ကွန်ပျူတာ အသစ်တစ်လုံးကို ၀ယ်ပြီးတဲ့ အခါမှာ၊ ဒါမှမဟုတ် ရှိပြီးတဲ့ ကွန်ပျူတာကိုပဲ အကြောင်းအမျိုးမျိုးကြောင့် Format ချလိုက်ရတော့တဲ့ အခါမှာဖြစ်ဖြစ် ကျွန်တော်တို့ အတွက် မရှိမဖြစ်အသုံး၀င်လှတဲ့ ဆော့ဖ်၀ဲလေးတွေကို တစ်ခုချင်းစီ ပြန်ရှာပြီး ပြန်ထည့်ရတာ အလွန်ပဲ လက်၀င်လှပါတယ်။ ကျွန်တော်ရဲ့ အဓိက အလုပ်က Web Development ဖြစ်ပေမယ့် နီးစပ်ရာလူတွေ၊ တစ်ဆင့်စကားနဲ့ ရောက်လာတဲ့သူတွေရဲ့ ကွန်ပျူတာ ပြဿနာတွေကို ဖုန်း၊ အွန်လိုင်းနဲ့ ဒါမှမဟုတ် အပြင်မှာ Fix လုပ်ပေးတဲ့ အလုပ်လည်း လုပ်ဖြစ်ပါတယ်။ ရောက်လာတဲ့ ကွန်ပျူတာမှန်သမျှကို အတတ်နိုင်ဆုံးတော့ Recovery ပြန်လုပ်ဖို့ ကြိုးစားတာပါပဲ။ ကွန်ပျူတာပိုင်ရှင် တွေရဲ့ Data တွေက သက်ဆိုင်သူတွေ အတွက်တော့ အရမ်းကို အသုံး၀င်တာကြောင့်ပါ။
ကျွန်တော်အနေနဲ့ ကွန်ပျူတာတစ်လုံးကို Format ချတယ်ဆိုတဲ့ အလုပ်ကို ဘယ်လိုမှ မလွှဲမရှောင်သာမှ၊ နောက်ဆုံးအခြေအနေမှ လုပ်ဖြစ်ပါတယ်။ မလုပ်ခင်လည်း ပိုင်ရှင်ကို ပြန်မေးပြီး Confirm လုပ်ပါတယ်။ Format ချလိုက်ပြီ ဆိုတာနဲ့ နောက်ဆက်တွဲပါလာတာက Device Driver တွေနဲ့ အခြား Software တွေကို ပြန်ထည့်ပေးရတဲ့ အလုပ်ပါ။ ပုံမှန်အတိုင်းကတော့ ကွန်ပျူတာ ပြန်ကောင်းသွားပြီ ဆိုတာနဲ့ တာ၀န်က ပြီးသွားပါပြီ။ ဒါပေမယ့် ကျွန်တော့်ဆီကို ရောက်လာတဲ့သူ အများစုက သာမန် အသုံးပြုသူတွေ ဆိုတော့ သူတို့အတွက် သုံးရတာ အဆင်ပြေပြီး၊ အပိုပိုက်ဆံလည်း ထပ်ကုန်စရာမလိုတဲ့ အခမဲ့ဆော့ဖ်၀ဲ (Free Software) ကောင်းကောင်းလေးတွေကို အမြဲတမ်း ထည့်ပေး ဖြစ်ပါတယ်။ အခု ဆောင်းပါးမှာ Windows ကွန်ပျူတာ သုံးသူတိုင်းအတွက် မရှိမဖြစ် အသုံး၀င်တဲ့ အခမဲ့ရယူ အသုံးပြုနိုင်တဲ့ ဆော့ဖ်၀ဲအမျိုးမျိုးအတွက် Download Link တွေကို စုစည်း ေ၀မျှပေးလိုက်ပါတယ်။
အင်တာနက် သုံးဖို့အတွက် လိုအပ်တဲ့ အင်တာနက်ကြည့်ဆော့ဖ်၀ဲ (Web Browser) တွေ ဖြစ်ပါတယ်။ Microsoft က ထုတ်တဲ့ Internet Explorer တွေကတော့ Windows ကွန်ပျူတာတွေမှာ ပါပြီးသားဖြစ်လို့ ထည့်မရေးတော့ပါဘူး။
