ဆော့ဖ်ဝဲ ရေးတဲ့အလုပ်ပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ အလုပ်ပဲ ဖြစ်ဖြစ်၊ အဲဒီ ဆော့ဖ်ဝဲ ဒါမှမဟုတ် ပစ္စည်းကို အနာဂါတ်မှာ အမှန်တကယ် အသုံးပြုမယ့်သူတွေနဲ့ (End Users) စောစောစီးစီး အတူလက်တွဲ စမ်းသပ် တည်ဆောက်နိုင်အောင် စီစဉ်ဖို့ သိပ်ကို အရေး ကြီးပါတယ်။
ရှေးက ဆော့ဖ်ဝဲရေးသားတည်ဆောက်တဲ့ ပရောဂျက်တွေမှာ အသုံးပြုသူတွေဟာ ကနဦးအဆင့် ဖြစ်တဲ့ User Requirement Analysis မှာပဲ ပါဝင်ခွင့် ရကြပါတယ်။ နောက်ပိုင်း အဆင့်တွေဖြစ်တဲ့ Code ရေးသားခြင်း၊ စမ်းသပ်ခြင်း စတဲ့အလုပ်တွေကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ တကယ်တမ်း အဲဒီ ဆော့ဖ်ဝဲကို သုံးစွဲသူတွေ လက်ထဲ ထည့်ပေးလိုက်တဲ့ အချိန်မှာတော့ User များအနေနဲ့ သူတို့လိုချင်တဲ့အတိုင်း ထပ်တူထပ်မျှ ဖြစ်မလာတဲ့ ပြဿနာမျိုးကို မကြာခဏ ရင်ဆိုင်ခဲ့ကြရတာပါ။ "ဆော့ဖ်ဝဲလေးကတော့ (ဒါမှမဟုတ်) ဝက်ဘ်ဆိုက်လေးကတော့ ကောင်းပါတယ်ဗျာ... ဒါပေမယ့် ကျွန်တော်တို့ တကယ်လိုချင်တာက အဲဒီလို မဟုတ်ဘူး... ဒီလိုဗျ..." ဆိုတဲ့ တုန့်ပြန်မှုမျိုးကို မကြာခဏ ကြုံရတတ်ပါတယ်။
အခုခေတ်မှာတော့ ဆော့ဖ်ဝဲတစ်ခု/ ဝက်ဘ်ဆိုက်တစ်ခုရဲ့ အောင်မြင်မှုမှာ တကယ်သုံးစွဲမယ့် End User တွေရဲ့ စောစောစီးစီး ပါဝင် ဆောင်ရွက်ချက်တွေက သိပ်ကို အရေးကြီးလာပါတယ်။ ဒါဟာ ဆော့ဖ်ဝဲတစ်ခု အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မဟုတ်တဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ End User တွေကို ပူးပေါင်းဆောင်ရွက် စေတဲ့ နေရာမှာ သူတို့ကို ထုတ်ပြလို့ရတဲ့ အခြေအနေ တစ်ခုခု၊ အဆင့်တစ်ခုခုကို ရောက်တာနဲ့ စပြီး ထုတ်ပြဖို့ သင့်ပါတယ်။ အဲဒီလို ထုတ်ပြလိုက်တဲ့ အလွန်ကောင်းတဲ့ အကျိုးအမြတ်ကတော့ အဆင်မပြေတာတွေ၊ ပြဿနာဖြစ်နိုင်တာတွေကို ဆော့ဖ်ဝဲ/ဝက်ဘ်ဆိုက် တည်ဆောက်နေစဉ် အချိန်မှာပဲ စောစောစီးစီး သိခွင့်/ပြင်ဆင်ခွင့် ရရှိတာ ဖြစ်ပါတယ်။
မကြာမီက ထုတ်ဝေလိုက်တဲ့ Google + beta version, Windows 8 Dev version တွေဟာ ဒီလို သဘောပဲ ဖြစ်ပါတယ်။ ဒီလို စောစောစီးစီး အမှားရှာခွင့် ရတဲ့အတွက် ပရောဂျက်တစ်ခုလုံး အချောသပ် ပြီးဆုံးသွားမှ ပြန်ပြင်ရတဲ့ အဖြစ်မျိုးထက် အများကြီး အချိန်ကုန်၊ လူပန်း၊ ငွေကုန် သက်သာပါတယ်။
နောက်မှ ပြန်ပြင်ရတဲ့ အလုပ်ဟာ အချိန်ကုန်၊ ငွေကုန်များတဲ့အပြင် ပရောဂျက် တစ်ခု အမှန်တကယ် ပြီးဆုံးရမယ့် အချိန်ကိုလည်း နောက်ကျစေတတ်ပါတတယ်။ Code တွေ ပြန်ရေးရမယ့် ကြာချိန်၊ ပြန်ပြီး စမ်းသပ်ရဖို့ ကြာချိန်၊ ဆော့ဖ်ဝဲမှာ ပြန်ပြီး ပေါင်းစပ်ရမယ့် အချိန်၊ ဆော့ဖ်ဝဲ တစ်ခုလုံးကို ပြန်ပြီး စမ်းသပ်ရမယ့် အချိန်တွေက လိုအပ်တာထက် ပိုကြာတတ်လို့ ဖြစ်ပါတယ်။ နောက်ထပ် မမျှော်လင့်နိုင်တဲ့ အခြားပြဿနာတွေလည်း ရှိနိုင်တဲ့အတွက် ပြီးသွားတဲ့ ပရောဂျက်တစ်ခုကို End User တွေရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီတဲ့အတွက် ပြန်ပြင်ရတာဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။
