ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ အသက်မွေး၀မ်းကျောင်းပြုတဲ့ Programmer, Software Developer, Network Engineer, Designer စတဲ့သူတွေ မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို ပေမျှချင်ပါတယ်။
“ ပိုက်ဆံရှိရင် ကွန်ပျူတာ ၀ယ်လို့ရတယ်။
တနည်းအားဖြင့် ပိုက်ဆံရှိရင် ကွန်ပျူတာဆိုတာ ရှိနိုင်တယ်။
ဒါပေမဲ့ ပိုက်ဆံရှိတိုင်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။
ကွန်ပျူတာ ရှိတိုင်းလည်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။
ကွန်ပျူတာ ရှိတဲ့နေရာတိုင်းမှာ သင်ပေးနိုင်တဲ့သူ မရှိနိုင်ဘူး။
ကိုယ်လုပ်နိုင်သလောက် လေ့လာရင် လေ့လာသလောက် ကိုယ်ပြန်ရမယ်...”
ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ဖြစ်ပြီး အခွင့်သာတိုင်းလည်း အခြားသူများကို ပြောပြခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ကွန်ပျူတာကို ထိတွေ့၊ သုံးစွဲ၊ လေ့လာနေဆဲ အတွေ့အကြုံများ၊ လေ့လာနည်းများကို အခြေခံပြီး "ကွန်ပျူတာကို ဘယ်လိုလေ့လာရမလဲ" (How to Learn or Self Study about Computer and IT?) မေးခွန်းကို အခုလို ကိုယ့်ဘာသာကိုယ် ပြန်ဖြေ ကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတာလေးတွေက အတိုချုံးလေးတွေ ဖြစ်ပြီးတော့ အသေးစိပ်ကို နောင်မှာ ဆက်လက် ေ၀မျှ သွားမှာပါ။
ကွန်ပျူတာကို အခြေအနေပေးရင် ပေးသလို၊ အဆင်ပြေရင် ပြေသလို၊ အရူးအမူး လေ့လာပါ။ ကွန်ပျူတာ အကြောင်းကို အမြဲတမ်း စိတ်၀င်စားပါ။ (ချစ်သူရည်းစားကို စိတ်၀င်စားသလောက် ကွန်ပျူတာကို စိတ်၀င်စားပါ။ သို့သော် ချစ်သူရည်းစားကို ထည်လဲပြောင်းသလိုတော့ ကွန်ပျူတာကို ထည်လဲ မပြောင်းပါနှင့်။ - အစပိုင်းတွင် Windows, Mac, Linux စသည့် OS တစ်ခုခုကို ရင်းနှီးအောင် သုံးတတ်စေရန် ဆိုလိုပါသည်။) ကွန်ပျူတာ ကိုင်ရသည် ဖြစ်စေ၊ မကိုင်ရသည် ဖြစ်စေ ကွန်ပျူတာနှင့် ပတ်သက်သည်များကို လေ့လာနေပါ။ (အလွန်အရေးကြီးပါသည်။) ကိုယ့်ဘာသာကိုယ် လေ့လာရတာ မလွယ်ပါ။ သို့သော် အလေ့အကျင့်ရသွားလျင်တော့ မခက်တော့ပါ။
ကွန်ပျူတာကို မိမိကဲ့သို့ အရူးအမူး စိတ်၀င်စားသူများနှင့် မိတ်ဆွေဖွဲ့ပါ။ ထိုမိတ်ဆွေများနှင့်အတူ မိမိ သိထားသည်များကို ဖောက်သည်ချ ပေမျှပေးပြီး၊ မသိသေးသည်များကို မေးမြန်းပါ။ တစ်ပြိုင်တည်းမှာပင် မိမိအတွက် အသုံး၀င်သည့် နည်းလမ်းများ (Tips and Tricks)၊ လေ့ကျင့်ရေး သင်ခန်းစာများ (Tutorials) နှင့် အသုံးချဆော့ဖ်ပဲများ (Application Software) ကို မှတ်သားခြင်း၊ စုဆောင်းထားခြင်းများ ပြုလုပ်ပါ။
အခြားသူများကိုလည်း ဖလှယ်ပါ။ ပေမျှပါ။ (ကိုယ်ရသလို ကိုယ်သိသလို သူများကိုလည်း သိစေချင်၊ ရစေချင်သည့် စေတနာကောင်းသည် လူတိုင်းတွင် မရှိသည့်၊ လူတိုင်း ထားရှိ မွေးမြူသင့်သည့် စိတ်ဓါတ်ကောင်းတစ်ခု ဖြစ်ပြီး၊ ကိုယ်တိုင် လေ့လာသင်ယူမှု (Self study) အတွက် နှင့် ပတ်၀န်းကျင်အတွက် အလွန်ပင် အထောက်အကူပြုလေသည်။)
အင်တာနက် သုံးခွင့်ရသည့် နေရာတွင် အင်တာနက်ကို ရအောင်သုံးပါ။ အင်တာနက်သုံးရသည့် အချိန်တွင် မည်သည့် အကြောင်းအရာများကို လေ့လာမည် ရှာဖွေမည်ကို - အင်တာနက် သုံးခွင့် မရသေးသည့် အချိန်များတွင် ကြိုတင် ပြင်ဆင် မှတ်သားထားပါ။ သို့မှသာ အင်တာနက် တကယ် သုံးခွင့်ရသည့် အချိန်တွင် ထိရောက်စွာ၊ အကျိုးရှိရှိ သုံးနိုင်မည်။
Search Engine များကို သုံးတတ်အောင် လေ့လာပါ။ အင်တာနက်ထဲတွင် လှိုင်းစီးနိုင်ရန် (Internet Surfing)၊ အချိန်တိုအတွင်း လိုရာခရီး အမြန်ရောက်နိုင်ရန်အတွက် Search Engine များသည် တစ်ဦးချင်းစီ၏ အသုံးချနိုင်စွမ်းအပေါ် မူတည်ပြီး (လိပ်တစ်ကောင် ဖြစ်နိုင်သလို) ဒုံးပျံတစ်စင်းကဲ့သို့လည်း လိုရာခရီးသို့ လျင်မြန်စွာရောက်ရှိစေရန် ကူညီပေးနိုင်သည်။
