အလုပ် နဲ့ ငွေ

အလုပ်လုပ်ရင် မဖြစ်မနေ ပြောရ ဆိုရတာက ကိုယ်ရသင့်တဲ့ လုပ်အားခ နဲ့ ဆိုင်တဲ့ "ငွေကြေး" စကား တွေပါ။ လူတော်တော် များများက ငွေအကြောင်း ပြောရမှာ ရှက်တတ် ကြတယ်။ ငွေအကြောင်း ပြောရင် ငွေမက်တဲ့သူလို့ အထင်ခံရမှာ စိုးတာမျိုး ဖြစ်နေတတ်တာ သတိထားမိပါတယ်။

ငွေစကား ပြောတိုင်း ငွေမက်သူမဟုတ်

တကယ်တော့ ကိုယ်လုပ်လိုက်တဲ့ အလုပ်အတွက် ရသင့်ရထိုက်တဲ့၊ နှစ်ဦးနှစ်ဖက် ကြိုတင် သဘောတူညီထားတဲ့ ငွေကြေးနဲ့ ဆိုင်တဲ့ စကားကို ပြောရဆိုရတာ အလုပ်လုပ်နေတာပါ။ ငွေမက်တာ မဟုတ်ပါဘူး။ ငွေမက်တယ် ဆိုတာက သူများပိုက်ဆံကို မတော်လောဘနဲ့ မတရား အချောင်လိုချင်တာမျိုးပါ။ အဲလို မတော်လောဘစိတ် ထားတဲ့သူတွေကိုသာ ငွေမက်တဲ့သူလို့ သတ်မှတ်နိုင်ပါတယ်။

၀န်ထမ်း ဘဝ

လခစား ၀န်ထမ်းဖြစ်နေရင် အလုပ် အင်တာဗျုးတဲ့ အခါ၊ နှစ်စဉ် review လုပ်တဲ့အခါ၊ ကိုယ်လုပ်နေရတာနဲ့ ကိုယ်ရနေတာနဲ့ မကာမိဘူးလို့ ခံစားလာရတဲ့ အခါတွေမှာ သက်ဆိုင်ရာ HR, CEO စတဲ့ သူတွေနဲ့ တွေ့ဆုံပြီး ကိုယ်လုပ်ခဲ့တဲ့ အားထုတ်မှုတွေ၊ အကျိုး ရလာဒ်ကောင်း တွေကို ပြန်ကြည့်ပေးဖို့၊ လစာကို ပြန်ညှိပေးဖို့ - စတာတွေကို လိုအပ်သလို ပြောရ ဆိုရတာတွေကို ရှောင်လွှဲလို့ မရပါဘူး။

တာဝန် ရှိတဲ့သူတွေက မအားလို့ ကိုယ့်ဘက် လှည့်မကြည့်နိုင် ဖြစ်နေချိန်မှာ၊ ကိုယ့်ဘက်ကလည်း ရသင့်ရထိုက်တာ တိုးသင့်တိုးထိုက်တာ မတိုးလို့ စိတ်မကောင်း ဖြစ်နေရင် ရေရှည်မှာ အလုပ်မှာ မပျော်တာ၊ စိတ်မပါတာ၊ အလုပ်ပြောင်းချင်လာတာတွေ ဖြစ်တတ်ပါတယ်။ အဲလို အချိန်မှာ အကောင်းဆုံးက တာဝန်ရှိတဲ့ အဆုံးအဖြတ် ပေးနိုင်တဲ့ သူနဲ့ တိုက်ရိုက် တွေ့ပြီး အကျိုးသင့် အကြောင်းသင့် ဆွေးနွေး ညှိနှိုင်းလိုက်ရင် သူ့ဘက်က ကုမ္ပဏီဘက်က အခက်အခဲတွေ၊ ကိုယ့်ဘက်က အခက်အခဲတွေကို အပြန်အလှန် သိသွားနိုင်ပါတယ်။

အဲလို မတွေ့ဘဲ တစ်ဖက်သတ် အတွေးတွေနဲ့ အလုပ်က ထွက်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် နှစ်ဦး နှစ်ဖက် အရမ်း နစ်နာပါတယ်။ ကုမ္ပဏီ အတွက်လည်း အတွေ့အကြုံရှိ ၀န်ထမ်း တစ်ယောက် ဆုံးရှုံး ရသလို၊ ကိုယ့်ဘက်ကလည်း အလုပ်အသစ် ရှာရတာ၊ အလုပ်သစ်မှာ အဆင်ပြေအောင် လုပ်ရတာ၊ အသစ်က ပြန်စရတာတွေကို ကြံုတွေ့ ရပါလိမ့်မယ်။

အဲဒါကြောင့် ပြောသင့် ပြောထိုက်တဲ့ အချိန်မှာ ငွေအကြောင်း ပြောဖို့ လိုအပ်ပါတယ်။

Freelancers

အချိန်ပြည့် ၀န်ထမ်း မလုပ်တဲ့သူ (Freelancer) တွေ အတွက်က ငွေစကားကို မပြောလို့ မရပါဘူး။ ကိုယ်က ကိုယ့်လုပ်အားနဲ့ ပညာကို တခြားသူတွေ အတွက် အချိန်နဲ့ ပိုင်းရောင်းနေတဲ့ သူဖြစ်လို့ အချိန်ပြည့် ၀န်ထမ်းတွေထက် ငွေအကြောင်း ပိုပြောရလေ့ ရှိပါတယ်။

အဲဒီလို ပြောတဲ့ အခါ - နာရီအလိုက် (By Hour)၊ လုပ်ချင်တဲ့ အပိုင်းအလိုက် (By Features)၊ ပရောဂျက် တစ်ခုချင်း အလိုက် (By Project)၊ အပတ်စဉ် (By Weekly) သို့မဟုတ် လစဉ် (By Monthly) စသည်ဖြင့် အမျိုးမျိုး ပိုင်းခြား ထားဖို့ လိုပါတယ်။

