၀က်ဘ်ဆိုက်တစ်ခု တည်ဆောက်ဖို့အတွက် နည်းလမ်းများစွာ ရှိပါတယ်။ သာမန် စာမျက်နှာ လေးငါးခုလောက်ပဲ ပါတဲ့ ၀က်ဘ်ဆိုက်လေးကနေ စာမျက်နှာပေါင်း ထောင်ချီပါတဲ့ ဆိုက်တွေအထိ အရွယ်အစားလည်း များစွာ ရှိပါတယ်။ ရိုးစင်းလွယ်ကူတဲ့ ဆိုက်အသေးလေးတွေ အတွက် HTML, CSS လောက်နဲ့ အစအဆုံးကိုယ်တိုင် ရေးရတာ ပြဿနာ မရှိပေမယ့် User Level အမျိုးမျိုး၊ Business Requirement အမျိုးမျိုးနဲ့ Business Functions များစွာပါလာတဲ့ ၀က်ဘ်ဆိုက်မျိုးတွေ တည်ဆောက်ရတော့မယ် ဆိုရင်တော့ Content Management Systems (CMS) တွေဟာ ၀က်ဘ်ဆိုက် တည်ဆောက်ရေး ကိရိယာ (Web Development Toosl) တွေ အဖြစ် အသုံး၀င်လာပါပြီ။ ဒီဆောင်းပါးမှာတော့ CMS software တစ်ခုဖြစ်တဲ့ Drupal 7 ရဲ့ Feature တွေအကြောင်း အကြမ်းဖျင်း ပြောပြချင်ပါတယ်။
အများသူငါ အသုံးပြုနိုင်တဲ့ (Internet Website) ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ဖြစ်၊ မိမိရဲ့ ကုမ္ပဏီ အဖွဲ့အစည်း တစ်ခုအတွင်းသုံးဖို့ (Intranet Website) ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ဖြစ် ကိုယ်တိုင် ပရိုဂရမ်တစ်ကြောင်းမှ ရေးဖို့မလိုဘဲ Drupal နဲ့ တည်ဆောက်လို့ ရပါတယ်။ (ဒါက CMS အားလုံးမှာ အတူတူပါပဲ။) ဒါပေမယ့် တစ်ကြိမ် Install လုပ်ထားပြီးတာနဲ့ နောက်ထပ် ၀က်ဘ်ဆိုက်ပေါင်း များစွာကို ဆက်ပြီးတည်ဆောက်လို့ရတဲ့ (Multi-site Feature) ကတော့ Drupal ရဲ့ အစွမ်းထက်လှတဲ့ စွမ်းဆောင်ရည် တစ်ခုပါပဲ။ ဒါတင်မကပါဘူး Online news paper, Online Magazine, Community, CRM, Social Network, Educational Websites စတဲ့ ၀က်ဘ်ဆိုက် အမျိုးအစားများစွာကို အလွယ်တကူ တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ Drupal Core နဲ့ Module တွေကို အဆင်သင့် စုစည်းပြီးပေးထားတဲ့ Installation Profiles တွေကလည်း အဆင့်သင့် ရွေးချယ် အသုံးပြုရုံပါပဲ။
၀က်ဘ်ဆိုက် အမျိုးမျိုး၊ စီးပွားရေးလုပ်ငန်း အမျိုးမျိုးမှာ ရည်ရွယ်ချက် အမျိုးမျိုး ရှိကြတဲ့အတွက် အထဲမှာ အသုံးပြုထားတဲ့ Content Type တွေကလည်း ဆိုက်တစ်ခုနဲ့ တစ်ခု မတူပါဘူး။ ဥပမာ တစ်ခုပြရမယ်ဆိုရင် MyanmarLanguage.org မှာ Notes, Articles, Projects, Unicode, Tools, Scholarship Programs, Scholarship Applications စသည်ဖြင့် Content Type တွေ အမျိုးအစား များစွာပါရှိပါတယ်။ တစ်ခုနဲ့ တစ်ခု တူတဲ့ အပိုင်းတွေ ရှိသလို မတူတဲ့ အပိုင်းတွေ၊ လုံး၀ ကွဲပြားခြားနားသွားတာတွေလည်း ရှိပါတယ်။
