New Friends, Drivers, Religion - မိတ်ဆွေများသစ်များ၊ ကားမောင်းသူများ၊ ဘာသာရေး

ကျွန်တော်လောလောဆယ်ရောက်နေတဲ့ နိုင်ငံက “စလုံး” လို့ မြန်မာတွေ အတိုကောက်ခေါ်လေ့ရှိတဲ့ စင်္ကာပူမှာပါ... ဒီကို ရောက်လာတော့ စိတ်ထဲမှာ အရမ်းကြီး ထူးထူးခြားခြား ကွာခြားတယ်လို့ မခံစားရသလိုပါပဲ... ရောက်ပြီး တစ်ပတ်လောက်အတွင်းမှာ ပတ်၀န်းကျင်သစ်နဲ့ နေသားတကျ ရှိသွားပါတယ်...

တိုင်းပြည်က သေးသေး၊ လူက များများ၊ မြေနေရာကျဉ်းတော့ တိုက်အမြင့်ကြီးတွေ ဆောက်ထားရတဲ့ အတွက် ရုတ်တရက်ကြည့်ရင် ဟုတ်သလိုလိုရှိပေမဲ့ ကျွန်တော်ကတော့ အမိမြေက ခပ်ရိုးရိုး နှစ်ထပ်အိမ်လေးကိုပဲ လွမ်းဆွတ်မိပါတယ်...

နေရတဲ့ အခန်းက သေးသေး၊ ကုတင် ၃ လုံး ရအောင်ထည့်ထားတော့ နေရာလွတ်က သိပ်မရှိ၊ အဲကွန်းက (စရိတ်ချွေတာရေးအတွက်) မရတော့ လေမတိုက်တဲ့ ညတွေမှာ နှစ်ထပ်အိမ်လေးကို ပြန်သတိရမိရင်း အိမ်က ယူလာတဲ့ ကောက်ရိုးယပ်တောင်လေးကို တဖျတ်ဖျတ်ခတ်ရင်း ဖြတ်သန်းရတာလည်း ကြာတော့ အကျင့်တစ်ခုလို ဖြစ်သွားပါပြီ...
(အဲဒီအခန်းကျဉ်းလေးမှာ အိပ်ရဖို့ အတွက် တစ်ညကို စလုံး ၁၂ ဒေါ်လာဖိုး မဖြစ်မနေသုံးရတာမို့ တန်ဖိုးတော့ မသေးလှပါဘူး...)

ပတ်၀န်းကျင်မှာ သဘောကျစရာတွေလည်း ရှိပါတယ်...

နေ့စဉ် အိမ်ကနေ အလုပ်ကိုသွားတဲ့အခါ ဖြတ်သွားတဲ့ လမ်းတစ်လျောက်မှာ - 
ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်တဲ့ အဖိုးကြီး၊ အဖွားကြီး၊ လူကြီးပိုင်းတွေ...
ကိုယ့်လိုပဲ အလုပ်သွားဖို့ အိမ်က ထွက်လာတဲ့ နိုင်ငံစုံ၊ လူမျိုးစုံသော လူငယ်လူရွယ်တွေ...
ပန်းခြံထဲမှာ တံမျက်စည်းလှဲ၊ သန့်ရှင်းရေးလုပ်နေတဲ့ ၀န်ထမ်းတွေ...
ကျောင်း၀တ်စုံတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ... စတဲ့ စတဲ့ သူတွေနဲ့ အမြဲ အချိန်မှန်မှန်တွေ့လေ့ရှိပါတယ်...
ကြာလာတော့ သူတို့တွေထဲက အချို့လူတွေနဲ့ မျက်မှန်းတမ်းမိလာ၊ ပြုံးပြနှုတ်ဆက်တာ တွေရှိလာပါတယ်...
ကျွန်တော့်ရဲ့ မိတ်ဆွေသစ်လေးတွေထဲမှာ ကလေးငယ်တွေလည်း ပါသေးတယ်...
အမြဲတမ်းဈေး၀ယ်နေကြဆိုင်တွေက အရောင်း၀န်ထမ်းတွေ၊ စားနေကြ ထမင်းဆိုင်တွေက ဆိုင်ရှင်တွေ၊ ၀န်ထမ်းတွေကလည်း မိတ်ဆွေသစ်တွေပါပဲ...
ရထားပေါ်မှာ အချိန်မှန်တွေ့နေကြသူတွေနဲ့လည်း ကြာတော့ - စကားမပြောဖြစ်ပေမဲ့ အတော်လေး မျက်မှန်းတမ်းမိ၊ မှတ်မိလာပါတယ်...

သတိထားမိတာ နောက်တစ်ခုကတော့ ရထား ရှေ့ဆုံးတွဲမှာ အမြဲတမ်းတွေ့ရတဲ့သူတွေက - အမြဲတမ်း ရှေ့ဆုံးတွဲမှာပဲ စီးတတ်တဲ့သူတွေဖြစ်နေတာပါပဲ... နောက်ဆုံးတွဲလဲ ဒီလိုပါပဲ...
နိုင်ငံစုံက လူပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနဲ့ နေသားကျနေပြီဖြစ်တဲ့ ဒီကလူတွေမှာ - (ကျွန်တော်တွေ့ရတဲ့သူတွေကပဲ ကောင်းနေတာလားတော့ မသိပါ) နိုင်ငံခြားသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ခင်မင်ဖို့၊ ပြုံးပြနှုတ်ဆက်ဖို့ အရမ်း၀န်လေးတာမျိုး သိပ်မတွေ့ရပါဘူး...

