Getting Started in Drupal Views 2 Module - Display, Basic, Page and Block Settings

Drupal Views module အကြောင်းကို မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက် ဆက်ပြီး ပြောပြချင်တာကတော့ Druapl 6 မှာ အသုံးပြုတဲ့ Views 2 (Views Module Version 2) အကြောင်းပါ။ Views ကို ပထမဆုံး စသုံးတဲ့ သူတစ်ယောက်အတွက်တော့ UI (User Interface) က တကယ့်ကို မျက်စိနောက်စရာ ကောင်းပါတယ်။ ရုတ်တရက် ဘယ်ကစလို့ ဘယ်မှာ အဆုံးသတ်ရမယ် ဆိုတာ မသိလောက်အောင်ကို ရွေးချယ်စရာတွေ စုံလင်များပြား ရှုပ်ထွေးတဲ့ အတွက်ပါ။

တကယ်တမ်းတော့ Views ရဲ့ UI က ကျွန်တော်တို့ ထင်တာထက် ပိုပြီး အသုံးပြုရ လွယ်ပါတယ်။ ကိုယ့်အတွက် အသုံးဝင်တဲ့ အပိုင်းကိုပဲ သုံးပြီး မလိုတဲ့အပိုင်းကို ပစ်ထားလို့ ရပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ Block, List တွေလို တနိုင်တပိုင် အစိတ်အပိုင်း ငယ်လေးတွေ စပြီး လေ့ကျင့်သွားရင်း၊ တဖြည်းဖြည်း ပိုအဆင့်မြင့်တဲ့ အစိတ်အပိုင်းတွေကို တည်ဆောက်သွားလို့ ရပါတယ်။

Basic Components of Views 2

Views 2 မှာ ပါတဲ့ အဓိက အစိတ်အပိုင်းတွေရဲ့ Overview ကို အောက်က ပုံမှာ အမှတ်စဉ်ထိုးပြီး အသေးစိတ် ရှင်းပြထားပါတယ်။ ဒီပုံမှာ Field တစ်ခုချင်းစီကို Edit လုပ်တဲ့ အခါ မြင်ရတဲ့ အနေအထား မပါသေးပါဘူး။ Drupal 7 မှာ သုံးထားတဲ့ Views 3 ဟာလည်း၊ Views 2 ကို အခြေခံထားတာ ဖြစ်တဲ့အတွက် အခုဆွေးနွေး ထားတာတွေကို လေ့လာရင် နောက်ပိုင်း Views 3 ကို လေ့လာဖို့အတွက်လည်း အခြေခံ ရသွားပါလိမ့်မယ်။

Drupal Views 2 module Display and Default Settings

Display Settings

  • 1) ကိုယ်ဖန်တီးမယ့် Views မှာ ထည့်သွင်းချင်တဲ့ page, block, views attachment, feed စတဲ့ Display တွေကို သတ်မှတ်ပေးရတဲ့ နေရာပါ။
  • 2) Defaults - Views မှာပါတဲ့ Page တွေမှာ ပါတဲ့ Field အများစုက တူညီမှု ရှိနေခဲ့ရင် Defaults ထဲမှာ အားလုံး စထည့်ထားနိုင်ပါတယ်။ ပြီးမှ သက်ဆိုင်ရာ Page အလိုက် Override လုပ်သွားရင် အလုပ်လုပ်ရတဲ့ အချိန်ကို ပိုမြန်စေပါတယ်။ တစ်ခုခုကို Update လုပ်ချင်တဲ့အခါမှာလည်း Defaults ထဲမှာ ပြင်လိုက်တာနဲ့ ကျန်တဲ့ Page တွေမှာ ပြင်ပြီးသား ဖြစ်ပါလိမ့်မယ်။
  • 3) ကိုယ် Create/Modify လုပ်ချင်တဲ့ Page တစ်ခုကို ရွေးထားတဲ့အခါ အခုလို Bold နဲ့ မြင်ရပါမယ်။ ပုံမှာတော့ Myanmar ဆိုတဲ့ page ကို နမူနာ မြင်ရပါမယ်။ အဲဒီ page ကို Browser မှာ မြင်ချင်ရင်တော့ myannet.com/country/myanmar မှာ ကြည့်နိုင်ပါတယ်။
  • 4) လိုချင်တဲ့ Display အမျိုးအစားကို ရွေးချယ်ဖို့အတွက် ဖြစ်ပါတယ်။ Default View installation မှာ Page, Feed, Block, Attachment ဆိုပြီး ရွေးစရာ Display အမျိုးအစား လေးခု ရှိပါတယ်။ Views Helper module တွေထပ်ထည့်ရင် ဒီနေရာမှာ ရွေးချယ်နိုင်တဲ့ Display အမျိုးအစားတွေ ပိုများလာပါမယ်။
  • 5) Add display ကိုယ်ရွေးထားတဲ့ Display ကို ထည့်သွင်းဖို့အတွက် Command ပါ။
  • 6) Views ကို သုံးပြီး Display တစ်ခုခု ဖန်တီးပြီးတဲ့အခါ အမှားအယွင်း ရှိမရှိ Analyze ပြန်စစ်ဖို့ သုံးပါတယ်။