Drupal မှာ အဲဒီလို မတူညီတဲ့ Content အမျိုးအစား များစွာကို User Level အမျိုးမျိုး အတွက် ပိုင်းခြားသတ်မှတ် ဖန်တီးပေးထားလို့ ရပါတယ်။ ကိုယ့်ဆိုက်ရဲ့ အခြေအနေတွေကို Real-time စောင့်ကြည့်နေလို့ ရတဲ့အပြင်၊ Content တွေအတွက် Version Control လုပ်ချင်ရင်လည်း လုပ်လို့ရပါသေးတယ်။
တကိုယ်တော် အသုံးပြုတဲ့ ရိုးရိုး ဆိုက်လေးတစ်ခုအတွက် Site Administration ဆိုတာ ပြဿနာမကြီးမားပါဘူး။ ဒါပေမယ့် User Level အမျိုးမျိုး၊ Content Type အမျိုးမျိုးအတွက် Permission အမျိုးမျိုးကို အလွယ်တကူ သတ်မှတ်ပေးနိုင်ဖို့ အတွက်ဆိုရင်တော့ သိပ်မလွယ်တော့ပါဘူး။
Drupal ရဲ့ Default Admin Panel ဟာ Version 6 အထိ ဆွဲဆောင်မှု မရှိလှပေမယ့်၊ အခု Beta 1 ဖြစ်နေတဲ့ Version 7 မှာတော့ အသုံးပြုရတာ ပိုပြီး လွယ်လာတဲ့အပြင် အသွင်အပြင်ကလည်း အရမ်းကို ဆွဲဆောင်မှု ရှိနေပါပြီ။
၀က်ဘ်ဆိုက်တစ်ခုအတွက် ဒီဇိုင်းနဲ့ အပြင်အဆင်ကလည်း အတော်အရေးပါ ပါတယ်။ Drupal ရဲ့ Presentation Layer (Theme Layer) က Designer တွေအနေနဲ့ အသုံး၀င်တဲ့၊ ဆွဲဆောင်မှုအားကောင်းတဲ့၊ လာရောက်လည်ပတ်သူတွေနဲ့ ၀က်ဘ်ဆိုက်ကြား အပြန်အလှန်တုံ့ ပြန်ဆက်သွယ်နိုင်စွမ်းရည်တွေ ရရှိစေတဲ့၊ Traffic ကောင်းလာစေတဲ့ ၀က်ဘ်ဆိုက်တွေကို ဖန်တီးခွင့် ရရှိစေပါတယ်။ အခမဲ့ ရယူ အသုံးပြုနိုင်တဲ့ Theme ပေါင်း 860 ကျော်ထဲက ကိုယ့်စိတ်ကြိုက် အနှစ်သက်ဆုံး Theme ကို ရယူ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ စိတ်ကြိုက်မတွေ့ခဲ့ရင်တောင် ကိုယ်တိုင်ရေးလို့လည်း ရပါတယ်။ Drupal ရဲ့ Theming API ဟာ Themer တွေ၊ Designer တွေအတွက် လွယ်ကူအောင် ဖန်တီးပေးထားတဲ့ API ပါ။
၀က်ဘ်ဆိုက်တစ်ခုရဲ့ သတင်းအချက်အလက် တည်ဆောက်ပုံ (Information Architecture) ဟာ အတော် အရေးကြီးပါတယ်။ ၀က်ဘ်ဆိုက် တစ်ခုမှာ ပါရှိတဲ့ သတင်းအချက်အလက်တွေကို
အတွက် လိုအပ်တဲ့ Tools တွေက Drupal မှာ တစ်ခါတည်း ပါပြီးသားပါ။ Taxonomy ကို အသုံးပြုပြီး သတင်းအချက်အလက်တွေကို စုစည်းနိုင်ပါတယ်။ Search Engine Friendly URL တွေကိုလည်း အလိုအလျောက် ဖန်တီးနိုင်ပါတယ်။ List အမျိုးမျိုး၊ အကြောင်းအရာတစ်ခုနဲ့ အခြားတစ်ခုကို ဆက်စပ်အသုံးပြုခြင်း စတဲ့ လုပ်ဆောင်ချက်တွေကိုလည်း Drupal နဲ့ အလွယ်တကူ လုပ်ဆောင်နိုင်ပါသေးတယ်။
Drupal ကို အသုံးပြုထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုဟာ Module ပေါင်း 7000 ကျော်ကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ပါတယ်။ အားလုံး အခမဲ့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ၀က်ဘ်ဆိုက်အတွက် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Module တွေကို ရှာဖွေ ထည့်သွင်း အသုံးပြုတတ်ဖို့ပဲ အရေးကြီးပါတယ်။ အဆင်သင့် ဖန်တီးပေးထားတဲ့ Feature တွေကို အလွယ်တကူ အသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် Website Development အပိုင်းမှာ ပိုပြီး အားသွန်ခွန်စိုက် အလုပ်လုပ်နိုင်လာပါတယ်။
