လွန်ခဲ့တဲ့နှစ် ၂၀၀၉ ဒီဇင်ဘာလ ၂၆ ရက်နေ့က အမှတ်တရအနေနဲ့ ဆောင်းပါးလေး တစ်ပုဒ်ရေးခဲ့ပါတယ်။ "Tips and Tricks on Self-Studying Computer and IT - ကွန်ပျူတာနှင့် အိုင်တီကို ကိုယ်တိုင် လေ့လာရာတွင် အသုံး၀င်မည့် နည်းလမ်းများ" ဆိုတဲ့ ဆောင်းပါးလေးပါ။ အဲဒီဆောင်းပါးဟာ ကျွန်တော်ကိုယ်တိုင် လက်တွေ့လုပ်နေတဲ့ နည်းလမ်းလေးတွေထဲက အချို့ကို မြန်မာညီအကို မောင်နှမများအတွက် အထိုက်အလျောက် အကူအညီရစေဖို့ ရည်ရွယ်ရေးသားခဲ့တာပါ။ ဒီနေ့တော့ အဲဒီဆောင်းပါးလေးရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေးတွေကို ဆက်ပြောပြပါဦးမယ်။
ဆောင်းပါးလေးကို ဆက်မဖတ်ခင်မှာ http://bit.ly/copycaties လင့်ခ်လေးကို တစ်ချက်နှိပ်ကြည့်လိုက်ပါ။ ကျွန်တော်ပြောချင်တဲ့ ပုံပြင်လေးကတော့ အဲဒါပါပဲ။ ဒီဆောင်းပါးကို ဤ-သည် မရွေ့ ပြန်ကူးထားတဲ့ ဆိုက်ပေါင်း 10 ခုထက်မနည်း တွေ့ရပါလိမ့်မယ်။ အဲဒီအထဲမှာ Reff:mmshare.org ဆိုတဲ့ Credit ပြန်ပေးထားတာ http://m51a.4forum.biz/-f20/---t24.htm တစ်ခုပဲ ရှိပါတယ်။ (အဲဒီအတွက်လည်း m51a.4forum.biz Admin ကို ကျေးဇူးတင်ပါတယ်။) အင်တာနက် ဖိုရမ်တစ်ခုမှ ကူးယူဖော်ပြပါသည် ဆိုတာက နှစ်ခုလောက် တွေ့ပါတယ်။ ဘယ်နေရာက ဆိုတာ မပါပါဘူး။ ကျန်တာတွေကတော့ ဘာဆိုဘာမှ မပါပါဘူး။ အဲဒီဆိုက်တွေက သက်ဆိုင်ရာ စာမျက်နှာများ အားလုံးကို Screen shot တွေနဲ့ အမှတ်တရ သိမ်းထားလိုက်ပါတယ်။ Link တွေကိုလည်း သိမ်းထားပါတယ်။ Google Search Result ကိုလည်း Screen shot ယူထားလိုက်ပါတယ်။ အဲဒီပုံတွေကို ဒီမှာ ပြန်ဖော်ပြရင် သူတို့တွေရဲ့ သိက္ခာကို ထိခိုက်မှာ ဖြစ်တဲ့အတွက် မပြတော့ပါဘူး။
အင်တာနက်မှာက ဒီလို အဖြစ်အပျက်တွေက ဖြစ်နေကျပါ။ ဒါပေမယ့် ဒီလိုအဖြစ်တွေ မကြုံစေချင်လို့ mmshare.org မှာ တင်ထားတဲ့ အကြောင်းအရာတွေကို တစ်ခြားနေရာမှာ ယူသုံးချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမယ် ဆိုတာ http://mmshare.org/about/contents-about-mmshare.org မှာ အစောကြီးကတဲက စနစ်တကျရေးပြီး မြင်အောင် ဖော်ပြ ပေးထားပြီးသားပါ။ Menu bar နဲ့ Footer မှာလည်း လင့်ခ်တွေကို သေသေချာချာ ရေးပြထားပါတယ်။
