ဒီလတော့ မမျှော်လင့်ဘဲ MyanmarLanguage.org အတွက် Community Website တစ်ခုကို Drupal နဲ့ တည်ဆောက် ပေးနိုင်ခဲ့ပါတယ်။ အလုပ်တွေ အရမ်းများနေတဲ့ ကြားက Website Development နဲ့ Web Hosting နှစ်ခုလုံးကို Volunteer အဖြစ် တာ၀န်ယူပေးခဲ့တာပါ။ လိုအပ်ချက်လေးတွေ ရှိနေသေးပေမယ့် လက်ရှိလုပ်ပြီးသမျှနဲ့ ရှေ့ဆက် ဆောင်ရွက်သွားမယ့် Feature တွေအတွက် စိတ်ထဲမှာလည်း အတော်လေး အားရကျေနပ်မိပါတယ်။
မြန်မာဘာသာစကား၊ Unicode, Font, Translation, Localization စတာတွေနဲ့ ပတ်သက်လို့ မြန်မာအိုင်တီပညာရှင်များ အင်တာနက်ပေါ်မှာ စိတ်၀င်တစား ဆွေးနွေးငြင်းခုန် (Brain Stroming) လာခဲ့တာ အတော်ကြာပါပြီ။ ကျွန်တော်လည်း မြန်မာလူမျိုးတစ်ယောက် ဖြစ်တာမို့ ကိုယ့်ဘာသာစကားနဲ့ ပတ်သက်တဲ့ အချင်းအရာတွေကို စိတ်၀င်စားခဲ့တာပါ။ ဒါပေမယ့် ဘာသာပြန်ဆိုခြင်း (Translation) နဲ့ ဒေသန္တရသုံးရန် ပြုလုပ်ခြင်း (Localization) လောက်ကလွဲရင် ကျန်တာတွေကို သိပ်လက်လှမ်းမမှီတာမို့ သူများတွေ ဆွေးနွေးနေတာကို ဘေးကနေပဲ အသာရပ်ကြည့်နေခဲ့ပါတယ်။
18 SEPT 2010 - စနေနေ့ - အင်းလေး စားသောက်ဆိုင်မှာ Singapore က MITP member များ တွေ့ဆုံပွဲလေး လုပ်ဖြစ်တော့ လုံး၀အစီအစဉ် မရှိဘဲ ရောက်သွားဖြစ်ပါတယ်။ စရောက်တော့ MysteryZillion မှာ သိနေတဲ့ ကိုသာသာ တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေက တစ်ယောက်မှ ကျွန်တော်နဲ့မသိပါဘူး။ သူတို့ထဲက အတော်များများကိုတော့ MITP ကျေးဇူးနဲ့ ကျွန်တော်က သိနေပါတယ်။ ကိုဂျွန်မိုး၊ Lionslayer, Seth တို့ကိုတော့ ချက်ချင်းမှတ်မိပါတယ်။ သူတို့ကတော့ ကျွန်တော့်ကို မသိပါဘူး။ အင်းလေးကို ရောက်တော့ ညနေလေးနာရီထိုးနေပါပြီ။ အားလုံးက Unicode, Zawgyi, Character Encoding စတာတွေကို အားတက်သရော ေ၀ဖန်ဆွေးနွေးနေကြတာပါ။ ကျွန်တော်ကတော့ အပေါ်မှာ ပြောခဲ့သလို ကိုယ်နဲ့ နည်းနည်းအလှမ်းေ၀းတဲ့ ဘာသာရပ်တွေ ဖြစ်တာမို့ အသာ နားထောင်နေလိုက်ပါတယ်။ “ငါ ဘာမှ Contribute မလုပ်နိုင်ပါလား” ဆိုပြီး စိတ်မကောင်းလည်း ဖြစ်နေမိသေးရဲ့။
ဆွေးနွေးတိုင်ပင်ရင်း ၀က်ဘ်ဆိုက်တစ်ခုလည်း တည်ဆောက်မှ အဆင်ပြေမယ်။
အတွက် အင်တာနက်ပေါ်မှာ နေရာလိုအပ်တယ်။ အဲဒီအတွက် Domain Name ကတော့ ကိုထွန်း (ကိုထွန်းသူရသက်) ဆီမှာ အဆင်သင့် ရှိပြီးသား Web Hosting နဲ့ Website Development, Website Management & Maintenance တွေအတွက် ဘယ်သူတာ၀န်ယူမလဲ ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။
