အီးမေးလ်ပြဿနာဟာ Web Development Process မှာ မလွဲမသွေ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ Drupal site တစ်ခုမှာ အီးမေးလ်ပို့လို့ မရခဲ့ရင် Gmail ကို SMTP Server အဖြစ် သုံးနိုင်တဲ့ အကြောင်းသိခဲ့ကြ ပြီးပါပြီ။ အခုဆက်ပြီး WordPress, Joomla နဲ့ Drupal site တွေမှာ Gmail ကို SMTP Server အဖြစ် သုံးနိုင်တဲ့ Plugins, Tips နဲ့ Module တွေအကြောင်းကို လေ့လာကြည့်ကြပါစို့။
SMTP ဆိုတာ Simple Mail Transfer Protocol ရဲ့ အတိုကောက် စာလုံးပါ။ အင်တာနက်မှာ ရှိတဲ့ Server တွေကြားမှာ အီးမေးလ်တွေ အပြန်အလှန်ပေးပို့ဖို့ အများဆုံး သုံးတဲ့ Protocol တစ်ခု ဖြစ်ပါတယ်။ ဆာဗာကနေ ထွက်တဲ့ အီးမေးလ်တွေကို ပို့ဖို့ အတွက် သုံးပြီး အများအားဖြင့် TCP port 25 ကို သုံးပါတယ်။ Gmail ရဲ့ SMTP Server ကတော့ Port 465 ကို သုံးပါတယ်။ SMTP အကြောင်း အသေးစိတ် ဆက်ဖတ်ချင်တယ် ဆိုရင်တော့ Wikipedia က SMTP ဆောင်းပါးမှာ ဆက်ဖတ်နိုင်ပါတယ်။
Requirements - Gmail, SMTP Server, WordPress, Joomla, Drupal
WordPress နဲ့ Free Hosting တစ်ခုမှာ ၀က်ဘ်ဆိုက်တစ်ခု ဆောက်ထားပြီးပြီ။ ဒါပေမယ့် Free Hosting မှာ အီးမေးလ်ပိတ်ထားတဲ့ အတွက်၊ ကိုယ့်ဆိုက်လေးကနေ အီးမေးလ်ပို့မရလို့ သူငယ်ချင်းတွေကို ဖိတ်ခေါ်မရ ဖြစ်နေသလား။ စိတ်မပျက်ပါနဲ့ Gmail ကို SMTP Server အဖြစ် သုံးနိုင်တဲ့ Plugin တွေ WordPress မှာ အများကြီး ရှိပါတယ်။ အဲဒီအထဲက လူသုံး အများဆုံးနှစ်ခုကို ဖော်ပြပေးပါ့မယ်။
ဒီ Plugin က WordPress ရဲ့ wp_mail() function ကို SMTP သုံးနိုင်အောင် ပြင်ဆင်ပေးပါတယ်။ Install လုပ်ပြီး၊ Plugin ကို Activate လုပ်ပြီးတဲ့အခါမှာ WordPress Admin panel ထဲက Settings ထဲမှာ Email ဆိုတဲ့ Command အသစ်တစ်ခု ၀င်လာပါလိမ့်မယ်။ အဲဒါကို Click လုပ်ပြီး၊ လိုအပ်တဲ့ Setting တွေကို ထည့်ပေးရပါမယ်။
Gmail ကို SMTP Server အဖြစ်သုံးမယ်ဆိုရင် SMTP Server setting မှာ ထည့်ရမယ့် အချက်တွေကို Drupal PHPMailer အကြောင်း ရေးထားတဲ့ အထဲမှာ ပြန်ကြည့်လို့ ရပါတယ်။ Drupal နဲ့ WordPress platform တွေပြောင်းသွားတာပဲ ရှိပါတယ်။ ထည့်ရတဲ့ အချက်အလက်တွေက အတူတူပါပဲ။ ပြီးတဲ့အခါ Test Email ပို့ကြည့်လို့ ကိုယ့်ဆီကို Test Email ၀င်လာတယ်ဆိုရင် အောင်မြင်ပါပြီ။ ကျွန်တော့်ရဲ့ WordPress site နှစ်ခုမှာ ဒီ Plugin ကို Gmail နဲ့ တွဲသုံးထားပါတယ်။ ခုထိ ဘာပြဿနာမှ မရှိပါဘူး။
Plugin URL - http://wordpress.org/extend/plugins/wp-mail-smtp/