Search Keywords များကလည်း အင်တာနက်ထဲမှ လိုရာ သတင်းအချက်အလက်များကို အမြန်ဆုံးရရှိစေရန် များစွာ အထောက်အပံ့ ဖြစ်စေသည်။ သော့ချက်စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှ အင်တာနက်တွင် ရှာဖွေမှု မြန်ဆန်မည် ဖြစ်သည်။
အင်တာနက် စကားပိုင်းများ (Internet Forums) မှတဆင့် အခြားသူများ ကြုံနေရသည့် အခက်အခဲများ ပြဿနာများကို ကြိုတင်လေ့လာ သိရှိထားနိုင်သည်။ မိမိတို့၏ ပြဿနာများကို အများသို့ ပေမျှ အသိပေး အကူအညီတောင်းနိုင်သည်။ ထို့ထက် အဆင့်မြင့်လာပါက ကိုယ်တိုင် ဦးဆောင်ပါ၀င် ဆွေးနွေးလာနိုင်မည်။
အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေးသည့် အကြောင်းအရာသစ် တစ်ခုကို စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို ၀က်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ပီကီပီဒီယ မှာ အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေသည်များ ကြုံဖူးပါသည်။
ကျွန်တော်တို့ သွားချင်သည့်၊ စိတ်၀င်စားသည့် ၀က်ဘ်ဆိုက်ပေါင်း 30 ရှိပြီး အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင် တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက် ထို၀က်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား ၄င်းဆိုက်များမှ ပေးထားသည့် RSS Feed များကို နှစ်သက်ရာ RSS Reader (Google Reader, Great News Portable RSS Reader, etc) ဖြင့် ဖတ်ရှုခြင်းက အချိန်နှင့်ငွေကြေးကို အထိရောက်ဆုံးကို အသုံးချရာရောက်သည့် အပြင် စိတ်ရောလူရော လွယ်ကူ သက်သာစေသည်။
သင်တန်းတက်နိုင်လျင်၊ သင်တန်း တက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင် ကိုယ်တိုင်အကြာကြီး လေ့လာမှ သိရမည့် အရာများကို သင်တန်းများတွင် မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။ KMD မှာ Basic Networking တစ်ခု တက်ဖူးပါတယ်... အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့ Cabling ကို သိချင်လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း သိမှ ဖြစ်တော့မှာမို့ သွားတက်ဖြစ်တာ။ သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှ အရင်းအမြစ်တွေ ကို ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ သင်တန်း တက်ရကျိုး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းရကျိုးတွေ နပ်မှာပါ။ သင်တန်းမှ သင်ရိုးများ၊ လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊ အတူတက်နေသူများဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။
နိုင်ငံတကာတွင် သွားရောက် အလုပ်လုပ်ရန်၊ သို့မဟုတ် နိုင်ငံခြားသားများနှင့် ယှဉ်တွဲ အလုပ်လုပ်ရန်၊ သို့မဟုတ် လိပ်ပြာသန့်စွာ ၊ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရန်အတွက် အလကား ရသည့်ဆော့ဖ်ပဲမှန်သမျှကို သုံးခြင်းထက်၊ အလကားရသည့် အပွင့်ဆော့ဖ်ပဲများ (ကျွန်တော်က Open Source Free (OSF) Software များဟု ကိုယ့်ဘာသာ အမည်ပေးထားသည်။) ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ကြိုးစားပါ။
ကိုယ်တိုင်လေ့လာရတယ်ဆိုတာ ခရီးကြမ်းတစ်ခုပါ။ မလွယ်ပါဘူး။ လူတိုင်းလည်း ရေရှည် မလျောက်နိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊ အထူးသဖြင့် ဘ၀မှာ ပညာကို ချစ်ခင် မြတ်နိုးသူတိုင်း တစ်ခုခုကို ကိုယ်တိုင်လေ့လာကြည့်ဖို့ ကြိုးစားသင့်ကြပါတယ်...။ ရလာတဲ့ မြင်ရတဲ့ အကျိုးဆက်တွေ၊ မမြင်ရတဲ့ အကျိုးဆက်တွေကိုတော့ ဘာသာရပ်တစ်ခုခုကို ကိုယ်တိုင်လေ့လာ သင်ယူလေ့ကျင့်ဖူးသူတိုင်း ခံစားနားလည် သိရှိနိုင်မှာပါ...
စာဖတ်နေတဲ့ ချစ်မိတ်ဆွေရော ဘ၀မှာ ဘယ်လို Self Study လုပ်ခဲ့ဖူးလဲ ...
အများအတွက် ပေမျှ ဆွေးနွေးသွားစေချင်ပါတယ် ....
ဆက်လက် ပေမျှပါမည် ....
Add new comment