အင်တာနက်ကို လူသုံးများရတဲ့ အကြောင်းရင်းတစ်ခုကတော့ တစ်နေရာနဲ့ တစ်နေရာကို စာ၊ အသံ၊ ဗီဒီယို စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်သွယ်နိုင်လို့ပါ။ အများဆုံး အသုံးပြုလေ့ရှိတဲ့ ဆက်သွယ်ရေး ဆော့ဖ်၀ဲများကို အခုလို ရယူနိုင်ပါတယ်။
စာစီစာရိုက်၊ စာရင်းဇယားဆွဲ၊ PowerPoint presentation တွေလုပ်ဖို့၊ PDF ဖိုင်တွေအဖြစ် တစ်ခါတည်း ထုတ်ဖို့ဆိုရင် Open Office ကို အသုံးပြုလို့ ရပါတယ်။ PDF ဖိုင်တွေကို ကြည့်ဖို့အတွက်ကတော့ Adobe ရဲ့ Acrobat Reader ထက်ကောင်းပြီး ပေါ့ပါးတဲ့ PDF Reader တွေကို သုံးကြည့်စေချင်ပါတယ်။ ပုံကြည့်ဖို့နဲ့ အွန်လိုင်းကို တိုက်ရိုက်တင်ဖို့အတွက် ဆိုရင်တော့ Google Picasa က အတော်လေး အဆင်ပြေပါတယ်။ ပုံတွေကို PhotoShop လို စိတ်တိုင်းကျ ပြင်ချင်တယ် ဆိုရင်တော့ GIMP ကို သုံးနိုင်ပါတယ်။
ကွန်ပျူတာ သုံးရင်း သီချင်းနားထောင်၊ အင်တာနက် ရေဒီယို နားထောင်၊ ဗီဒီယိုကြည့်၊ MP3, FLV စတဲ့ ဖိုင်အမျိုးအစားပြောင်းဖို့အတွက် လိုအပ်တဲ့ ဆော့ဖ်၀ဲ အကောင်းစားလေး တွေပါ။ ဖော်ပြထားတဲ့ လေးခုလုံးက ကျွန်တော့်အတွက်တော့ မရှိမဖြစ် ပါပဲ။ WinFF Video Converter အကြောင်းကိုတော့ သီးသန့် ဆောင်းပါးတစ်ပုဒ် ရေးပြီး ေ၀မျှပါဦးမယ်။ CamStudio က ကွန်ပျူတာ ပေါ်က လှုပ်ရှားမှုတွေကို ဗီဒီယိုအဖြစ် ဖမ်းပေးတဲ့ ဆော့ဖ်၀ဲပါ။ အလွန် အသုံးတည့်ပါတယ်။ CCLeaner နဲ့ CamStudio အကြောင်းကို http://bit.ly/cc-cam မှာ ရေးခဲ့ဖူးပါတယ်။
မြန်မာ စာလုံး၊ မြန်မာစာရိုက် စနစ်၊ မြန်မာ အသံထွက်အတိုင်း အင်္ဂလိပ်လို ရိုက်ရင် မြန်မာစာ ပေါ်အောင် လုပ်ပေးတဲ့စနစ်၊ မြန်မာတွေ အများဆုံးသုံးတဲ့ ZawGyi Font - စတာတွေကို စုစည်းပေးထားပါတယ်။ ZawGyi Keyboard အတွက် နောက်ဆုံးထုတ်ကို ရှာပေမယ့် ဒေါင်းလုတ်လင့် မတွေ့လို့ မူရင်းဆိုက် ဖြစ်တဲ့ ကိုရဲမြတ်သူတို့ရဲ့ Alpha Mandalay ကိုပဲ ပြန်ညွှန်းထားပါတယ်။ တွေ့မှ Update ပြန်လုပ်ရပါမယ်။ PoEdit ကတော့ ဆော့ဖ်၀ဲတွေကို Localization လုပ်တဲ့အခါ အလွန်အသုံး၀င်ပါတယ်။ သာမန် ကွန်ပျူတာ အသုံးပြုသူတွေ အတွက်တော့ အသုံးမတည့်ဘူး ထင်ပါတယ်။ Developer Tools တွေအကြောင်းရေးမှ ပြန်ထည့်ရပါမယ်။ (Software Localization = Software Interface ကို ဘာသာပြန် ဖော်ပြပေးခြင်း လို့ ပြောရမယ် ထင်ပါတယ်)။
နေ့စဉ်သုံးနေကြ ကွန်ပျူတာတွေဟာ ကြာလာလေ လေးလာလေပါပဲ။ အဲဒီလို လေးနေတဲ့ ကွန်ပျူတာကို ရှင်းလင်းပေါ့ပါးစေဖို့ အတွက် CCLeaner ကို သုံးနိုင်ပါတယ်။ Revo Uninstaller ကတော့ ကျွန်တော့်အကြိုက်ဆုံး Uninstaller ပါပဲ။ ကျွန်တော်တို့ Uninstall လုပ်ချင်တဲ့ ဆော့ဖ်၀ဲတွေကို အမြန်ဆုံးနဲ့ အစအန မကျန်အောင် ဖယ်ရှားပေးနိုင်ပါတယ်။ Windows မှာပါတဲ့ Add/Remove Programs နဲ့ လားလားမျှ မသက်ဆိုင်ပါဘူး။ Avast နဲ့ Comodo တို့ကတော့ ကွန်ပျူတာဗိုင်းရပ်စ်နဲ့ တကိုယ်ရေ လုံခြုံရေး၊ ကွန်ရက်လုံခြုံရေးအတွက် မရှိမဖြစ် ဆော့ဖ်၀ဲတွေပါပဲ။
ပိုက်ဆံပေး၀ယ်သုံးရတဲ့ ဆော့ဖ်၀ဲတစ်ခုကို ကြိုက်ရင် ၀ယ်သုံးတာ အကောင်းဆုံးပါပဲ။ ၀ယ်သုံးဖို့ အခြေအနေမပေးရင်တော့ အခမဲ့ အသုံးပြုနိုင်တဲ့ တန်ဘိုးရှိတဲ့ ဆော့ဖ်၀ဲလေးတွေကို အစားထိုးသုံးပြီး ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်သီလကို နိုင်သလောက် ထိန်းသင့်ပါတယ်။ အခမဲ့ သုံးလို့ရတဲ့ ဆော့ဖ်၀ဲ (Free Software) တွေထဲမှာ ပိုက်ဆံပေးသုံးရတာထက် ကောင်းတဲ့ ဆော့ဖ်၀ဲတွေ အများကြီး ရှိပါတယ်။ စိတ်ချ ယုံကြည်ရတဲ့ အခမဲ့ဆော့ဖ်၀ဲ တစ်ခုကို အသုံးပြုရတာဟာ အလွန်ကို အရသာ ရှိလှပါတယ်။ အခု ဖော်ပြခဲ့တာတွေထဲမှာ လက်ရှိ ကျွန်တော် အသုံးပြုနေတဲ့ ဆော့ဖ်၀ဲတွေ အများဆုံးပါ ပါတယ်။ အသစ်တွေ့တိုင်းလည်း အမြဲတမ်း Update လုပ်နေမှာပါ။ သိထားသလောက်ကို ေ၀မျှပေးတာ ဖြစ်ပြီး စာဖတ်သူ မိတ်ဆွေများမှာလည်း အသုံး၀င်တဲ့ အခမဲ့ ဆော့ဖ်၀ဲလေးတွေများ ရှိခဲ့ရင် ေ၀မျှပေးသွားဖို့ ဖိတ်ခေါ်ပါတယ်...
Add new comment