WordPress အတွက် နောက်ထပ် လူသုံးများတဲ့ SMTP Plugin တစ်ခုပါ။ အရင် ရှိခဲ့တဲ့ wpPHPMailer plugin ကို ပြန်ရေးထားတာ ဖြစ်ပါတယ်။ Setting တွေကို ပြင်ဆင်ရတာ သိပ်အခက်အခဲ မရှိပါဘူး။
Plugin URL - http://wordpress.org/extend/plugins/configure-smtp/
အပေါ်မှာ ပြောခဲ့တဲ့ SMTP plugin နှစ်ခုကတော့ WordPress မှာ လူသုံးအများဆုံးပါပဲ။ ဒါပေမယ့် စိတ်ကြိုက် ထပ်ရှာ ကြည့်ချင်သေးတယ် ဆိုရင်တော့ SMTP tag နဲ့ MAIL tag တွေမှာ ထပ်ရှာကြည့်နိုင်ပါတယ်။
တကယ်လို့ Joomla Site တစ်ခုအနေနဲ့ အီးမေးလ်မထွက်ခဲ့လို့ Gmail ကို SMTP အဖြစ်သုံးချင်တယ်ဆိုရင်တော့ Joomla 1.5 မှာ ဆိုရင် အဆင်သင့် ပါလာပြီးသား ဖြစ်ပါတယ်။ Joomla Site ရဲ့ Administrator Panel ထဲက Global Configuration > Server ထဲက Mail Settings အောက်မှာ ပြင်ပေးရပါမယ်။ အောက်က နမူနာ ပုံလေးကို ကြည့်ပါ။ 
ဒါက Localhost မှာ စမ်းထားတာ ဖြစ်တဲ့အတွက် တကယ် အလုပ်လုပ်တယ် မလုပ်ဘူးဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ ထပ်ပြီး သိချင်သေးရင်တော့ အောက်မှာ ရှိတဲ့ Reference section ထဲက Joomla Links တွေကနေ သွားကြည့်လို့ ရပါတယ်။ အမှန်သိထားပြီး စမ်းထားတဲ့ သူတွေ ရှိရင်လည်း ပြောသွားကြပါဦး။
Drupal အတွက် SMTP Server ကို အသုံးပြုနိုင်တဲ့ Module နှစ်ခု ရှိပါတယ်။ SMTP Authentication Support နဲ့ PHPMailer module တွေ ဖြစ်ပါတယ်။ နှစ်ခုလုံးက php mail() function ကို မသုံးဘဲ Drupal Site တစ်ခုကနေ SMTP Server တစ်ခုဆီကို တိုက်ရိုက် အီးမေးလ်ပို့နိုင်အောင် လုပ်ပေးပါတယ်။ SMTP authentication နဲ့ SSL တွေကိုလည်း Support လုပ်ပါတယ်။ ဒီ Module နှစ်ခုလုံးက လုပ်ဆောင်ချက် သိပ်မကွာတာမို့ အသေးစိတ် မရေးတော့ပါဘူး။ PHPMailer module သုံးနည်းကို Using Gmail as SMTP Server with Drupal PHPMailer Module မှာ ဖတ်ကြည့်နိုင်ပါတယ်။
နောက်တစ်ဆင့်ကတော့ လက်တွေ့ စမ်းသပ်ကြည့်ဖို့ပါပဲ။ WordPress နဲ့ Drupal အတွက် ကိုယ်တိုင်စမ်းထားပြီး ဖြစ်တဲ့အတွက် အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေနဲ့ Plugin တွေ Module တွေနဲ့ ပတ်သက်လာရင် အကူအညီပေးနိုင်ပါတယ်။ Joomla အတွက်တော့ အကူအညီ မပေးနိုင်သေးပါဘူး။ ဒါပေမယ့် Joomla နဲ့ ပတ်သက်လာရင်တော့ Joomla ကိုလက်တွေ့ သုံးပြီး ၀က်ဘ်ဆိုက်တွေ လုပ်နေတဲ့၊ PHP Programmer တစ်ယောက်လည်း ဖြစ်တဲ့ ကို Zack ကို သွားမေးလို့ ရပါတယ် ဆိုတဲ့ အကြောင်း လမ်းညွှန် ပါရစေ။
Add new comment