"သူများလည်း ငါ့လိုပဲ တွေးမှာပါ" - ဆိုပြီး ယူဆတတ်တဲ့ အကျင့်တစ်ခုက လူအတော်များများမှာ ရှိနေတတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ထင်နေသလို မဟုတ်ပါဘူး။ စိတ်ပညာရှင်များက ဒီလို တွေးထင်ယူဆမှုကို "တစ်ဖက်သတ် လွဲမှား ယူဆမှု" (False Consensus Bias) လို့ ခေါ်ကြပါတယ်။ တကယ်လို့ အခြားသူတွေက မိမိတွေးထင်သလို - မတွေးတဲ့အခါ သို့မဟုတ် လိုက်မလုပ်တဲ့အခါ - မိမိရဲ့ အတွေးကို ကာကွယ်တဲ့ အနေနဲ့ ထိုသူတွေကို အမှတ်တမဲ့ "ကင်ပွန်းတပ်၊ အမည်ပေး" တတ်ကြပါတယ်။ တခါတရံ "ငါနဲ့မတူ ငါ့ရန်သူ" ဆိုတဲ့ အထိ ရောက်ရှိသွားတတ်တဲ့ အဖြစ်မျိုးပါ။
ကွန်ပျူတာ Programmer များအနေနဲ့ မိမိကိုယ်ကို User များရဲ့ နေရာမှာ ၀င်ရောက်နေရာယူပြီး ခံစား တွေးခေါ်နိုင်ဖို့ အခက်တွေ့ကြရခြင်းရဲ့ အဓိက အကြောင်းရင်းကလည်း ဒီအယူအဆမှားကြောင့် ဖြစ်ပါတယ်။ တကယ်တော့ User များရဲ့ အတွေးက Programmer များလို မဟုတ်ပါဘူး။ User များရဲ့ ကွန်ပျူတာ အသုံးပြုချိန်ကလည်း Programmer တွေလို မများတဲ့အပြင်၊ နိစ္စဓူ၀ မိမိ အသုံးပြုနေတဲ့ Software များလောက်ကိုသာ ကောင်းစွာ အသုံးပြုတတ်ကြပါတယ်။ တခါတရံ နေ့စဉ်သုံးနေကြ Software တွေကိုပဲ အလွန်တရာ ကျွမ်းကျင်နက်ရှိုင်းစွာ ထဲထဲ၀င်၀င် မသုံးတတ်ကြတာ ကိုလည်း တွေ့ရတတ်ပါတယ်။
ကွန်ပျူတာကို သာမန်အသုံးပြုနေသူ အများစုက ကွန်ပျူတာတွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို မသိသလို၊ သိဖို့လည်း စိတ်လည်း မ၀င်စားကြပါဘူး။ အဲဒါကြောင့် Programmer လွယ်ကူရင်းနှီး ကျွမ်း၀င်နေတဲ့့ ပြဿနာ ဖြေရှင်းနည်းလမ်းတွေကို သိဖို့၊ Programmer တွေ အကျွမ်းတ၀င်ရှိတဲ့ Pattern များ၊ Interface များကို သိဖို့၊ နားလည်ဖို့ ဆိုတာကတော့ အလွန်ပင် ေ၀းကွာလွန်းပါတယ်။
User များရဲ့ အတွေးလမ်းကြောင်းကို သိဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံကို စောင့်ကြည့် လေ့လာဖို့ ဖြစ်ပါတယ်။ သင်ဖန်တီးနေတဲ့့ ဆော့ဖ်၀ဲနှင့် အလားတူ အစိတ်အပိုင်းတစ်ခုကို ယူပြီး User ကို ပြီးအောင် သုံးခိုင်းကြည့်ပါ။ "ဤဂဏန်းများကို ပေါင်းပါ" စတဲ့့ လွယ်ကူ ရိုးစင်းတဲ့့ လမ်းညွှန်ချက်လောက်သာ ပေးပါ။ အသေးစိတ် လမ်းညွှန်မှုများ ပေးခြင်း၊ နိမိတ်ပြမေးခွန်းများ၊ မေးခွန်းထဲတွင် အဖြေပါတဲ့့ မေးခွန်းများ မေးခြင်းများကို မလုပ်ပါနဲ့။ User က သူ့လုပ်ဆောင်ချက်နဲ့ ခံစားရတဲ့ အတွေ့အကြုံ၊ သူ့အမြင်တွေကို ပြောတဲ့အခါ စိတ်ရှည်စွာ နားထောင်ပါ။ ကြားဖြတ်ပြောခြင်း အကြံပေးခြင်းများ မလုပ်ပါနဲ့။ တစ်ချိန်တည်းမှာပဲ "သူ ဘာကြောင့် ဒီလို လုပ်ရတာလဲ"၊ "သူမ ဘာ့ကြောင့် ဒါကို မလုပ်တာလဲ" စတဲ့့ မေးခွန်းတွေကို မိမိဘာသာ ပြန်လည်မေးမြန်း ဆန်းစစ်ပါ။
ကျွန်တော်တို့ သတိထားမိလာမယ့် ပထမဆုံး အချက်တစ်ခုကတော့ User များရဲ့ လုပ်ဆောင်ချက်များဟာ တစ်ဦးနဲ့ တစ်ဦး အတူတူနီးပါး ဖြစ်နေတဲ့ အချက် ဖြစ်ပါတယ်။။ အလုပ်တစ်ခုကို ပြီးအောင်လုပ်ဖို့ ကြိုးစားကြရာမှာလည်း လုပ်ဆောင်တဲ့့ အစီအစဉ်များ တူညီနေတတ်ပါတယ်။ အမှားတွေ လုပ်တဲ့ နေရာနဲ့ အမှားအမျိုးအစားများလည်း တူညီနေတတ်ပါတယ်။ ဒီအချက်တွေကို အခြေခံပြီး ကျွန်တော်တို့ ဖန်တီးနေတဲ့ Software, Website များရဲ့ Design ကို ပြုပြင်ရေးဆွဲ ဖို့ လိုအပ်ပါတယ်။ ထိုအခြေအနေမှာ အစပိုင်းက ကြိုတင်ရေးဆွဲထားတဲ့ Design Meeting များက ထွက်လာတဲ့ ဆုံးဖြတ်ချက်များနှင့် ကွဲလွဲနေတတ်ပါတယ်။
တကယ်တော့ Design Meeting အများစုဟာ "User တွေက ဒီလိုလေး လုပ်လိုက်ရင်တော့ ကြိုက်မယ် ထင်တယ်၊ ဟိုလို လုပ်ရင်တော့ သိပ်ကြိုက်မှာ မဟုတ်လောက်ဘူး.." စတဲ့ ခန့်မှန်းယူဆချက် အများစုကို ဆွေးနွေးညှိနှိုင်း တတ်ကြတဲ့ စည်းေ၀းပွဲများက ပိုများနေတတ်ပါတယ်။ အဲဒီလို အစည်းအေ၀းမျိုးကြောင့် ရေးဆွဲမယ့် Software, Website, Web Application များမှာ မလိုအပ်တဲ့့ Feature တွေကို ထည့်သွင်းမိခြင်း၊ User တွေ တကယ်လိုအပ်တဲ့ အရာတွေကို မထည့်မိခြင်း၊ User များရဲ့ လိုအပ်ချက်များ အပေါ် ရှုပ်ထွေးစွာ နားလည်မိခြင်းများ ဖြစ်စေတတ်ပါတယ်။
ကျွန်တော်တို့ရဲ့ စမ်းသပ်မှုမှာ User တွေ အဆင်မပြေ ဖြစ်နေတဲ့ အခြေအနေကို တွေ့ကောင်းတွေ့ရပါမယ်။ Programmer တစ်ဦးက Software တစ်ခုကို သုံးရင်း၊ အဆင်မပြေဖြစ်တဲ့အခါ အဲဒီ Programmer အနေနဲ့ အဆင်မပြေ ဖြစ်နေတဲ့ နေရာ အနီးတ၀ိုက်ကို ဆက်လက် စူးစမ်းကြပါတယ်။ User များကတော့ ပြောင်းပြန် ဖြစ်ပါတယ်။။ သူတို့ အဆင်မပြေဖြစ်တဲ့ နေရာမှာပဲ တ၀ဲ၀ဲလည်နေတတ်ပါတယ်။ အဲဒီ နေရာက ကျော်ပြီး ဘေးပတ်၀န်းကျင်ကို မစူစမ်းကြတော့ပါဘူး။ ကြာတော့ ဖန်သားပြင်ရဲ့ တအခြားနေရာများမှာ ရှိနေကောင်း ရှိနေနိုင်တဲ့့ အဲဒီ ပြဿနာအတွက် အဖြေကိုပင် တွေ့ဖို့ ခက်ခဲလာတတ်ပါတယ်။ ဒီအချက်က Interface Design မကောင်းတဲ့့ အခြေအနေများမှာ Help Text များ အသုံးမ၀င် ဖြစ်ရခြင်းရဲ့ အကြောင်းရင်း တစ်ရပ် ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ Software မှာ လမ်းညွှန်ချက်များ၊ သို့မဟုတ် အကူအညီပေးတဲ့ စာသားများ ထည့်သွင်းပေးဖို့ လိုအပ်တဲ့ဆိုရင်၊ အဲဒီ အကူအညီတွေကို တကယ်ထားပေးရမယ့် နေရာ၊ ပြဿနာ ရှိတဲ့ နေရာ၊ တကယ်လိုအပ်တဲ့ နေရာမှာ မှန်ကန်စွာ ထားရှိဖို့ သေချာစွာ စီစဉ်ရ ပါမယ်။ Software များမှာ ပါရှိတဲ့ Tooltips တွေက Help menu များထက် ပိုပြီး အသုံး၀င် နေတာဟာ User များရဲ့ အခက်အခဲကြုံနေချိန်မှာ ဘေးပတ်၀န်းကျင်ကို မကြည့်တတ်တော့တဲ့ အားနည်းချက်ကြောင့် ဖြစ်ပါတယ်။
User များအနေနဲ့ အခက်အခဲများကို အတတ်နိုင်ဆုံး ကျော်လွှား၊ ဖြေရှင်းဖို့ ကြိုးစားကြတဲ့့ အခါမှာ အများအားဖြင့် လတ်တလော ရောက်နေတဲ့ နေရာမှာပဲ တ၀ဲ၀ဲ တလည်လည် ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် အကောင်းဆုံး နည်းလမ်းက အမှန်တကယ် လွယ်ကူမြင်သာတဲ့ လမ်းကြောင်းတစ်ခုကို User များအတွက် ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။
မြင်သာတဲ့့ ရိုးရိုး လမ်းကြောင်းတစ်ခုဟာ မမြင်ရတဲ့ ဖြတ်လမ်းနည်း (Shortcut) နှစ်ခု၊ သုံးခုထက် ပိုပြီး ထိရောက် အသုံး၀င်တာ အမှန်ပါ။
နောက်ထပ် မကြာခဏ မြင်တွေ့ရတဲ့ ပြဿနာတစ်ခုက - User များက သူတို့လိုချင်တယ်လို့ ပြောခဲ့တဲ့ အချက်များနဲ့ သူတို့ တကယ်လုပ်နေကြတဲ့ အရာများကြားမှာ ကွဲလွဲမှုများ ရှိနေခြင်း ဖြစ်ပါတယ်။ ဒီကွဲလွဲချက်ရဲ့ အဓိက အကြောင်းရင်းကလည်း User များရဲ့ လိုအပ်ချက်ကို စုဆောင်းတဲ့ အခါမှာ သာမန်လုပ်ရိုးလုပ်စဉ်အတိုင်း မေးခွန်းများနဲ့သာ၊ အမေးအဖြေ လုပ်ခဲ့ကြတဲ့ အတွက် ဖြစ်ပါတယ်။
User များရဲ့ လုပ်ဆောင်ချက်များကို တစ်နာရီမျှ စောင့်ကြည့်လိုက်ရခြင်းဟာ ၊ အဲဒီ User တွေ ဘာလိုအပ်နေသလဲ ဆိုတာကို တစ်နေကုန် ထိုင်ပြီး ခန့်မှန်းနေကြခြင်းထက် ပိုပြီး တန်ဘိုးရှိပါတယ်။