တစ်ချက်ကတော့ ပေးရကောင်းမှန်းမသိတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ လင့်က အရမ်းရှည်လျားနေလို့ ဖြစ်နိုင်ပါတယ်။ သုံးအချက်ကတော့ မပေးချင်လို့ ဖြစ်မှာပါ။ နောက်တစ်ခုကတော့ သူများကို ကျေးဇူးတင်ဖို့ အသိအမှတ်ပြုဖို့ ၀န်လေးလို့ ဖြစ်နိုင်ပါတယ်။ အားလုံးက အင်တာနက်မှာ ကျင်လည်နေသူတွေ ဖြစ်ကြတဲ့အတွက် အိုင်တီသမားတွေလို့ ပြောလို့ ရပါတယ်။ အိုင်တီသမား တစ်ယောက်မှာ တစ်ခြားသူတစ်ယောက်ရဲ့ လုပ်အား သို့မဟုတ် ပညာကို အသိအမှတ်ပြု (Credit) ပေးတတ်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ အထူးသဖြင့် အွန်လိုင်းမှာ အလုပ်လုပ်တော့မယ်ဆိုရင် လိုင်စင်ကိစ္စ (License) က အရမ်း အရေးကြီးပါတယ်။ ထင်ရာလုပ်လို့ မရပါဘူး။
အင်တာနက်မှာဖြစ်စေ၊ အပြင်က စာစောင်တွေမှာ ဆောင်းပါးတစ်ပုဒ် ရေးတာပဲ ဖြစ်စေ - ကိုယ်တိုင်ရေးထားတာ မဟုတ်ဘူး၊ တစ်နေရာကနေ မှီငြမ်းကိုးကားထားတာ - ဖြစ်တယ်ဆိုရင် မူရင်း စာအုပ်၊ ဆောင်းပါး သို့မဟုတ် အင်တာနက်လိပ်စာကို တစ်နည်းနည်းနဲ့ ရေးပြီး စာဖတ်သူ မြင်သာအောင် ဖော်ပြထားဖို့ လိုအပ်ပါတယ်။ ဒါကိုပဲ Link back ပြန်ပေးတာ၊ Credit ပြန်ပေးတာလို့ ပြောကြပါတယ်။ Credit ပြန်ပေးခြင်းဟာ သက်ဆိုင်ရာ စာရေးသူများရဲ့ စေတနာနဲ့ အချိန်ကို တန်ဘိုးထား လေးစားတဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ တဆင့်ပြန်လည် ဖတ်ရှုရတဲ့ သူတွေအနေနဲ့လည်း မူရင်းနေရာကို သိရှိရတဲ့ အတွက် စိတ်၀င်စားခဲ့ရင် နောက်ဆုံးအခြေအနေနဲ့ ကိုက်ညီတဲ့ သတင်းအချက်အလက်များကို မူရင်း၀က်ဘ်ဆိုက်များမှာ ဆက်လက် သွားရောက် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်...
ဒီဆောင်းပါးကို ရေးရတာဟာ ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ စိတ်မရှိပါဘူး။ ဒါပေမယ့် Credit ပေးတယ်ဆိုတဲ့ အလုပ်ဟာ International Level, Professional Level ကို သွားတော့မယ့် အိုင်တီပညာရှင် တစ်ယောက်အတွက် မဖြစ်မနေ သိရှိလိုက်နာသင့်တယ်လို့ ယုံကြည်တဲ့အတွက် ရေးဖြစ်သွားပါတယ်....
Tips and Tricks on Self-Studying Computer and IT - ကွန်ပျူတာနှင့် အိုင်တီကို ကိုယ်တိုင် လေ့လာရာတွင် အသုံး၀င်မည့် နည်းလမ်းများ - http://mmshare.org/node/47/ Content Policy - mmshare.org မှ အချက်အလက်များကို သုံးလိုလျှင် - http://mmshare.org/about/contents-about-mmshare.org
Add new comment