အတားအဆီးများကို ဖော်ထုတ်ခြင်း (၆) - Google နဲ့ Apple ရဲ့ နမူနာ

တစ်ချိန်က Lycos ၊ Ask.com တို့လို ဆိုက်တွေကို လူသုံးများနေတဲ့ အချိန်က ဒီနေ့ ကမ္ဘာကျော် Google ကို အောင်မြင်လောက်စရာ မရှိပါဘူးလို့ သူတို့က ဆိုခဲ့ဖူးပါတယ်။ အဲဒီအချိန်က Yahoo ကို သွားရောင်းတော့လည်း အောင်မြင်ဖို့ အလားအလာ မရှိဘူးလို့ အငြင်းပယ်ခံခဲ့ရ ဖူးပါတယ်။ Google ရဲ့ founder တွေသာ အဲဒီလို အဲဒီအချိန်က Industrial Leaders တွေပြောတဲ့ အလုပ်မဖြစ်နိုင်ဘူး ဆိုတဲ့ စကားတွေကြောင့် လွယ်လွယ်နဲ့ လက်လျော့ခဲ့ရင် ဒီကနေ့ Google ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။

ဒီကမ္ဘာမှာ လူတန်းစား နှစ်ခုပဲ ရှိပါတယ်။ ပိုက်ဆံကိုင်ထားတဲ့ လူတွေနဲ့ ပိုက်ဆံ ကိုင်မထားနိုင်တဲ့ သူတွေပါ။ သင်လုပ်တဲ့ အလုပ်တွေနဲ့ ဝန်ဆောင်မှုတွေကို အဲဒီ လူတန်းစား နှစ်ခုလုံးအတွက် အဆင်ပြေအောင် အဖက်ဖက်က လုပ်ပေးထားနိုင်ခဲ့မယ်ဆိုရင် သင်ဘာအလုပ်ပဲ လုပ်လုပ် အောင်မြင်မှု ရပါပြီ။

၂၇ - ဆရာကြီးတွေက အလုပ်မဖြစ်နိုင်ဘူး ဆိုလို့

ဘယ်လုပ်ငန်းခွင်မှာ မဆို သဘာရင့်ပြီးသား ဆရာကြီးတွေ ရှိတတ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ ရင့်ကျက်နေပြီး သက်ဆိုင်ရာ နယ်ပယ်မှာတော့ ခေါင်းဆောင် (Industrial Leaders) တွေပေါ့။

တခါတရံမှာ လုပ်ငန်းအသစ်တစ်ခုခုကို အဲဒီနယ်ပယ်မှာ စမ်းလုပ်ချင်လို့ အဲဒီဆရာကြီးတွေနဲ့ တိုင်ပင်ရတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ သူတို့ဆီက အကြံဉာဏ်ကောင်းတွေ ရတတ်သလို တခါတလေကျတော့ "ဒါကတော့ အလုပ်မဖြစ်ဘူး၊ မဖြစ်နိုင်ဘူးထင်တယ်... ဘာကြောင့်လဲ ဆိုတော...." ဆိုတဲ့ စကားမျိုး သူတို့ဆီက ကြားရတတ်ပါတယ်။

အဲဒီလို စကားမျိုး ထွက်လာပြီဆိုရင်တော့ ဆက်မမေးပါနဲ့တော့။ သူ့ဆီကနေ မဖြစ်နိုင်ရတဲ့ အကြောင်းရင်းတွေ တန်းစီပြီး ထွက်လာပါလိမ့်မယ်။ တကယ်တော့ ဖြစ်နိုင်တဲ့ လမ်းကြောင်းကို သူတို့ မရှာရသေးလို့ ဒီလိုစကားတွေ ပြောနေတာပါ။

အတိတ်တစ်ချိန်က Lycos ၊ Ask.com တို့လို ဝက်ဘ်ဆိုက်တွေကို လူသုံးများနေတဲ့ အချိန်က ဒီနေ့ ကမ္ဘာကျော် အင်တာနက် ရှာဖွေရေးအင်ဂျင် Google ကို အောင်မြင်လောက်စရာ မရှိပါဘူးလို့ သူတို့က ဆိုခဲ့ဖူးပါတယ်။ အဲဒီအချိန်က Yahoo ကို သွားရောင်းတဲ့အခါ အလုပ် ဖြစ်နိုင်ချေ မရှိဘူးလို့ အငြင်းပယ်ခံခဲ့ရ ဖူးပါတယ်။