Basic Settings

  • 7) လတ်တလော ဖန်တီးနေတဲ့ Display နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ဖော်ပြထားတာပါ။
  • 8) Basic Settings - ကိုယ်ဖန်တီးနေတဲ့ Display နဲ့သက်ဆိုင်တဲ့ အခြေခံ အချက်အလက်တွေကို ပြင်ဆင်ဖန်တီးဖို့ နေရာဖြစ်ပါတယ်။
  • 9) Name - Display name ကို ပြင်ဆင်ဖို့ နေရာဖြစ်ပါတယ်။ ပုံမှာ − Myanmar ဆိုတာကို မြင်ရပါလိမ့်မယ်။
  • 10) Title - Page တစ်ခုရဲ့ HTML Head အပိုင်းမှာ ပါတဲ့ <title> tag ထဲမှာ မြင်ချင်တဲ့ ခေါင်းစဉ်ကို ထည့်ပေးဖို့ ဖြစ်ပါတယ်။
  • 11) Style - ဖန်တီးနေတဲ့ page, block, attachment, feed မှာ ဖော်ပြလိုတဲ့ Style ကို ရွေးချယ် သတ်မှတ်ပေးဖို့ နေရာပါ။ ပုံမှာ GMap လို့ ရွေးထားတာ မြင်ရပါမယ်။ တကယ်လို့ ကိုယ်လိုချင်တာက Slideshow တစ်ခုဆိုရင် ဒီနေရာမှာ Slideshow ကို ​ရွေးနိုင်ပါတယ်။ သတိထားရမှာက GMap, Slideshow စတဲ့ Style တွေက default Views 2 installation မှာ မပါပါဘူး။ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် သက်ဆိုင်ရာ module ထပ်ထည့်ပေးရပါမယ်။
  • 12) Row Style - ကိုယ့်ရဲ့ Display မှာ ဖော်ပြလိုတဲ့ အချက်အလက် အမျိုးအစားကို ရွေးပေးဖို့ ဖြစ်ပါတယ်။ အများအားဖြင့် Fields နဲ့ Node ဆိုပြီး နှစ်မျိုး ရှိပါတယ်။
  • 13) Use AJAX - ကိုယ့်ရဲ့ Display မှာ AJAX ကို သုံးချင်တဲ့အခါ ​ရွေးနိုင်ပါတယ်။
  • 14) Use Pager - ကိုယ့်ရဲ့ Display မှာ Page 1, Page 2 စသည်ဖြင့် စာမျက်နှာများစွာ ပါရှိတဲ့ အခါ ​ရွေးနိုင်ပါတယ်။
  • 15) Items to display - ကိုယ့်ရဲ့ Display မှာ ဖော်ပြလိုတဲ့ Item အရေအတွက်ကို 5 ခု၊ 10 ခု၊ Unlimited စသည်ဖြင့် သတ်မှတ် ဖော်ပြလိုတဲ့အခါ ရွေးနိုင်ပါတယ်။
  • 16) Distinct - ကိုယ့်ရဲ့ Display မှာ တူတာတွေ ပါနေခဲ့ရင် တစ်ခုစီကိုပဲ ဖော်ပြဖို့ ရွေးနိုင်ပါတယ်။ တခါတရံမှာ တူတာတွေထဲက တစ်ခုစီကိုပဲ ရွေးထုတ်နေရတဲ့အတွက် Database Query လုပ်ရတဲ့ အချိန်ပိုများပြီး နှေးနိုင်ပါတယ်။ အဲဒါကြောင့် Distinct ကို သိပ်လိုအပ်မှ သုံးသင့်ပါတယ်။
  • 17) Access - ကိုယ့်ရဲ့ Display ကို ဘယ်သူတွေကို ကြည့်စေချင်တာလဲ။ လူတိုင်းကိုလား၊ Member သီးသန့်လား၊ Admin Only လား၊ ဒါမှမဟုတ် Login ဝင်နေတဲ့ ကာယကံရှင်ကိုယ်တိုင်ပဲ မြင်နိုင်တဲ့ Profile အစိတ်အပိုင်း တစ်ခုအတွက်လား... အစရှိတဲ့ Permission မျိုးစုံကို ဒီနေရာမှာ သတ်မှတ်ပေးနိုင်ပါတယ်။ Drupal နဲ့ Views ရဲ့ အစွမ်းထက်တဲ့ Feature တစ်ခုပါ။ ကျန်တဲ့ CMS တွေမှာ မရနိုင်ပါဘူး။
