Website တစ်ခု တည်ဆောက်တဲ့အခါ အစိတ်အပိုင်းများစွာကို ပေါင်းစပ် ဖွဲ့စည်း အသုံးပြုကြရ ပါတယ်။ အချို့ အစိတ်အပိုင်းတွေက တစ်ခါ ထည့်သုံးထားလိုက်တာနဲ့ ထပ်ပြောင်းစရာ မလိုတော့တဲ့ Static Files တွေ ဖြစ်ပြီး၊ တချို့ အပိုင်းတွေကတော့ လိုအပ်သလို အမြဲ ပြောင်းလဲနေရတဲ့ Dynamic Files တွေ ဖြစ်ပါတယ်။ Web Developer, Web Master တစ်ယောက်ဟာ ကိုယ်တည်ဆောက်နေတဲ့ ဝက်ဘ်ဆိုက်မှာ ပါရှိတဲ့ Static နဲ့ Dynamic အစိတ်အပိုင်းတွေကို တစ်နေရာတည်းမှာ မထားဘဲ နေရာခွဲခြား သိမ်းဆည်း အသုံးပြုနိုင်မယ် ဆိုရင် ဆိုက်ကို ဝင်ကြည့်တဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ ဆိုက်ကို လျင်မြန်စွာ မြင်တွေ့ကြရပါလိမ့်မယ်။
ဝက်ဘ်ဆိုက်တစ်ခုမှာ ပါတဲ့ စာ၊ ရုပ်ပုံ၊ တေးသီချင်းဖိုင်၊ ဗီဒီယိုဖိုင် တွေဟာ တစ်ခါတင်ပြီးတာနဲ့ နောက်ထပ် အချိန်တိုကာလ တစ်ခု အတွင်းမှာ ထပ်ပြောင်းဖို့ မလိုတော့ဘူးဆိုရင် အဲဒီဖိုင်တွေကို Static Content တွေလို့ ဆိုနိုင်ပါတယ်။ ဉပမာ တစ်ခုအနေနဲ့ ပြရမယ်ဆိုရင် Facebook မှာ တင်ထားတဲ့ ဓာတ်ပုံတွေဟာ Static Content တွေ ဖြစ်ပါတယ်။ (e.g - photos-f.ak.fbcdn.net/hphotos-ak-ash4/.....) လူအများစုဟာ သူတို့ပုံတွေကို တစ်ခါတင်ပြီးတာနဲ့ နောက်ထပ် အချိန်တိုတစ်ခုအတွင်းမှာ အပြောင်းအလဲ သိပ်မလုပ်တော့လို့ ဖြစ်ပါတယ်။
ဝက်ဆိုက်မှာ ပါရှိတဲ့ အမြဲတမ်းလိုလို ဒါမှမဟုတ် မကြာခဏဆိုသလို အသစ်ထည့်တာ၊ အပြောင်းအလဲ အပြင်အဆင်လုပ်တာတွေ ရှိနေတတ်တဲ့ အကြောင်းအရာတွေကိုတော့ Dynamic Content တွေလို့ ခေါ်နိုင်ပါတယ်။ ဉပမာ − ကျွန်တော်တို့ရဲ့ Facebook Wall တွေပေါ်မှာ အဆက်မပြတ်ပေါ်လာတတ်တဲ့ သူငယ်ချင်းတွေရဲ့ Status Update များဟာ Dynamic Content တွေ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ သူငယ်ချင်းတွေရဲ့ Profile တွေမှာ တင်ထားတဲ့ Status တွေကတော့ Static Content တွေပါ။
နောက်ဆုံးပေါ် အင်တာနက်ကြည့် ဆော့ဖ်ဝဲတွေဟာ ဝက်ဆိုက် တစ်ခုမှာ ပါတဲ့ အကြောင်းအရာတွေကို တစ်ချိန်မှာ 2 ခုကနေ 4 ခုအထိ တစ်ပြိုင်တည်း ဆွဲယူ ပုံဖော်နိုင်ပါတယ်။ တစ်ကယ်လို့ Static Content တွေကို Sub Domain တွေမှာ သိမ်းမယ်ဆိုရင်တော့ Sub Domain 2 ခုကနေ 4 ခု အတွင်းမှာပဲ သိမ်းသင့်ပါတယ်။ 4 ခုထက် ပိုများသွားရင် DNS lookup penalty ထိနိုင်တဲ့ အတွက် ဖြစ်ပါတယ်။
ဉပမာ − ကျွန်တော်တို့ရဲ့ HTML နဲ့ Dynamic Content တွေကို www.example.org မှာထားပြီး Static Content တွေကိုတော့ static1.example.org နဲ့ static2.example.org တို့မှာ ခွဲထားတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ဆိုက်မှာ သုံးနေတဲ့ ပုံတွေကို Google Picasa, Yahoo Flickr စတဲ့ Image hosting ဆိုက်တွေမှာ တင်ထားပြီး လိုသလို ဆွဲသုံးတာလည်း အပေါ်မှာ ပြောခဲ့တဲ့ ဉပမာ အတိုင်းပါပဲ။
Add new comment