မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား

အီးမေးလ်ကနေ တစ်ဆင့်ရောက်လာတဲ့ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးတိုင်း သိရှိလိုက်နာ ကျင့်သုံးသင့်တဲ့ အဆုံးအမတချို့ကို မြန်မာ ညီအကို မောင်နှမများအတွက် လက်ဆင့်ကမ်း ေ၀မျှပေးလိုက်ပါတယ်....
မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား

မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာ ဟာတိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်း ဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊အကာ သက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလို တဲ့ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာ၀င်တွေ ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။

ဗုဒ္ဓဘာသာ၀င်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြား သွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိ သောကြောင့်တည်း။

``၀ီရိယ၀တော ကိ ံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ေ၀ါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။

သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်၀တ်၊ သားသမီးကျင့်၀တ်၊ ဆရာ့ကျင့်၀တ်၊ တပည့် ကျင့်၀တ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။

အမှန်က ဗုဒ္ဓဘာသာ၀င်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က ``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလို၀န်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။

ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာ၀င်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာ၀င်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။

ဖြစ်သင့်တဲ့လောဘ

ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။

မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။

ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာ ကြွယ်၀သောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။

ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်၀ိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာ၀င်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။ မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။

လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာ၀င်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာ၀င်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာ၀င်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။

တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ

မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။

``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။

တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာ၀ယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။

ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာ၀တည်း။ ယင်း သဘာ၀တရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။

မတရားလောဘဆိုတာ

မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။
ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

တလွဲဆံပင်ကောင်း

ဗုဒ္ဓဘာသာ၀င်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။

ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုး၀ှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။ ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။

တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သေံ၀ဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။
အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သေံ၀ဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။
ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။

``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု

ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)

လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါ၀င်စားမှု မရှိလျှင် လူ့တာ၀န် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။

``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။
ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကိုအလိုရှိသူများအတွက်

  1. ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊
  2. အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊
  3. ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊
  4. သမဇီ၀ိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´

ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။

ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။

 

ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်၀တ်၊ မယားကျင့်၀တ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။

တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီး၀တ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာ၀န်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီး၀တ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။

သာ၀တ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာ၀တ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ် ကောင်းလေစွာ့တကား။

စိတ်သာရှင်စော ဘုရားဟော

လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။

တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။ ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။

ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ေ၀စုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။

စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှငေ့်၀းသည်ဟု ပြော၍ မဖြစ်ပေ။

တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်

စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာ၀င်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာ၀င်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာ၀င်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာ၀င်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။
တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာ၀င်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။

မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။
လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာ၀င်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။
ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။

-------------------------------

သီတဂူ- အရှင်ဒေ၀ိန္ဒာဘိ၀ံသ
(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

 

ဒီအဆုံးအမတွေကို ရေးသားေ၀မျှ ဆုံးမပေးတဲ့ “သီတဂူ- အရှင်ဒေ၀ိန္ဒာဘိ၀ံသ” ကိုလည်း အထူး ကျေးဇူးတင်စွာဖြင့် ရိုသေစွာ ရှိခိုးကန်တော့ပါတယ် အရှုင်ဘုရား။ တပည့်တော်တို့အနေနဲ့ “မြတ်ဗုဒ္ဓရဲ့ အဆုံးအမများကိုလည်း အမြဲမပြတ် ကျင့်သုံးခံယူ ကြိုးစားလိုက်နာ နေပါကြောင်း”  ကိုလည်း ရိုသေစွာ လျှောက်ထား အပ်ပါတယ် အရှင်ဘုရား ....

mmshare team

Update -

ဒီတရားတော်ပါတဲ့ အီးမေးလ်ကို ဖတ်အပြီး၊ ၀က်ဘ်ဆိုက်မှာတင် အပြီးမှာပဲ တရားတော်ရဲ့ မူရင်းဘလော့ခ်နေရာကို အင်တာနက်ကနေ ထပ်တွေ့ရပါတယ် ..
မူရင်းကို အရှင်နာယကာလင်္ကာရ ရဲ့ဘလော့ခ် http://www.manatphyan.com/2009/06/blog-post_22.html မှာ သွားဖတ်နိုင်ပါတယ် အခြား ဘာသာတရားနဲ့ သက်ဆိုင်တဲ့ အဆုံးအများကိုလည်း ဖတ်နိုင်တဲ့ ဘလော့ခ် တစ်ခု ဖြစ်ကြောင်း လက်ဆင့်ကမ်း ေ၀မျှပေးလိုက်ပါတယ်...

Add new comment

Featured Articles