲစွဲမြဲမြဲလုပ်လာခဲ့တဲ့ အလေ့အကျင့် ကောင်းလေး တစ်ခုကို ပြန်ပြီး ​ဝေမျှပေးတာပါ။ မိတ်ဆွေ သူငယ်ချင်းတို့ရဲ့ ဘဝခရီး တစ်နေရာရာမှာ အထောက်အကူ ရပါလိမ့်မယ်။

Going in Depth into Religion

လူတိုင်းဟာ ဘဝအခက်အခဲတွေနဲ့ ကြုံတွေ့ကြတဲ့အခါမှာ အားကိုးရာကို ရှာတတ်တာ သဘာဝပါ။ အဲဒီအချိန်မှာ မှန်ကန်တဲ့ အားကိုးရာကို ရရှိဖို့ အတော်အရေးကြီးပါတယ်။ အားကိုးစရာဆိုတဲ့ နေရာမှာ - မိတ်ဆွေကောင်း တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုခု၊ နေရာဌာနတစ်ခုခု၊ အသိပညာတစ်ခုခု စတာတွေကနေ နောက်ဆုံးမှာ ဘာသာတရား အထိ -- ဖြစ်နိုင်ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်တာမို့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တစ်ခုကိုပဲ ပြန်ပြီး ရည်ညွှန်းချင်ပါတယ်။ မြတ်ဗုဒ္ဓက
“မိတ်ဆွေကောင်းနှင့် ပေါင်းဖော်ရခြင်းသည် အရာခပ်သိမ်းကို အောင်မြင်စေနိုင်ပြီး၊ နောက်ဆုံးမှာ နိဗ္ဗာန်ထိတိုင်အောင် ရောက်ရှိစေနိုင်တယ်” လို့ ဟောကြားခဲ့ဖူးပါတယ်။

သုံးဆယ့်ရှစ်ဖြာ မဂ်လာတရားတော်မှာလည်း ပထမဆုံးအနေနဲ့ “လူမိုက်ကို မပေါင်းသင်းဖို့” ဆိုတဲ့ ရှောင်ရမယ့်သူကို အရင်ပြောပြီး “ပညာရှိ သူတော်ကောင်းနဲ့ ပေါင်းသင်းဖို့” ဆိုတဲ့ ဆောင်ရန် အချက်ကိုပါ တစ်ခါတည်း လမ်းညွှန်ပေးခဲ့တာပါ။ ဒီအချက်ဟာ ဘယ်ဘာသာတရားကို ယုံကြည်တဲ့ သူအတွက်ပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ လိုက်နာသင့်တဲ့ အချက်တွေပါ။

ကျွန်တော့်လို ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖို့ မြတ်ဗုဒ္ဓဟာ အကောင်းဆုံးသော “ပညာရှိ၊ သူတော်ကောင်း၊ အားကိုးရာ အစစ်” ပါပဲ။ မြတ်ဗုဒ္ဓက ဆိုဆုံးမခဲ့တဲ့ အရာတိုင်းဟာ ကျွန်တော့်အတွက်တော့ ဒီနေ့လောကမှာ ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးအတွက် အဖြေထုတ်ပေးနိုင်တဲ့ အပြင် ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်တဲ့ သတ္တိတွေကိုလည်း မွေးဖွားပေးခဲ့တာကို ကိုယ်တွေ့ ကြုံသိခဲ့ရပါတယ်။

A Habit Since Last Five Years

ကျွန်တော့်ဘဝမှာ ကိုယ့်အခက်အခဲတွေကို နောက်ဆုံး ဘယ်သူမှ မဖြေရှင်းပေးနိုင်တော့ဘူးဆိုတဲ့ အချိန်မှာ အားကိုးရာဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေပဲ ကျန်ပါတော့တယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က စိတ်ဓါတ်တွေ အရမ်းကျနေတဲ့ အချိန်မှာ အားကိုးရာ တစ်ခုအနေနဲ့ ကျွန်တော် စွဲစွဲမြဲမြဲလုပ်ခဲ့တဲ့ အလေ့အကျင့်ကောင်းတစ်ခုကတော့ ဗုဒ္ဓါအနုဿတိ ဘာဝနာ ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို အဖန်ဖန်တလဲလဲ ဆင်ခြင်ပွားများတဲ့ အလုပ်ပါ။