  • 18) Caching - ကိုယ်ဖန်တီးလိုက်တဲ့ Display ကို လာကြည့်တဲ့သူတွေ မြန်မြန် မြင်ရအောင် Cache လုပ်ထား လိုတဲ့အခါမှာ သုံးပါတယ်။ တစ်ခါ Publish လုပ်ပြီးတာနဲ့ နောက်ထပ် ပြင်စရာ မလိုတော့တဲ့ အကြောင်းအရာ များအတွက် Cache လုပ်ထားမယ်ဆိုရင် Server အတွက် အလုပ်သက်သာသလို လာကြည့်တဲ့သူတွေကလည်း ကိုယ့်ဆိုက်ရဲ့ လျင်မြန်မှုကို ခံစားရပါလိမ့်မယ်။ မိနစ်ပိုင်းကနေ နာရီပိုင်း ရက်ပိုင်းအထိ သတ်မှတ်ထားလို့ ရပါတယ်။Drupal နဲ့ Views ရဲ့ နောက်ထပ် အစွမ်းထက်တဲ့ Feature တစ်ခုပါ။ ကျန်တဲ့ CMS တွေမှာ မရနိုင်ပါဘူး။ Website တွေကို လျင်မြန်စေဖို့ နည်းလမ်းများစွာ ရှိပါတယ်။ ပိုသိချင်ရင် Developing Faster Websites with Web Performance Optimization Techniques မှာ အလွယ်တကူ လေ့လာနိုင်ပါတယ်။
  • 19) Exposed form in block - တခါတရံမှာ ကိုယ်လုပ်နေတဲ့ Page အတွက် အတိုချုပ် အချက်အလက်တွေကို ဖော်ပြထားတဲ့ Block လေးတွေ ဖန်တီးလိုတဲ့ အခါ သုံးပါတယ်။ ရည်ရွယ်ချက်က ဝက်ဘ်ဆိုက်ရဲ့ တခြားနေရာတွေမှာ အဲဒီ Block လေးတွေကို အလွယ်တကူ နေရာချထားပြီး သက်ဆိုင်တဲ့ အဓိက စာမျက်နှာကို ပြန်ချိတ်ဆက်ဖို့ပါ။ နမူနာ အနေနဲ့ သိချင်ရင် အောက်ဘက်က Drupal Tips & Tricks ဆိုတဲ့ Block နဲ့ ဘေးက Block တွေကို လေ့လာနိုင်ပါတယ်။
  • 20) Header - Display ရဲ့ Header အပိုင်းမှာ ဖော်ပြချင်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းပေးဖို့ ဖြစ်ပါတယ်။ ရိုးရိုး HTML code ကနေ PHP, JavaScript, CSS, Image စသည်ဖြင့် လိုအပ်သလို၊ စိတ်ကူးရှိသလို ထည့်နိုင်၊ သုံးနိုင်ပါတယ်။
  • 21) Footer - Display ရဲ့ Footer အပိုင်းမှာ ဖော်ပြချင်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းပေးဖို့ ဖြစ်ပါတယ်။ ရိုးရိုး HTML code ကနေ PHP, JavaScript, CSS, Image စသည်ဖြင့် လိုအပ်သလို၊ စိတ်ကူးရှိသလို ထည့်နိုင်၊ သုံးနိုင်ပါတယ်။ Drupal page တစ်ခုမှာ Header နဲ့ Footer သုံးထားတဲ့ အရိုးစင်းဆုံး နမူနာ တစ်ခုကို သိချင်ရင် Myanmar Language မှာ ရှိတဲ့ List of Myanmar Websites Using Unicode မှာ ကြည့်နိုင်ပါတယ်။
  • 22) Empty Text - အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်ရဲ့ Display မှာ ဘာမှ မဖော်ပြနိုင်တဲ့ အချိန်အခါတွေ ရှိလာတတ်ပါတယ်။ အဲဒီလို အခါမှာ Visitor/User ကို တစ်ခုခု ပြောချင်တဲ့၊ ပေးချင်တဲ့ Message အတွက် သုံးပါတယ်။ Header, Footer တွေလိုပဲ ရိုးရိုး HTML code ကနေ PHP, JavaScript, CSS, Image စသည်ဖြင့် လိုအပ်သလို၊ စိတ်ကူးရှိသလို ထည့်နိုင်၊ သုံးနိုင်ပါတယ်။
  • 23) CSS class - ကိုယ့်ရဲ့ Display မှာ သီးသန့် CSS class တစ်ခု သတ်မှတ်ပေးပြီး အပြင်အဆင်ကို စိတ်တိုင်းကျ ဖန်တီးလိုတဲ့အခါ သုံးပါတယ်။
  • 24) Theme - ကိုယ့်ရဲ့ Display အတွက် သီးသန့် Template တစ်ခု ဖန်တီးလိုတဲ့အခါ သုံးပါတယ်။ သက်ဆိုင်တဲ့ Template, Theme နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ရရှိနိုင်တဲ့ နေရာပါ။ Drupal နဲ့ Views ရဲ့ နောက်ထပ် အစွမ်းထက်တဲ့ Feature တစ်ခုပါ။ ကျန်တဲ့ CMS တွေမှာ မရနိုင်ပါဘူး။