တကယ်လို့ သင်ဟာ ဆော့ဖ်ဝဲတစ်ခု၊ ဝက်ဘ်ဆိုက်တစ်ခု၊ ဝန်ဆောင်မှုတစ်ခု ဒါမှမဟုတ် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်တဲ့ ပရောဂျက်တစ်ခုမှာ မန်နေဂျာအဖြစ် အလုပ်လုပ်ရပြီ ဆိုရင်တော့.. End user တွေရဲ့ အသံကို အမြဲတမ်း နားစွင့်နေဖို့ လိုအပ်ပါလိမ့်မယ်။ End user တွေနဲ့ Programmer, Developer တွေကြားမှာ စောစောစီးစီး / အမြဲတမ်း ဆက်သွယ် ညှိနှိုင်းပေးနေဖို့ အရေးကြီးပါတယ်။ တကယ်လို့ သင်ဟာ Freelance Developer တစ်ယောက် ဖြစ်နေတယ် ဆိုရင်လည်း လုပ်လက်စ အခြေအနေကို Project Owner ကို ပြဖို့ အဆင်ပြေတဲ့ အဆင့်က စပြီး Feedback ယူ၊ ညှိနှိုင်းဖို့ အရေးကြီးပါတယ်။
Programmer / Developer များအတွက် ရေးလက်စ၊ တည်ဆောက်လက်စ ပရောဂျက်တစ်ခုထဲက Code တွေကို ပြင်ဆင်လိုက်ရတာက လျင်မြန်လွယ်ကူတဲ့ အလုပ်ဖြစ်ပါတယ်။ အစအဆုံး ပြန်ပြင်ရတာလောက် မခက်ပါဘူး။ End user များအတွက် သူတို့ရဲ့ ပရောဂျက်မှာ လိုအပ်တာနဲ့ မလိုအပ်တာတွေကို စောစောစီးစီး သိရှိ ပြင်ဆင် ခွင့်ရတာကလည်း သူတို့ကို စိတ်ကြေနပ်မှု အပြည့်အဝ ရစေမှာ ဖြစ်ပါတယ်။ အဲဒီလို အားလုံး အဆင်ပြေ၊ ပျော်ရွှင်စေဖို့ အကောင်းဆုံး နည်းလမ်းကတော့ ပရောဂျက် မန်နေဂျာများ အနေနဲ့ End user များနဲ့ Programmer, Developer များကို တတ်နိုင်သမျှ စောစောစီးစီး ပေါင်းစည်း ညှိနှိုင်းပေးတာပဲ ဖြစ်ပါတယ်။ ဒါဟာ သုံးဦး သုံးဖလှယ် အကျိုးရှိစေတဲ့ Win Win Win solution ဖြစ်ပါတယ်။
ဒီဆောင်းပါးဟာ O'Reilly ကထုတ်တဲ့ 97 Things Every Software Project Manager Should Know စာအုပ်ထဲက "Get Users Involved As Early As Possible" ဆောင်းပါးကို ဆီလျော်အောင် မြန်မာ ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးရဲ့ မူရင်း စာရေးသူကတော့ Barbee Davis ဖြစ်ပါတယ်။
Barbee ကတော့ ကမ္ဘာအရပ်ရပ်က ပရောဂျက်မန်နေဂျာပေါင်း 400 000 ကျော် လစဉ်ဖတ်ရှုနေတဲ့ Project Management Institute’s (PMI) Community Post ရဲ့ ပင်တိုင် ဆောင်းပါးရှင်တစ်ယောက် ဖြစ်ပါတယ်။ “How To Learn Microsoft Project in 24 Hours” စာအုပ်ကို ပူးတွဲရေးသားတဲ့ စာရေးသူလည်း ဖြစ်ပါတယ်။
Barbee ဟာ အမေရိက တစ်ခွင်က ပရောဂျက်များစွာကို စီမန်ခန့်ခွဲ ပေးနေသူ ဖြစ်ပြီး၊ ပရောဂျက် မန်နေဂျာ ရာပေါင်းများစွာကို သင်ကြားလေ့ကျင့် ပေးခဲ့သူလည်း ဖြစ်ပါတယ်။ တက္ကသိုလ်များမှာလည်း အခါအခွင့်သင့်သလို သင်ကြားပို့ချနေတဲ့ ဆရာတစ်ဦးဖြစ်သလို တခါတရံမှာ အခမ်းအနားများရဲ့ Guest Speaker အဖြစ်လည်း မြင်ရတတ်ပါတယ်။
ကျန်တဲ့ ဆောင်းပါးလေးတွေကိုလည်း အခုလိုပဲ ကြိုးစားဘာသာပြန်ပြီး မြန်မာညီအကို မောင်နှမများအတွက် ဝေမျှသွားပါ့မယ်။ မူရင်းဆောင်းပါးကိုတော့ http://bit.ly/UserInv မှာ ဖတ်နိုင်ပါတယ်။
This work is licensed under a Creative Commons Attribution 3
Add new comment