ဒီဆောင်းပါးဟာ O'Reilly ကထုတ်တဲ့ 97 Things Every Programmer Should Know စာအုပ်ထဲက Ask "What Would the User Do?" (You Are not the User) ဆောင်းပါးကို ဆီလျော်အောင် မြန်မာ ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ဒီဆောင်းပါးရဲ့ မူရင်း စာရေးသူကတော့ Giles Colborne ဖြစ်ပါတယ်။ သူဟာ British Aerospace, Institute of Physics Publishing နဲ့ Euro RSCG group တို့မှာ ဆယ်စုနှစ် နှစ်ခုစာလောက် အလုပ်လုပ်လာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်ခွင်မှာ User တွေရဲ့ လုပ်ပုံကိုင်ပုံ၊ ယူဆပုံတွေကို နာရီပေါင်းရာနဲ့ချီပြီး သုတေသနပြု လေ့လာခဲ့တာပါ။ 2004 ခုနှစ်မှာတော့ cxpartners ဆိုတဲ့ Company ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ သူတို့ လုပ်ငန်းက - စားသုံးသူ (End user) တွေရဲ့ အလေ့အထနဲ့ လုပ်ဆောင်ချက်တွေကို အခြေခံပြီး ဒီဇိုင်းထုတ်တဲ့ (User-centered design) Company တစ်ခုဖြစ်ပြီး Nokia, Marriott, eBay စတဲ့ နာမည်ကျော်၊ ကမ္ဘာကျော် လုပ်ငန်းကြီးတွေအတွက် User Behavior and Designs, User Experience Design စတာတွေကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
Giles Colborne ဟာ ဗြိတိန် နိုင်ငံ Usability Professionals' Association ရဲ့ ဥက္ကဌအဖြစ်လည်း 2003 ကနေ 2007 အထိ တာ၀န်ယူခဲ့ပါတယ်။ သူဟာ British Standards Institute နဲ့ လက်တွဲပြီး Accessibility ဆိုင်ရာ စံသတ်မှတ်ချက်များနဲ့ လမ်းညွှန်ချက်များ ဖွံ့ဖြိုးတိုးတက်အောင်လည်း ပြုလုပ်ခဲ့ပါတယ်။
ကျန်တဲ့ ဆောင်းပါးလေးတွေကိုလည်း အခုလိုပဲ ကြိုးစားဘာသာပြန်ပြီး မြန်မာညီအကို မောင်နှမများအတွက် ေ၀မျှသွားပါ့မယ်။ မူရင်းဆောင်းပါးကိုတော့ http://bit.ly/UrNotUser မှာ ဖတ်နိုင်ပါတယ်။
This work is licensed under a Creative Commons Attribution 3
Comments
thanyawzinmin (not verified)
Sat, 05/21/2011 - 02:46
Permalink
Hi bro
I am here to read ur article and now I downloading ur ebook webDevelopmentBestPratice
everlearner
Sun, 09/04/2011 - 06:19
Permalink
Thanks for reading
Hi bro,
Thanks for your time.
Hope you enjoy the the Web Development Best Practice book though it is not much cover all the best practices. :)
Add new comment