Google ရဲ့ founder တွေသာ အဲဒီလို အဲဒီအချိန်က Industrial Leaders တွေပြောတဲ့ အလုပ်မဖြစ်နိုင်ဘူး ဆိုတဲ့ စကားတွေကြောင့် လွယ်လွယ်နဲ့ လက်လျော့ခဲ့ရင် ဒီကနေ့ Google ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ သူတို့တွေရဲ့ စိတ်ဓါတ်မကျဘဲ လေ့လာ သင်ယူ အားထုတ်ခဲ့တာတွေ၊ မဆုတ်မနစ် ကြိုးစားခဲ့တာတွေကြောင့် ဒီနေ့ Google အခြေအနေကို ရရှိ​အောင်မြင်ခဲ့တာပါ။ အလားတူ ဖြစ်ရပ်တွေက ခင်ဗျားတို့ ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင်မှာ အများကြီးပါပဲ။

တကယ်လို့များ သင်လုပ်ချင်တဲ့ လုပ်ငန်းတစ်ခုမှာ လက်ရှိလုပ်နေတဲ့ တစ်ယောက်ယောက်ကများ မဖြစ်နိုင်ဘူးလို့ ကိုယ့်စိတ်ကူးကို ဝေဖန်လာခဲ့ ပြီဆိုရင် ဘာ့ကြောင့် မဖြစ်နိုင်ရသလဲ ပြန်မေးဖို့ မမေ့ပါနဲ့။ တကယ်လို့ သင်ဟာ သူပြောတဲ့ မဖြစ်နိုင်ရတဲ့ အကြောင်းရင်းတွေကို ပြေလည်အောင် ချေဖျက်၊ ဖြေရှင်းနိုင်ခဲ့မယ် ဆိုရင် သင်လုပ်ချင်တာကို ဖြစ်အောင် လုပ်နိုင်လာပါလိမ့်မယ်။

၂၈ - ငွေရေးကြေးရေးအရ သိပ်အဆင်မပြေနိုင်ဘူး

သူများပိုက်ဆံကို အချောင်လိုချင်တဲ့ အလောင်းအစား လုပ်တဲ့ အလုပ်တွေကလွဲပြီး ကျန်တဲ့ ရင်းနှီးမြုတ်နှံမှုတွေမှာ ငွေကြေးအရ စွန့်စားသင့်ရင် စွန့်စားဖို့ လိုပါလိမ့်မယ်။ စီးပွားရေးမှာ ငွေအရင်းအနှီး မြှုတ်နှံမှုဆိုတာ စွန့်စားခန်း တစ်ရပ်ပါပဲ။

လိုအပ်လာရင် ရင်းနှီးမြုတ်နှံကြည့်ဖို့ မကြောက်ပါနဲ့။ ကိုယ်တိုင်ရယူမှ ရတဲ့ အတွေ့အကြုံတစ်ခုအတွက် သူများဆီက ဝယ်လို့မရပါဘူး။ အဆင်မပြေလို့ နောက်ဆုံး အချိန်မှာ အရင်းဆုံးသွားခဲ့သည့်တိုင်အောင် ရလိုက်တဲ့ အတွေ့အကြုံက သင့်အတွက် အမြတ်အစွန်း၊ သင့်အတွက် သင်ခန်းစာ ပါပဲ။ တကယ်လို့ အောင်မြင်ပြီး အမြတ်အစွန်းရလာခဲ့ရင်တော့ အကောင်းဆုံးပဲပေါ့။

၂၉ - စျေးကွက် အနေအထားအရ အခြေအနေ သိပ်မကောင်းသေးဘူး

ဒီစကားက တကယ်တော့ မမှန်ပါဘူး။ ကျွန်တော်တို့ အခုလို လက်တွေ့ကျကျ စဉ်းစားကြည့်လို့ ရပါတယ်။

