Living in DECIDE - Second Grid of Eisenhower Matrix

DECIDE ဖြင့် ဘဝမှာ နေထိုင်ခြင်း

အိုက်ဆင်ဟောင်ဝါ ဆုံးဖြတ်နည်း ထဲက အကွက် - ၂ (DECIDE - အရေးကြီးပြီး ပုံမှန် လုပ်သွားနိုင်ရင် အကျိုးများတဲ့ အရာတွေ) (Eisenhower Matrix) (http://fb.co/917290988333237) အကြောင်းကို လက်တွေ့ နဲ့ ယှဉ်ပြီး ပြန်ရေးထားတာလေးပါ။

ဆယ်တန်း ကျောင်းသားဘဝ

ဒီနေ့ ဆယ်တန်း စာမေးပွဲ အောင်စာရင်းတွေ ထွက်လာတော့ ကျွန်တော် ဆယ်တန်းတက်ခဲ့တဲ့ နှစ်ကို ပြန်သတိရတယ်။ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်တာရယ်၊ နောက်တစ်ခါ ပြန်မရနိုင်တဲ့ နှစ်တစ်နှစ် ဆိုတာရယ်ကို လက်ခံပြီး နှစ်စ ကတဲက ပုံမှန် ကြိုးစားခဲ့တယ်။

အဲဒီတုန်းက ကျွန်တော့် အတွေးက ရှင်းရှင်းလေးပါ။

ဆယ်တန်း စာမေးပွဲဆိုတာ ဒီစာအုပ်ထဲက စာတွေကိုပဲ သေချာ နားလည်/မလည် နည်းမျိုးစုံနဲ့ လှည့်ပတ်မေးတာ ဖြစ်လို့၊ သေချာ ပြင်ဆင်လေ့လာမယ် ဆရာ/ဆရာမ တွေရဲ့ သင်ကြားမှုကို လိုက်နာမယ် ကိုယ့်ဘက်ကလည်း ပုံမှန် လုပ်သွားမယ်ဆိုရင် အေးဆေး အောင်ကို အောင်ရမယ်။ ဖြစ်ချင်တဲ့ အင်ဂျင်နီယာလည်း ဖြစ်နိုင်တယ်။ ဂုဏ်ထူး ပါတာ မပါတာကတော့ ကုသိုလ်ကံပဲ လို့ တွေးထား ပါတယ်။

နေရတဲ့ အရပ်က၊ ကျောင်းမှာ စာသင်တဲ့ ဆရာ/ဆရာမ တွေကလွဲရင် တခြား ဘာမှ အားကိုးစရာ မရှိတဲ့ နေရာမှာ နေခဲ့ရတာမို့ ဆရာတွေ သင်သမျှ အားလုံးကို နှစ်စ ကတဲက သေချာလေ့လာတယ်။ အများကြီး မဟုတ်ပါဘူး။ ညဘက် ၂ နာရီ မနက်စောစော ၂ နာရီ လောက်ပါပဲ။ သောကြာနေည့တွေ ခဏတဖြုတ် ဗီဒီယို ကြည့်တာတွေ ရှိပေမယ့် စနေ တနင်္ဂနွေနေ့တွေမှာ မနားဘဲ ပုံမှန် ဆက်လုပ်ပါတယ်။

နောက်ထပ် ကံကောင်း သွားတဲ့ တစ်ချက်က ဘယ်တုန်းကမှ ဆရာ မလုံလောက်တဲ့ ကျောင်းလေးက အဲဒီနှစ်မှာ ဆယ်တန်း အတွက် ဆရာအင်အား အတော်လုံလောက် နေတာပါပဲ။ ငယ်တုန်းက ဆရာပေါင်းစုံရဲ့ ကျေးဇူးကြောင့် အခုလို အဆင့်မြင့် ဘာသာရပ်တွေကို လေ့လာတဲ့ နေရာမှာ အဆင်ပြေနေ ခဲ့တာပါ။

ငယ်တုန်းက ဆရာတွေ အားလုံးရဲ့ ကျေးဇူးကို မေ့လို့ မရပါဘူး။

အောင်စာရင်း ထွက်တော့ အင်ဂျင်နီယာ အမှတ်မီတယ်။ သချင်္ာနဲ့ သိပ္ပံ ဂုဏ်ထူး ရပါတယ်။

တကယ်တော့ ဆယ်တန်း စာမေးပွဲ ဆိုတာ ၃ နာရီလောက်နဲ့ အဆုံးအဖြတ် ပေးတာ မဟုတ်ပါဘူး။ စာသင်နှစ် တစ်နှစ်လုံး အတွက် ကျောင်းသား ကျောင်းသူတွေမှာ တူညီတဲ့ အခွင့်အရေး ရခဲ့ ပြီးသားပါ။ ပုံမှန် ကြိုးစားလာတဲ့သူနဲ့ နီးမှ ကပ်ပြီး တပွဲတိုး လုပ်တတ်တဲ့သူတွေ စပေါ့လိုက်တဲ့ သူတွေကြောင့် တလွဲတွေ ဖြစ်လာတယ် ထင်တာပါပဲ။

