ကွန်ပျူတာ နည်းပညာတစ်ခုခုကို လေ့လာလိုက်စားဖို့ ကြိုးစားကြသူတိုင်း အနေဖြင့် မလွဲမသွေ ပြုလုပ်ကြရသည့် အခြေအနေတစ်ရပ်မှာ - Self Study လုပ်ရသည့် အပိုင်း ဖြစ်သည်။ Hardware, Software, Networking, Web Development, System Administration စသည့် နယ်ပယ်အားလုံးတွင် ကျင်လည်နေရသူများသည် နေ့စဉ် လုပ်ငန်းခွင် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းကြရသည့် အခါတွင် လိုလားသည့် အဖြေကို အမြဲတမ်း အလွယ်တကူ ရရှိကြသည် မဟုတ်ပေ။ ကြုံတွေ့လာရသည့် - အခြေအနေများ၊ ရရှိနေသည့် အခွင့်အရေးများ၊ ကြိုတင်သိရှိထားသည့် အသိပညာ ဗဟုသုတများ - ကို အခြေခံ၊ အရင်းတည်ကာ ရင်ဆိုင် ဖြေရှင်းကြရခြင်း ဖြစ်သည်။
ကျွန်တော် ပထမနှစ်ကျောင်းသားဘ၀မှာ - မှတ်မှတ်ထင်ထင် စွဲကျန်ရစ်သည့် စကားတစ်ခွန်းက ဘ၀တွင် ကောင်းသော အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရသည်။
“မင်းတို့တတွေ - ဘာသာရပ်တစ်ခုခုမှာ ထူးချွန်ထက်မြက်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဘာသာရပ်စာအုပ်တွေကို ကိုယ်တိုင်ဖတ်၊ ကိုယ်တိုင်လေ့လာမှ ရမယ်၊ အင်္ဂလိပ်လိုရေးထားတဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်ကောင်းတွေ အများကြီးရှိတယ်၊ ကျောင်းက သင်ပေးတယ်ဆိုတာ မင်းတို့အတွက် အမြည်းသဘော မိတ်ဆက်ပေးတာ၊ အသေးစိတ် သိချင်၊ တတ်ချင်ရင်တော့ ကိုယ့်ဟာကိုယ် လုပ်မှရမယ်။ မင်းတို့ နည်းနည်းလေ့လာရင် နည်းနည်းရမယ်။ များများလေ့လာရင် များများရမယ်၊ ကိုယ်တိုင်လုပ်မှ ရမယ်။ ဘယ်သူမှ လာလုပ်ပေးလို့ မရဘူး”
အလွန်အဖိုးတန်သော ထိုလမ်းညွှန်ချက်ကို ပြောကြားခဲ့သည့် ပါမောက္ခချုပ်၏ ကျေးဇူးတရားကို အမြဲတမ်း အမှတ်ရနေမိသည်...
စသည့်စသည့် ကောင်းခြင်းများစွာနှင့် ပြည့်၀နေသည့် ပါမောက္ခချုပ်ကြီး၏ ကျေးဇူးတရားမှာ ကျွန်တော့် အတွက်တော့ ကြီးမားလှ၏ ...
ကျွန်တော်၀ါသနာပါရာ ကွန်ပျူတာဘာသာရပ်များကို ကိုယ်တိုင် စတင်လေ့လာသည့် အချိန်တွင် အထက်ပါစကားများ အလွန်မှန်ကြောင်း သိလာရသည်။ ထို့ပြင် နောက်ထပ်သိလာရသည့် အချက်တစ်ခုမှာ -
ထင်ထင်ရှားရှား သိရှိလာခြင်း ဖြစ်သည်။
ဘာသာရပ်တစ်ခုကို ကိုယ်တိုင်လေ့လာသင်ယူရသည်မှာ လွယ်ကူသည့် အလုပ်တော့ မဟုတ်ပေ။ ဤနည်းလမ်းတွင် အရေးကြီးသည့် လျှို့ဝှက်ချက် (A Great Secret of Self Studying) တစ်ခုရှိသည်။ ထိုလျှို့ဝှက်ချက်ကို သိ၍ဖြစ်စေ၊ အမှတ်တမဲ့ အလိုအလျောက် အသုံးချမိ၍ဖြစ်စေ - အသုံးချမိသူတိုင်းသည် ဘာသာရပ်တစ်ခုခုကို ကိုယ်တိုင်လေ့လာ ဆည်းပူးသည့်အခါတွင် အခြားသူများထက် ပိုမိုလွယ်ကူလျင်မြန်စွာ နားလည် တတ်ကျွမ်းပြီး ပြန်လည် အသုံးချနိုင်စွမ်းလည်း ပိုမို မြင့်မားကြသည်။
ထိုအရေးကြီးသည့် လျှို့ဝှက်ချက်မှာ -
“ မိမိလေ့လာ သိရှိသွားပါက တခြားသူများလည်း နားလည်အောင် ပြန်လည်ရှင်းပြပေးလိုသည့် စိတ်စေတနာဖြင့် လေ့လာဆည်းပူးခြင်း ”
ဖြစ်သည်။ ထိုစေတနာကောင်း၏ အကျိုးဆက်ကို အခြားသူများမခံစားရမီ ကာယကံရှင်အနေဖြင့် စတင် ခံစားရမည် ဖြစ်သည်။ Online Tutorial web site များ၊ Opensource ဆော့ဖ်၀ဲများကို တီထွင်ဖန်တီးသူများတွင် အထက်ပါ စိတ်စေတနာကောင်းများ ရှိနေမည်မှာ - အမှန်ဖြစ်သည်။
မည်သူမဆို လေ့လာဆည်းပူးမှုတစ်ခုတွင် ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့လာရသည့် အခက်အခဲများအားလုံးကို အဆိုပါ စိတ်စေတနာကောင်းလေးဖြင့် ရင်ဆိုင် ဖြတ်ကျော်သွားနိုင်ကြမည်သာ...
Comments
Guest (not verified)
Fri, 11/13/2009 - 07:10
Permalink
အရမ်းကောင်းတဲ့ဆောင်းပါးလေး ပါ
အရမ်းကောင်းတဲ့ဆောင်းပါးလေး ပါ
Guest (not verified)
Sun, 12/13/2009 - 02:55
Permalink
ဟုတ်ပ
အရမ်းမှန်တယ် အခုမှစိတ်ဓာတ်တွေပြန်တက်လာသလိုပဲ
Add new comment