၁) စျေးကွက် အနေအထားက ဘယ်လိုပဲ ဖြစ်နေပါစေ ငါတို့ ဂရုမစိုက်ဘူး။ လက်ရှိစျေးကွက်ထဲမှာ ရှိပြီးသားအရာတွေထက် ပိုကောင်းအောင် လုပ်မယ်။ ဉပမာ − Apple iPod, iPhone, iPad။ တကယ်တော့ Apple က iPod, iPhone, iPad တွေထုတ်တဲ့ အချိန်မှာ စျေးကွက်ထဲမှာ သူ့ထက်အရင် ရှိနှင့်ပြီးသား သီချင်းဖွင့်စက်တွေ၊ လက်ကိုင်ဖုန်းတွေ၊ Tablet တွေ အများကြီး ရှိနှင့်ပြီးသားပါ။ Apple ရဲ့ နောက်မှထုတ်တဲ့ ဒီပစ္စည်းတွေ အောင်မြင်ခဲ့ရတဲ့ အဓိက အကြောင်းရင်းကတော့ ရှိပြီးသားတွေထက် သာအောင်၊ ပိုကောင်းအောင် လုပ်ခဲ့လို့ပါပဲ။ မြန်မာစကားပုံမှာလည်း အကြံတူရင် နောက်လူသာစမြဲ ဆိုတဲ့ စကားတစ်ခွန်း ရှိပြီးသားပါ။

၂) စျေးကွက် အခြေအနေဆိုတာ အားလုံးဖြစ်နိုင်တယ်။ ဘာမဆို ဖြစ်နိုင်တယ်။ လုပ်တတ် ကိုင်တတ် အလိုက်သင့် စီးမျောတတ်ဖို့ပဲ လိုတယ်။ ဒါကတော့ အခြေအနေကို ကြည့်ပြီး အလိုက်သင့် ငါးပွက်ရာ ငါးစာလိုက်ချပြီး အလုပ်လုပ်တတ်တဲ့ သဘောမျိုးပါ။ မြန်မာပြည်မှာ ဆိုရင်တော့ တက်လာတဲ့သူတိုင်းကို တောင်းသမျှပေးပြီး တည့်အောင်ပေါင်းရင်း ကိုယ့်အတွက် တိုးတက်ရာ တိုးတက်ကြောင်း တိုးတိုးတိတ်တိတ် လုပ်သွားတဲ့ လူတော် လူတတ်ကြီးများ ကို ဉပမာ ပြရမယ် ထင်ပါရဲ့။ တကယ်တော့ အဲလိုလူတွေက မြန်မာပြည်ရယ် မဟုတ်ပါဘူး။ နေရာတိုင်းမှာ ရှိပါတယ်။

ဒီကမ္ဘာမှာ လူတန်းစား နှစ်ခုပဲ ရှိပါတယ်။ ပိုက်ဆံကိုင်ထားတဲ့ လူတွေနဲ့ ပိုက်ဆံ ကိုင်မထားနိုင်တဲ့ သူတွေပါ။ အဲဒီတော့ စျေးကွက်အနေအထားက ပိုက်ဆံကို ကိုင်မထားနိုင်တဲ့သူတွေနဲ့ သိပ်အဆင်မပြေနိုင်ဘူးလို့ ယူဆခဲ့ရင် အဖြေက ရှင်းရှင်းလေးပါ။ သင့်ရဲ့ ထုတ်ကုန်သို့မဟုတ် ဝန်ဆောင်မှုကို ပိုက်ဆံလက်ထဲ ကိုင်ထားနိုင်သူတွေ အတွက် ဖန်တီးပါ။ သူတို့တွေ ဝယ်ချင်လာအောင် သုံးချင်လာအောင် လုပ်ပေးပါ။

အရေးအကြီးဆုံး အချက်တစ်ခုကတော့ ကျွန်တော်တို့ အလုပ်တွေ၊ ဝန်ဆောင်မှုတွေကို အစွန်းတစ်ဖက်တည်းမှာ ရပ်မထားဖို့ပါပဲ။ ကျွန်တော်တို့လုပ်တဲ့ အလုပ်တွေနဲ့ ဝန်ဆောင်မှုတွေကို ပိုက်ဆံလက်ထဲမှာ ရှိတဲ့သူတွေ ကိုင်ထားနိုင်တဲ့ သူတွေ အတွက်ရော၊ လက်ထဲမှာ မရှိတဲ့ ကိုင်မထားနိုင်တဲ့ သူတွေ အတွက်ပါ အဆင်ပြေအောင် အဖက်ဖက်က လုပ်ပေးထားနိုင်ခဲ့မယ်ဆိုရင် သင်ဘာအလုပ်ပဲ လုပ်လုပ် အောင်မြင်မှု ရပါပြီ။

ဆက်ရန်...

Online Marketing Strategist Tommy Walker106 Excuses That Prevent You From Ever Becoming Great − ဆောင်းပါးမှ ဆီလျော်သလို ထုတ်နှုတ် ဘာသာ ပြန်ဆို ရေးသားပါသည်။

Add new comment

Similar Articles

Featured Articles