Page/Blocck Settings

  • 25) Page settings - ဒီနေရာက ကိုယ်ရွေးထားတဲ့ Display အမျိုးအစားကို မူတည်ပြီး အပြောင်းအလဲ ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့ အခုရွေးထားတဲ့ Display က page တစ်ခု ဖြစ်နေတဲ့ အတွက် အခုမြင်နေရတာက Page settings ဖြစ်နေတာပါ။ တကယ်လို့ Block တစ်ခုကို ရွေးထားရင် ဒီနေရာမှာ Block settings လို့ မြင်ရပါမယ်။
  • 26) Path - Display က page (အင်တာနက် စာမျက်နှာ) တစ်ခု ဖြစ်နေခဲ့ရင် အဲဒီစာမျက်နှာအတွက် လမ်းကြောင်း (path) တစ်ခု သတ်မှတ်ပေးရမှာပါ။ ကိုယ်အဆင်ပြေသလို အဓိပ္ပါယ်ရှိရှိ ပေးနိုင်ပါတယ်။ ဒီဉပမာမှာ Path : country/myanmar လို့ မြင်ရမှာပါ။ ရလာတဲ့ စာမျက်နှာကို MyanNet Myanmar page မှာ ကြည့်နိုင်ပါတယ်။
  • 27) Menu - ဖန်တီးထားတဲ့ Page အတွက် menu တစ်ခု သတ်မှတ်ပေးလိုတဲ့ အခါ သုံးဖို့ ဖြစ်ပါတယ်။ သူ့မှာလည်း ရွေးချယ်စရာတွေ အမျိုးမျိုး ရှိပါတယ်။ Drupal နဲ့ Views ရဲ့ နောက်ထပ် အစွမ်းထက်တဲ့ Feature တစ်ခုပါ။ ကျန်တဲ့ CMS တွေမှာ မရနိုင်ပါဘူး။

အခု ဝေမျှသွားတဲ့ အချက်တွေက Drupal Views 2 module UI ရဲ့ အခြေခံ အကျဆုံး အချက်တွေ ဖြစ်ပါတယ်။ လက်တွေ့လုပ်ကြည့်ဖူးသူတွေ သုံးနေသူတွေ အတွက်တော့ သိပ်မထူးဆန်းပေမယ့် Views module ကို အခုမှ စလေ့လာမယ့် သူတွေအတွက်တော့ အထောက်အကူ ရစေမှာ သေချာပါတယ်။ Views 2 UI ရဲ့ ကျန်တဲ့ အစိတ်အပိုင်းများကိုလည်း ဆက်ပြီး ဝေမျှသွားမှာပါ။ သိချင်တာ၊ မရှင်းတာတွေ ရှိခဲ့ရင်လည်း Comment ကနေဖြစ်စေ အီးမေးလ်ကနေ ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Ref
- http://drupal.org/project/views
- http://myannet.com/country/myanmar

Add new comment

Similar Articles

Featured Articles