နာရီအလိုက် (By Hour)

နာရီအလိုက်ယူတဲ့ နည်းက ကိုယ့်ကို အလုပ်အပ်လာတဲ့သူတွေကို တစ်နာရီ အတွက် ဘယ်လောက်ယူရလိမ့်မယ် ဆိုတာကို အလုပ် မစခင် ကတဲက ပြောပြပြီး နှစ်ဖက် ကြေနပ်မှ အလုပ်လုပ်တာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က တကယ် အလုပ်လုပ်တဲ့ အချိန်တွေကို စနစ်တကျ မှတ်တမ်းတင်ထားဖို့ ရိုးသားဖို့ လိုအပ်ပါတယ်။

သူများ လုပ်ထားတဲ့ အလုပ်တစ်ခုကို ကိုယ့်လက်ထဲ ရုတ်တရက် လာထိုးပေးပြီး အမှားရှာခိုင်းတာမျိုး၊ အသစ် တစ်ခုခုကို ချက်ချင်း ထည့်ခိုင်းတာမျိုးတွေ အတွက် နာရီနဲ့ တောင်းတာ အကောင်းဆုံးပါ။

တချို့တွေက တစ်ခုပြီးရင် နောက်တစ်ခု အဆက်မပြတ် ခိုင်းတတ်တာမျိုး၊ တစ်ခုခုကို အစက ကြိုက်တယ်ပြောပြီး လုပ်ခိုင်းလို့ လုပ်နေတုန်း ပြီးခါနီးမှ နောက်တစ်ခု အသစ် ပြင်ခိုင်းတာမျိုးတွေ လုပ်တတ်တဲ့ သူတွေနဲ့ ရင်ဆိုင်ဖို့ အကောင်းဆုံး နည်းက နာရီအလိုက် ယူတာပါပဲ။ အဲလို မလုပ်ရင် ကိုယ်လည်း အချိန်တွေကုန်၊ သူလည်း လိုချင်တာ ဘယ်တော့မှ မဆုံးနိုင် ဖြစ်ပြီး နှစ်ဦး နှစ်ဖက် နစ်နာတာ၊ နောက်ဆုံး မိတ်ပျက်သွားတာ တွေ အထိ ဖြစ်တတ်ပါတယ်။

ပရောဂျက် တစ်ခုချင်း အလိုက် (By Project)

ဒါကတော့ ရှင်းပါတယ်၊ ပရောဂျက် တစ်ခုချင်း အလိုက် ဘယ်လောက်ယူမယ် ဆိုပြီး နှစ်ဖက် သဘောတူ တန်ရာ တန်ကြေး သတ်မှတ်ပြီး အလုပ်လုပ်တာမျိုးပါ။

လုပ်ချင်တဲ့ အပိုင်းအလိုက် (By Features)

ကိုယ့်ပရောဂျက်ကို ပိုင်ရှင်လက်ထဲ လွှဲလိုက်ပြီး နောက်ပိုင်း အသစ်ထပ်ထည့်ချင်တာတွေ ရှိလာရင် သုံးသင့်တဲ့ နည်းလမ်းပါ။ ဒီနေရာမှာ နှစ်ဖက် ကြေနပ်ရင် နာရီ အလိုက်လည်း ယူလို့ ရပါတယ်။

အပတ်စဉ် (By Weekly) / လစဉ် (By Monthly)

တချို့ အလုပ်တွေက နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လုပ်နေရတာတွေ ရှိပါတယ်။ ဥပမာ - Database ကို နေ့စဉ် backup လုပ်တာ၊ Website သို့မဟုတ် Service တစ်ခုခုကို ရပ်တန့် မသွားအောင် အမြဲတမ်း စောင့်ကြည့်ပေးနေတာ စတဲ့ အလုပ်မျိုးတွေ အတွက် အဆင်ပြေပါတယ်။

စေတနာသာ အဓိက

အလုပ်လုပ်တဲ့ အခါ ကိုယ့်ကို အလုပ်လာအပ်တဲ့ သူရဲ့ အခက်အခဲ ပြေလည်သွားဖို့ ဆိုတဲ့ စေတနာကောင်းကို ရှေ့တန်း တင်ထားဖို့ အထူး အရေးကြီးပါတယ်။ အဲလို စိတ်ထားပြီး အလုပ်လုပ်နိုင်ရင် အချိန်တန်တဲ့ အခါ ငွေကြေးက သင့်နောက်လိုက်လာပါလိမ့်မယ်။

စိတ်ကောင်း စေတနာကောင်းနဲ့ အမြဲတမ်း အလုပ်လုပ်တတ်တဲ့ သူအတွက် အလုပ် မရှားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတပါး အပေါ် စိတ်စေတနာ မကောင်းတတ်တဲ့ သူတွေတောင်မှ သူတို့ အတွက် တကယ်လိုအပ် လာပြီ ဆိုရင် စိတ်ကောင်း စေတနာကောင်း ရှိတဲ့ သူတွေကိုပဲ ရှာဖွေပြီး အလုပ်လုပ်လေ့ ရှိကြလို့ပါပဲ.... :D

ညီအကို မောင်နှမ သူငယ်ချင်းများ အားလုံး - အလုပ်၊ ဘဝ နဲ့ ငွေကြေး ကိစ္စအားလုံးမှာ အစစ အရာရာ အခက်အခဲမရှိ အဆင်ပြေ ချောမွေ့ ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... :)

Add new comment

Similar Articles

Featured Articles