နောက်ထပ် သဘောကျမိတာတစ်ခုကတော့ မောင်းနေတဲ့ ကားတွေပါ... ဒီက ကားမောင်းတဲ့သူ အများစုက လမ်းဖြတ်ကူးတဲ့သူတွေ၊ အထူးသဖြင့် မျဉ်းကျားလိုနေရာတွေက ဖြတ်နေတဲ့သူတွေကို ဂရုတစိုက်နဲ့ အရှိန်လျော့ပေး၊ ရပ်ပေးတာ မျဉ်းကျားမရောက်ခင်ကတဲက အရှိန်လျော့မောင်းတာမျိုးတွေ အများဆုံးတွေ့ရပါတယ်...

သူတို့တွေကို တွေ့တော့ - မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရမိပါတယ်.. အဲဒီ သူငယ်ချင်းမှာလည်း ဒီလို အကျင့်ကောင်းတွေရှိပါတယ်... သူက ကားမောင်းရင် အလွန်ကို စိတ်ရှည်ပြီး လမ်းလျောက်နေတဲ့သူတွေ၊ လမ်းဖြတ်ကူးတဲ့သူတွေကိုလည်း အလွန်ပဲ ဦးစားပေးတတ်ပါတယ်...
“ကားပေါ်က လူက လမ်းပေါ်ကလူထက် ခရီးတစ်ခုကို ပိုပြီး အမြန်ရောက်ဖို့ လွယ်တယ်... သူတို့ကို ဦးစားပေးလိုက်ရလို့ ကိုယ့်မှာလည်း အများကြီး နောက်ကျမသွားပါဘူး” ဒါက သူ့ခံယူချက်ပါ..
“ကားမောင်းတဲ့သူတွေအားလုံး မင်းလိုပဲ ခံယူထားကြမယ်ဆိုရင် အရမ်းကောင်းမှာပဲ” လို့ ကျွန်တော်က စကားစပ်မိတိုင်း သူ့ကို ပြောလေ့ရှိပါတယ်...

နောက်တစ်ခုကတော့ ဘာသာရေးပါ...
ဒီကို ရောက်လာတဲ့ ဗုဒ္ဓဘာသာ မြန်မာလူငယ်တိုင်းဟာ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့ သူတွေများပါတယ် -
လူငယ်တော်တော်များများဟာ စိတ်အေးချမ်းမှုတစ်ခု၊ စိတ်ထွက်ပေါက်တစ်ခု ရဖို့အတွက် ဘာသာတရားဘက်ကို အချိန်ပေးကြတာ ၀မ်းသာစရာ တွေ့ရပါတယ်...
ကျန်တဲ့နေရာတွေမှာ ဘယ်လိုလဲ မသိပေမဲ့ ကျွန်တော် အမြဲသွားလေ့ရှိတဲ့ တိုပါးယိုးက မြန်မာဘုန်းကြီးကျောင်းမှာတော့ - အပတ်စဉ် စနေနေ့ ညနေတိုင်းမှာ - တရားပွဲရှိပါတယ်... ပြီးတော့ “ဓမ္မစကြာ” ရွတ်ကြပါတယ်...
ဒီမှာ နေတဲ့ မြန်မာကလေးငယ်တွေအတွက် “အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း” “မြန်မာစာပေ အရေးအဖတ်” သင်တန်းတွေ ရှိပါတယ်...
အပတ်စဉ် တရားပွဲ တွေရှိတာ သုံးလေးလ လောက်ပဲ ရှိပါသေးတယ် စနေနေ့ညနေတိုင်း ၆ ၃၀ နာရီမှာ စပါတယ်... အများအားဖြင့် ကျောင်းမှာရှိတဲ့ ဘုန်းတော်ကြီးတွေက တရားဟောလေ့ရှိပြီး ...
အခါအားလျော်စွာ “ဓမ္မဒူတ အရှင်ဆေကိန္ဒ” ဆရာတော်၊ “မေတ္တာရှင် ရွှေပြည်သာ” ဆရာတော်စတဲ့ ဆရာတော်တွေ အပါအ၀င် အခြားဆရာတော်တွေလည်း အထူးတရားပွဲများအနေနဲ့ ရောက်တဲ့ အချိန်၊ ရတဲ့ အချိန်လေးမှာ တရားတော်တွေ ဟောကြားလေ့ ရှိကြပါတယ်...

  • ဗုဒ္ဓဘာသာ၀င်တစ်ယောက် အတွက် မဖြစ်မနေ သိသင့်သိထိုက်တဲ့ အခြေခံလိုအပ်ချက်တွေ..
  • ဗုဒ္ဓဘာသာ၀င်ကောင်းတစ်ယောက် အတွက် မဖြစ်မနေလိုက်နာ ကျင့်သုံးရမယ့် အဆုံးအမတွေ...
  • ဘ၀မှာ အဆင်ပြေပြေနေထိုင်နိုင်အောင် ကြီးပွားတိုးတက်အောင် ဆောင်ရွက်ရမယ့် တရားတွေ...

စတဲ့ စတဲ့ အဖိုးတန်တရားတော်တွေကို ဒီရောက်တော့ အပတ်စဉ် နာဖြစ်နေတာက ကျွန်တော့်အတွက်တော့ အများကြီး တန်ဘိုးရှိလှပါတယ်...

တရားပွဲရှိတဲ့ သတင်းတွေကို အချိန်မှီသိကြရအောင် ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို SMS ပို့ပေး၊ အသိပေးတတ်ကြတာကလည်း ဒီမှာ ရောက်နေတဲ့ မြန်မာ ညီအကို မောင်နှမတွေရဲ့ ချစ်စရာ အကျင့်ကောင်းလေး တစ်ခုပါပဲ...

Add new comment

Featured Articles