အင်ဂျင်နီယာ ကျောင်းသားဘဝ

ကျေုာင်းတက်ရင်း မမျှော်လင့်ဘဲ ကိုယ့်ကိုယ်ကို သိလိုက်တာက ကိုယ်ရလိုက်တဲ့ အထူးပြုဘာသာ Electronics ထက်၊ Programming နဲ့ Software Engineering ကို ပိုပြီး စိတ်ဝင်စား နေတာပါ။

အဲဒီတုန်းကလည်း English လိုရေးထားတဲ့ အိုင်တီ စာအုပ်တွေ ရသမျှ ရှာပြီး အားတဲ့ အချိန်တွေမှာ လေ့လာခဲ့တာကို အခုထိ အမှတ်ထင်ထင် ဖြစ်နေတုန်းပါ။ လုပ်ငန်းခွင် ဘဝ ကျောင်းပြီးလို့ အလုပ်ဝင်တော့လည်း အိုင်တီနဲ့ ဆိုင်တာတွေကို အချိန်ရသမျှ လေ့လာတာကို မရပ်ခဲ့ပါဘူး။ လေ့လာတဲ့ အပြင် တတ်အားသမျှလည်း သင်တန်းတွေ ပေးပြီး ဖြန့်ဝေခဲ့ပါသေးတယ်။

အဲဒါကြောင့်လည်း အခုအချိန်မှာ အိုင်တီနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုနေနိုင်တဲ့ အထိ အကျိုးများခဲ့တာ ဖြစ်ပါလိမ့်မယ်။

(အဲဒီ အကြောင်းကို မြန်မာကျုတိုရီရယ် website ရှိတုန်းက ကိုသီဟက အင်တာဗျုးလို့ ထည့်ပြောခဲ့ပါသေးတယ်။ အင်တာဗျုးခဲ့တဲ့ ကိုသီဟနဲ့ ပုံနှိပ်စာလုံး ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ ကျွန်ပျူတာဂျာနယ် ကိုလည်း အထူးကျေးဇူးတင်ပါတယ်။)

DECIDE - အရေးကြီးပြီး ပုံမှန် လုပ်သွားနိုင်ရင် အကျိုးများတဲ့ အရာတွေ

အခု ပြန်တွေးကြည့်တော့ ဆယ်တန်းတုန်းက ၁ နေ့ ၄ နာရီ = တစ်ပတ်မှာ ၂၈ နာရီ (သို့) တစ်နေ့တာလောက် စာလုပ်ဖြစ်ခဲ့တာပါ။

နေ့တိုင်း မနက် ၂ နာရီ ည ၂ နာရီ စာလုပ်သွားတာ သိပ်မပင်ပန်းပေမယ့် တစ်နေကုန် ၂၄ နာရီလုံး စာထိုင်လုပ်ရင်တော့ ၂၄ နာရီကုန်တာခြင်း တူပေမယ့် ရလာဒ်ခြင်း မတူတာ အသေအခြာပါပဲ။ စာမေးပွဲနဲ့ ၃ လလောက် အလိုမှာ တစ်နေ့ကို ၆ နာရီလောက် ရအောင် စာလုပ်ဖြစ်တယ်။ အဲဒါလေး တစ်ခုပဲ ပိုသွားတာပါ။

အခုထိလည်း လေ့လာဆည်းပူးမှုတွေက ရပ်လို့ မရသေးပါဘူး။ ကိုယ်တိုင် လေ့လာရုံတင်မက နီးစပ်ရာ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက် တွေကိုပါ နေ့စဉ် တစ်ခုခုကို ပုံမှန်လေ့လာဖို့၊ အခုလို အချိန်ရှားပါး အလုပ်တွေ တာဝန် ယူစရာတွေ ပိုများလာတဲ့ အနေအထားမှာ ငါးမိနစ်စာ ဆယ်မိနစ်စာလေး တွေကို အသုံးချဖို့ အမြဲတမ်း တိုက်တွန်းလေ့ ရှိပါတယ်။

တကယ်တော့ ဦးနှောက်က အကြောင်းအရာ တစ်ခုကို တစ်ကြိမ်ထဲ လက်မခံ နိုင်ပါဘူး။ ဒါပေမယ့် နဲနဲလေးကို ခဏခဏ ထည့်ပေးမယ် ဆိုရင်တော့ အကြာကြီး မှတ်မိပါတယ်။ ပြန်အသုံးချရတာလည်း ပိုလွယ်ပါတယ်။