ဂုဏ်တော်ကိုးပါးကို ငယ်စဉ်ကတဲက မိဘတွေ သင်ပေးခဲ့လို့ ရနေတဲ့အတွက် ရွတ်ဖတ်ပူဇော်ခဲ့ပေမယ့် တကယ်တမ်း အနက်အဓိပ္ပါယ်တွေကို သေချာ နားမလည်၊ မသိခဲ့ပါဘူး။ ဒါပေမယ့် အခုလို စွဲစွဲမြဲမြဲရွတ်ဆိုလာတဲ့ အချိန်မှာ အနက်အဓိပ္ပါယ်တွေကို သေသေချာချာ နားလည်ချင်တဲ့ စိတ်တွေ ပေါ်လာပါတယ်။ အဲဒါနဲ့ ဆက်ပြီး ဂုဏ်တော်ကိုးပါးရဲ့ အနက်အဓိပ္ပါယ်တွေကို ရှာဖွေလေ့လာ မှတ်သားပြီး နားလည်အောင် လုပ်ပါတယ်။ အောက်မှာ အဲဒီ အနက်အဓိပ္ပါယ်တွေကို ပြန်ပြီး ဖော်ပြပေးထားပါတယ်။ ဆက်လက်ပြီး အဲဒီ ဂုဏ်တော်တွေရဲ့ အကြောင်းအကျိုး ဆက်စပ်မှုကိုပါ ကျွန်တော်နားလည်မိသလို ဝေမျှပါ့မယ်။

မြတ်စွာဘုရား၏ဂုဏ်တော် (၉) ပါး အနက်အဓိပ္ပါယ်

၁။ အရဟံ - ကိလေသာမှန်သမျှ ကင်းစင်တော်မူသော၊ ဆိတ်ကွယ်ရာ အရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော၊ လူမင်းနတ်မင်းဗြဟ္မာမင်းတို့နှင့် တကွ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ - သိစရာ တရားအလုံးစုံကို ဆရာမရှိ ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင် တော်မူသော မြတ်စွာဘုရား။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော - အသိဉာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သုဂတော - ကောင်းသောစကားကို ဆိုတော်မူသော ၊ ကောင်းသောနိဗ္ဗာန်သို့ကြွလှမ်းတော်မူသော မြတ်စွာဘုရား။
၅။ လောကဝိဒူ - သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - ဆိုဆုံးမထိုက်သောသတ္တဝါတို့ကို အတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေဝမနုဿာနံ - လူနတ်ဗြဟ္မာ၊ သတ္တဝါ အပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ - သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသော မြတ်စွာဘုရား။
၉။ ဘဂဝါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

နားလည်လာသည့် အကြောင်းအကျိုး ဆက်စပ်မှုများ

ငယ်တုန်းကတော့ မိဘသင်ပေးလို့ ဘာမှန်းမသိ ရွတ်ဖတ်ပူဇော်ခဲ့တဲ့ ဂုဏ်တော်တွေကို အခုလို အနက်အဓိပ္ပါယ်သိပြီး ပူဇော်လာတဲ့ အခါမှာ ပိုပြီး လေးနက်မှုကို ခံစားလာရပါတယ်။ အဲဒီလို အာရုံပြုနေရင်း တစ်နေ့မှာ ဒီဂုဏ်တော်တွေဟာ တကယ်တော့ ဆောင်ရွက်ရမယ့် အကြောင်းတရားတွေနဲ့ ရရှိလာတဲ့ အကျိုးတရားတွေပါလားလို့ အခုလို နားလည်လာမိပါတယ်။

  1. မကောင်းမှုဆိုရင် ဘယ်သူမှ မသိလည်း (ဆိတ်ကွယ်ရာမှာလည်း) မလုပ်ပါနဲ့။ (အရဟံ ဂုဏ်တော်မှ)
  2. သိစရာ တတ်စရာ လေ့လာစရာတွေကို အမြဲတမ်း ဆည်းပူးလေ့လာပါ။ (သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်မှ)
  3. အသိနဲ့ အကျင့်၊ အကျင့်နဲ့ အသိ ကောင်းအောင် အမြဲ ကြိုးစားပါ။ (ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော်မှ)
  4. ကောင်းတဲ့စကား၊ မှန်ကန်ပြီး အကျိုးရှိစေတဲ့ စကားကိုပဲ အမြဲတမ်း ပြောပါ။ (သုဂတော ဂုဏ်တော်မှ)
  5. လောက သဘာဝကို သိရှိနားလည်အောင် ကြိုးစားပါ။ (လောကဝိဒူ ဂုဏ်တော်မှ)
  6. အကြောင်းအားလျော်စွာ တစ်စုံတစ်ယောက်ကို ဆိုဆုံးမသင့်တဲ့ အခြေအနေမျိုး ကြုံလာခဲ့ရင် သင့်တော်သလို ပြုပြင် တည့်မတ် ဆုံးမပေးပါ။ (အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်မှ)
  7. ကိုယ်သိထားတဲ့ အများအတွက် အကျိုး ဖြစ်ထွန်းစေတဲ့ အကြောင်းအရာတွေ၊ ပညာရပ်တွေကို ကိုယ်တိုင်လည်း အသုံးပြု သူတပါးကိုလည်း ပြန်လည် ​ဝေမျှပါ။ (ဗုဒ္ဓေါ ဂုဏ်တော်မှ)