Drupal ရဲ့ သဘာ၀ကိုက လူတစ်ဦးတဲ့အသုံးပြုနိုင်တဲ့ ၀က်ဘ်ဆိုက်လေးကနေ၊ လူပေါင်းများစွာ စုပေါင်းပါ၀င် ရေးသားနိုင်တဲ့ Web sites, Web Applications တွေ ဖန်တီးနိုင်အောင် လုပ်ပေးထားပြီးသား ဖြစ်ပါတယ်။ Drupal Site Administrator တစ်ယောက်အနေနဲ့ User Level အမျိုးမျိုးအတွက် ခွင့်ပြုချက် (Permissions) အမျိုးမျိုးကို စနစ်တကျ သတ်မှတ်ပေးနိုင်ဖို့ပဲ အရေးကြီးပါတယ်။
Drupal မှာ ပါရှိတဲ့ Aggregation, Feeds, Search Engine Connection စတဲ့ စွမ်းဆောင်ရည်များကို အသုံးပြုပြီး Drupal ၀က်ဘ်ဆိုက်တစ်ခုဟာ အင်တာနက်ထဲမှာ ရှိတဲ့ အခြားဆိုက်များနဲ့ အလွယ်တကူ ချိတ်ဆက်ထားနိုင်ပါတယ်။ Facebook, Twitter စတဲ့ Social Media service များနဲ့လည်း အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် External Media, Files services များနဲ့လည်း အလွယ်တကူ ပေါင်းစပ် အသုံးပြုနိုင်ပါသေးတယ်။
CMS အမျိုးအစားတွေ အများကြီးရှိပါတယ်။ တစ်ခုနဲ့တစ်ခု လုပ်ဆောင်ချက်တွေ မကွာလှပေမယ့် အသုံးပြုရလွယ်ကူခြင်း၊ အခမဲ့ အသုံးပြုနိုင်ခြင်း၊ စနစ်ခိုင်မာမှု ရှိခြင်း၊ ပြုပြင်ထိန်းသိမ်းရ လွယ်ကူမှု ရှိခြင်း၊ လေ့လာရန် လွယ်ကူခြင်း၊ အထောက်အပံ့ပေးနေသည့် နည်းပညာရှင် အသိုင်းအ၀ိုင်း (Community) တောင့်တင်းခြင်း အစရှိတဲ့ ချင့်ချိန်စရာ အချက်အလက်တွေ အများကြီး ရှိပါတယ်။
Drupal အကြောင်းပြောနေလို့ ကျွန်တော့်ကို Drupal မှ Drupal လို့တော့ မထင်ပါနဲ့။ လုပ်ငန်းအနေအထားနဲ့ အချိန်အခါ၊ အခြေအနေကိုကြည့်ပြီး Drupal အပြင် WordPress, BuddyPress, PrestaShop, OpenSource CMS စတာတွေကိုလည်း သုံးပါတယ်။ Hand Coding နဲ့ HTML, CSS, PHP သုံးပြီး ကိုယ်တိုင်ရေးဖို့လိုရင် ရေးပါသေးတယ်။
Drupal နဲ့ပတ်သက်ပြီး အနှစ်ချုပ် ပြောရမယ်ဆိုရင်တော့ - Drupal ဟာ တကယ်တော့ ခွန်အားကောင်းပြီး ထိန်းကျောင်းဖို့ ခက်တဲ့ မြင်းရိုင်းတစ်ကောင်လိုပါပဲ။ ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာ သိသွားပြီးတဲ့နောက်မှာတော့ သင်ဟာ လိုရာခရီးကို အမြန်ဆုံးရောက်ဖို့ ၊ Function များပြားစုံလင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ Drupal ကို အသုံးပြုလာ ပါလိမ့်မယ်။
For More Reference About Drupal - http://drupal.org/about
Add new comment