ရေရှည်သွားရမယ့် ကိစ္စမို့ အလွယ်တကူ ဆုံးဖြတ်လို့ မဖြစ်တဲ့ ကိစ္စပါ။ တိုက်ဆိုင်ချင်တော့ ကျွန်တော့်မှာ Hosting တစ်ခု သီးခြား အဆင်သင့် ရှိနေတာမို့ Website ကိစ္စကို ကျွန်တော် တာ၀န်ယူ နိုင်တဲ့အကြောင်း ချက်ချင်းပဲ အဖြေပေးလိုက်ပါတယ်။ အားလုံးလည်း အတော်လေး အံ့သြ၀မ်းသာသွားတဲ့ ပုံပါ။ ကျွန်တော်လည်း မမျှော်လင့်ပဲ ကိုယ်တတ်နိုင်တဲ့ ထောင့်လေးတစ်ခု ကနေ ပါ၀င်ခွင့်ရတာမို့ ပျော်သွားမိပါတယ်။
Website နဲ့ပတ်သက်ပြီး တာ၀န်မယ်ဆိုတော့ အားလုံးအနေနဲ့ ပထမဆုံးသိချင်ကြတာက ဘာနဲ့လုပ်မလဲ ဆိုတာပါ။ ကျွန်တော့်မှာ WordPress (+BuddyPress), Drupal နဲ့ဆိုင်တဲ့ အတွေ့အကြုံတွေ အတန်အသင့် ရှိနေတဲ့အတွက် WordPress နဲ့ Drupal ကြိုက်တာနဲ့လုပ်လို့ ရတယ်ဆိုတဲ့ အကြောင်းနဲ့၊ ကျွန်တော်ကတော့ Drupal ကိုပိုသဘောကျတဲ့ အကြောင်း ပြောလိုက်ပါတယ်။
WordPress က Blogging Engine ကို အဓိကဦးစားပေး တည်ဆောက်ထားတာ ဖြစ်ပြီး Community တစ်ခု တည်ဆောက်ဖို့အတွက်ဆိုရင် (BuddyPress နဲ့တွဲသုံးတာတောင်) လိုအပ်ချက်တွေ ရှိနေသေးတဲ့ အကြောင်းလည်း ကျွန်တော်ရဲ့ အမြင်ကို ပြောပြလိုက်ပါတယ်။ Drupal နဲ့ ဆိုရင်တော့ Drupal Core, View နဲ့ CCK ကို အသုံးပြုလိုက်တာနဲ့ ကျွန်တော်တို့ လိုအပ်တဲ့ Custom Content Type ပေါင်းများစွာကို အလွယ်တကူ ဖန်တီးနိုင်တဲ့အကြောင်းနဲ့ Member, Contributor စတဲ့ User Level အမျိုးအမျိုးအတွက်လည်း Permission အမျိုးမျိုးပေးထားနိုင်တဲ့ အကြောင်း ပြောဖြစ်ပါတယ်။ နောက်ဆုံး အားလုံးက Drupal နဲ့သွားကြဖို့ အတည်ပြု ပေးလိုက်ကြပါတယ်။ (ဒီနေရာမှာ စိတ်၀င်စားစရာ တစ်ခုက Joomla ကို ဘယ်သူမှ သုံးဖို့ စိတ်မ၀င်စားတာပါပဲ။)
အဲဒီညက အိမ်ပြန်ရောက်တော့ ကိုထွန်းနဲ့ ဆက်သွယ်ပြီး DNS, Hosting Configuration တွေလုပ်ပါတယ်။ Drupal ကို နောက်ဆုံးဗားရှင်း တင်ပြီး ဆိုက်ကို Setup လုပ်ပါတယ်။ အဖွဲ့၀င်တွေနဲ့ အီးမေးလ်ထဲမှာ အပြန်အလှန်ဆက်သွယ်ပြီး လိုအပ်ချက်တွေ ညှိကြပါတယ်။ ယခင်ရှိနှင့်တဲ့ MyanmarLanguage ဆိုက်ရဲ့ Theme ကျွန်တော့်မှာ Customize လုပ်ပြီးသား Drupal Theme တစ်ခုနဲ့ အတော်လေးနီးစပ်တဲ့အတွက် တူအောင် ပြင်ဆင်ပြီး သုံးလိုက်ပါတယ်။ အားလုံးကလည်း ၀ိုင်းပြီး လိုအပ်ချက်တွေ ထောက်ပြ ပြင်ဆင်ပေးကြပါတယ်။