ဘယ်လောက်အထိ လိုက်နာကျင့်သုံးဖို့ ကောင်းတဲ့ အကြောင်းတရားတွေပါလဲ။ ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။ ဒီအချက်တွေကို သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် နေ့စဉ်လိုက်နာကျင့်သုံးနေတဲ့ သူတွေ၊ အောင်မြင်မှုတွေ ရရှိနေသူတွေ၊ ငြိမ်းချမ်းမှု ရရှိနေသူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်နဲ့ ကမ္ဘာမှာ အများကြီးပါ။ လူတစ်ယောက်ကို အောင်မြင်စေနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်စေနိုင်တဲ့ အကြောင်းတရားနဲ့ ပြန်လည် ရရှိလာမယ့် ရလာဒ်တွေပါပဲ။

Why I Shared My Experiences?

တကယ်တော့ ကျွန်တော်က ကိုယ်ရေးကိုယ်တာတွေကို အင်တာနက်မှာ ရေးလေ့ မရှိပါဘူး။ ဖတ်တဲ့သူတွေ အကျိုးများစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ နည်းပညာတွေကိုပဲ ရေးတတ်ပါတယ်။ ဒီနေ့တော့ ဂျပန်မှာ အလုပ်ရှာနေတဲ့ ညီငယ်တစ်ယောက်က ရင်ဆိုင်နေရတဲ့ အခက်အခဲလေးတွေကို ပြောပြလာတော့

  • သူ့ကို ပြန်လည်ဖြေသိမ့် အကြံဉာဏ်ပေးရင်း၊
  • သူကလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်မို့ ဘုရားဂုဏ်တော်ကိုးပါးကို အထူးအာရုံပြုဖို့ တိုက်တွန်းရင်း
  • လွန်ခဲ့တဲ့ သုံးနှစ်ကျော်က အင်တာနက် တစ်နေရာမှာ ကျွန်တော်ရေးခဲ့ဖူးတဲ့ မြတ်စွာဘုရား၏ဂုဏ်တော် (၉) ပါး အနက်အဓိပ္ပါယ် ဆောင်းပါးနဲ့ ဗုဒ္ဓါနုဿတိဘာဝနာ ဆောင်းပါးတွေကို ပြန်ပေးရင်း
  • အခုလို 5 နှစ်ကျော်ကြာလာတဲ့အခါမှ ရရှိလာတဲ့ အကျိုးတရားတွေကို ပြန်ဆင်ခြင်ကြည့်ရင်း
  • အများအတွက် တစ်နေရာရာမှာ အထောက်အကူ ဖြစ်စေဖို့ ပြန်လည် ဝေမျှ လိုက်တာ

ဖြစ်ပါတယ်။

စာဖတ်သူများကိုယ်တိုင်လည်း အလွယ်တကူ လက်ခံတာမျိုး မလုပ်ဘဲနဲ့ သေခြာဖတ်ရှုပြီး နားလည်မှ လက်ခံဖို့နဲ့ ကျွန်တော့် အမြင်နဲ့ အယူအဆတွေ မှားယွင်းနေခဲ့ရင်လည်း သေချာစွာ သိရှိနားလည်သူများက ပြန်လည် ဖြည့်ဆည်း တည့်မတ် ပေးသွားကြဖို့ ဖိတ်ခေါ်ပါတယ်.... မိတ်ဆွေ သူငယ်ချင်းများအားလုံး စိတ်၏ငြိမ်းချမ်းခြင်း ကိုယ်၏ ချမ်းသာခြင်း အပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ...

 

Add new comment

Similar Articles

Featured Articles