ဝက်ဘ်ဆိုက်တစ်ခု တည်ဆောက်သည့်အခါ အရေးပါသည့် Google ၏ Webmaster Guideline များတွင် ပထမဆုံး ဖော်ပြထားသည့် အချက်မှာ - အင်တာနက် စာမျက်နှာ အချင်းချင်း ချိတ်ဆက်ရန်အတွက် Link များကို စာသားဖြင့်သာ အသုံးပြုရန် (Make a site with text links) - ဟူ၍ ဖြစ်သည်။
ဝက်ဘ်ဆိုက်တစ်ခု အတွင်းပါရှိသည့် စာမျက်နှာများကို အချင်းချင်း ချိတ်ဆက်ရန်ဖြစ်စေ၊ ဆိုက်တစ်ခုမှ အခြားဆိုက်တစ်ခုသို့ ချိတ်ဆက်ရန် ဖြစ်စေ - Link များကို အသုံးပြုကြရသည်။ Link အမျိုးအစား နှစ်ခုရှိသည်။စာသားကို အသုံးပြုသည့် ချိတ်ဆက်မှု (Text Links) နှင့် ရုပ်ပုံကို အသုံးပြုသည့် ချိတ်ဆက်မှု (Image Link) တို့ ဖြစ်သည်။

ပုံများကို အသုံးပြုပြီး ချိတ်ဆက်သည့် အခါ အမြင်အာရုံကောင်းသူတို့အတွက် လှပစွာ မြင်တွေ့ရမည် ဖြစ်သည်။ သို့သော် အမြင်အာရုံ အားနည်းသူများနှင့် Search Engine Spider များသည် ရုပ်ပုံများကို နားလည်နိုင်ခြင်း မရှိပေ။ အမြင်အာရုံ ချို့တဲ့သူများသည် Screen Reader များ၏ အကူအညီဖြင့် ဝက်ဘ်ဆိုက်များကို အသုံးပြုကြရသည်။ Screen Reader များက ဝက်ဘ်ဆိုက်တစ်ခုတွင် ပါရှိသည့် စာသားများကို ကောင်းစွာ ဖတ်နိုင်သည်။ သို့သော် Screen Reader များက Image Link များကို နားမလည်ပေ။
အင်တာနက်စာမျက်နှာများ အချင်းချင်း ချိတ်ဆက်ရန်အတွက် စာသားများကို အသုံးပြုခြင်းအားဖြင့် အမြင်အာရုံချို့တဲ့သူများနှင့် Search Engine Spider များအပါအ၀င် မည်သူမဆို အလွယ်တကူ ဖတ်ရှုနားလည် အသုံးပြုနိုင်သည်။ ဝက်ဘ်ဆိုက်တစ်ခုလုံးကို အလွယ်တကူ သွားလာ ကြည့်ရှုနိုင်သည်။ စာသားများကို အသုံးပြုထားသည့် Menu (Text Link Navigation Menu) များဖြင့် ဖွဲ့စည်းထားသည့် ဝက်ဘ်ဆိုက်တစ်ခုကို Search Engine များအနေဖြင့် အလွယ်တကူ နားလည်ပြီး၊ အညွှန်းပြုစုနိုင်သည်။

အကယ်၍ ပုံများကို မဖြစ်မနေ အသုံးပြုကြရတော့မည် ဆိုပါက ထိုပုံအသီးသီးတွင် အစားထိုး စာသားများ (Alternative Text) များ ထည့်သွင်းဖော်ပြပေးထားရမည်။ သို့မှသာ Search Engine များအနေဖြင့် ပုံများနေရာတွင် အစားထိုးစာသားများကို ထည့်သွင်းမှတ်သား သွားမည် ဖြစ်သည်။
ဝက်ဘ်ဆိုက်တစ်ခု တည်ဆောက်ရသည့် ရည်ရွယ်ချက်များစွာ အနက် တစ်ခုမှာ - လာရောက် အသုံးပြုသူများ လွယ်ကူ အဆင်ပြေစွာဖြင့် သတင်းအချက်အလက်များကို ရယူ အသုံးပြုနိုင်ရန် - ဖြစ်သည်။ ထို့ကြောင့် အလှအပနှင့် အမြင်အာရုံ ဆန်းသစ်မှုထက် အသုံး၀င်သည့် Text Links များကိုသာ အသုံးပြုခြင်းက - လာရောက်အသုံးပြုသူများနှင့် အင်တာနက် ရှာဖွေရေးအင်ဂျင် (Search Engine) များအတွက် ပိုမို အကျိုးများမည် ဖြစ်ပေသည်။
Ref - http://www.google.com/support/webmasters/bin/answer.py?hl=en&answer=35769
Add new comment