DECIDE First, ACT Regularly

ဘဝမှာ လူတိုင်းအတွက် တကယ် အသုံးဝင်တဲ့ အကျိုးများတဲ့ အရာတွေက ချက်ချင်း ထလုပ်လို့ အကောင်အထည် ပေါ်လာတဲ့ အရာတွေ မဟုတ်ပါဘူး။ အဲဒီ အရာတွေမှာ - ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး အားလုံး ပါ ပါတယ်။

ဥပမာ - လူတစ်ယောက် အဝ လွန်တာက ချက်ချင်း ဖြစ်လာတာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အနေအထိုင် အစားအသောက်နဲ့ ဆိုင်တဲ့ အသေးအမွှားလေးတွေကို ဂရုမစိုက်ဘဲ နေခဲ့ရာက ဖြစ်လာတာပါ။ တရား ဘာဝနာ အလုပ်လည်း အဲလိုပါပဲ၊ တစ်နေ့ ၅ မိနစ် တရားထိုင်တာနဲ့ တစ်ပတ်ကြာတဲ့ အခါမှာ ၃၅ မိနစ် ပေါင်းပြီး တရားထိုင်တာ မိနစ်အရ တူညီပေမယ့် ရလာဒ်ခြင်း မတူပါဘူး။ တစ်နေ့ ၁ ဒေါ်လာလှူတာလို့ ကုန်တာ လက်မတွန့် ပေမယ့် လကုန်ရက်မှာ ၃၀ ဒေါ်လာ လှူဖို့ ဆို တွန့်တတ်ပါတယ်။ လူမှုရေးမှာလည်း လူနှစ်ယောက် ခင်မင်ရင်နှီးဖို့ အချိ်န်တွေယူရ၊ ယုံကြည်မှုတွေ တည်ဆောက်ရ အပြန်အလှန် ကာလရှည်ကြာ စေတနာ မေတ္တာထားရ တာပါ။ ပညာရေးမှာလည်း ဘာသာရပ် တစ်ခုကို တစ်ထိုင်တည်း လေ့လာလို့ မရပါဘူး၊ ပုံမှန် အချိန်ပေး လေ့လာ လေ့ကျင့်ဖို့ လိုပါတယ်။

လတ်တလော hot ဖြစ်နေတဲ့ မြန်မာ ဘောလုံး အသင်းတွေရဲ့ အောင်မြင်မှုကလည်း အဲလိုပါပဲ။ နေ့ချင်း ညချင်း ရလာတဲ့ စွမ်းဆောင်ရည်တွေ မဟုတ်ပါဘူး။ လိုချင်တာကို ရဖို့ ပုံမှန် ကြိုးစား အားထုတ် လေ့ကျင့်လာတဲ့ ရလာဒ်တွေပါ။

ဘဝမှာ အရေးကြီးတာတွေကို လုပ်တဲ့အခါ ကိုယ်လိုချင်တာကို မှန်မှန်ကန်ကန် ရှာဖွေဆုံးဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။ (Decide Important Goal First)

အဲလို ဆုံးဖြတ် ပြီးရင်တော့ ဘယ်လို လုပ်မယ် ဆိုတဲ့ အစီအစဉ်ချပြီး ပုံမှန် လုပ်သွားဖို့ (Act Regularly) က ပိုပြီး အရေးကြီးပါတယ်။

ဖြစ်ချင်တာ လိုချင်တာတွေကို DECIDE အကွက်ထဲမှာ ထည့်ပြီး နေ့စဉ် နဲနဲစီ ပုံမှန် လုပ်ကြည့်ပါ။ ၃ လလောက် ကြာတဲ့ အချိန်မှာ သင်ဟာ ကိုယ်လိုချင်တာကို ရဖို့ အတော်အတန် ခရီးပေါက်နေတာကို ပြန်ပြီး မြင်ရပါလိမ့်မယ်။

ညီအကို မောင်နှမများ အားလုံး ဘဝမှာ (ကောင်းရာ ကောင်းကျိုးမှန်သမျှ) ကိုယ်လိုချင်တာကို သိပြီး၊ ရအောင်လည်း ဇွဲကောင်းကောင်းနဲ့ ယူဆောင် နိုင်စွမ်း ရှိကြတဲ့ သူတွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်.... :)

မြန်မာကျူတိုရီယယ် မှ အင်တာဗျူး - http://mmshare.org/node/3446

Read Zawgyi Version on Facebook - http://fb.co/931692746893061

Tags:

Add new comment

Similar Articles

Featured Articles