Member Registration အတွက် အီးမေးလ်မထွက်တဲ့ ပြဿနာကို ဖြေရှင်းရင်း နောက်ဆုံး အဆင်ပြေသွားတော့ 19 ရက်နေ့ မနက် 5 နာရီလောက် ဖြစ်နေပါပြီ။ ဆိုက်လည်း အကြမ်းဖျင်း ရုပ်လုံး ပေါ်သွားပါပြီ။ ပိုက်ဆံတပြားမှ မရတဲ့အပြင်၊ ကိုယ့်ရဲ့ Hosting လည်းစိုက်၊ လူလည်းပင်ပန်းပေမယ့် စိတ်က အများအတွက် တစ်ခုခုလုပ်ပေးလိုက်ရလို့ ရွှင်လန်းနေတဲ့အတွက် ပင်ပန်းတယ်လို့တောင် မထင်မိပါဘူး။ ဒီလိုအရသာမျိုးက ပိုက်ဆံနဲ့ ၀ယ်ယူလို့လည်း မရပါဘူး။
MyanmarLanguage.org ၀က်ဘ်ဆိုက်ဟာ ကျွန်တော့်ရဲ့ ဒုတိယမြောက် Drupal website ပါ။ ပထမဆုံး Drupal site ဖြစ်တဲ့ mmshare.org ကို တည်ဆောက်တုန်းက အတော်လေး အချိန်ယူခဲ့ရ၊ လေ့လာခဲ့ရတာတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီက ရခဲ့တဲ့ အတွေ့အကြုံတွေကြောင့် အခုလို MyanmarLanguage.org ကို အမြန်ဆုံးနဲ့ အမှားအယွင်းအနည်းဆုံး ဖြစ်အောင် တည်ဆောက်နိုင်ခဲ့တာပါ။ Web Hosting ပိုကောင်းလာတာလဲ တစ်ပိုင်း ပါပါတယ်။ လုံး၀တော့ မပြီးသေးပါဘူး။ ဒါပေမယ့် သုံးလို့ ရနေပါပြီ။ ပါ၀င်တဲ့ အကြောင်းအရာတွေ Project တွေ များပြားပြည့်စုံလာတာနဲ့ အမျှ Site ရဲ့ Information Architecture ကို ပိုပြီးကောင်းအောင် လုပ်ရပါဦးမယ်။
ကျွန်တော့်အနေနဲ့ Web Hosting, Website Development တွေကို အစအဆုံး Volunteer လုပ်ပေးထားတဲ့ ဆိုက်နှစ်ခု ရှိသွားပါပြီ။ ပထမတစ်ခုက မင်းပညာဒါန နဲ့ အခု MyanmarLanguage ပါ။ နောက်ထပ်လည်း အခုလို အများအတွက် အကျိုးဖြစ်ထွန်းတဲ့ Community Website မျိုးတွေကို Drupal သို့မဟုတ် WordPress (+BuddyPress) တို့နဲ့ တည်ဆောက်ဖို့ အခွင့်အရေးများ ကြုံလာဦးမယ်ဆိုရင် အခုလိုပဲ Volunteer အဖြစ် တတ်စွမ်းသမျှ ပါ၀င်ကူညီချင်ပါသေးတယ်။
MyanmarLanguage.org - http://www.myanmarlanguage.org/
MITP SG Meetup Summary - http://www.myanmaritpro.com/forum/topics/mitp-sg-meetup-summary
Social networking ဆိုက်တစ်ခုအား Drupal ဖြင့် လွယ်ကူစွာတည်ဆောက်ခြင်း (part 1) - by - Wyne - http://www.myanmaritpro.com/profiles/blogs/social-networking-drupal
Min IT Square Group is online now for more Free IT and Language Training Classes - http://mmshare.org/node/142/
Add new comment