အတားအဆီးများကို ဖော်ထုတ်ခြင်း (၅) - မသန်စွမ်းသော်လည်း လောကကို အောင်နိုင်သူများ

ကိုယ်လက် အင်္ဂါမသန်စွမ်းပေမယ့် သန်စွမ်းတဲ့သူတွေလို နေထိုင်ပြီး ဘဝမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးမှာ ရှိတဲ့ တူညီတဲ့ စိတ်ဓါတ်ကတော့ "ငါလည်း လူပဲ၊ ငါလည်း လုပ်နိုင်တယ်" ဆိုတဲ့ မဆုတ်မနစ်တဲ့ စိတ်ဓါတ်နဲ့ ခံယူချက် ဖြစ်ပါတယ်။ သူတို့တွေတောင် ဘဝကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ဖြတ်သန်းနေနိုင်ရင် ကိုယ်လက် ပြည့်စုံ သန်စွမ်းတဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ဘဝမမှာ အောင်မြင်စရာ အခွင့်အလန်း ပိုများပါတယ်။

၂၆ - ကိုယ်လက်အင်္ဂါ မသန်စွမ်းလို့

သင့်ရဲ့ ခန္ဓာကိုယ်ဟာ သူများတွေလို သန်စွမ်းချင်မှ သန်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါဟာ တကယ်တမ်းတော့ သင့်ရဲ့ အောင်မြင်မှုကို အတားအဆီး မဖြစ်စေပါဘူး။

နာမည်ကျော် လူရွှင်တော် Josh Blue မှာ မွေးရာပါ ဦးနှောက်ချွတ်ယွင်းတဲ့ရောဂါ (Cerebral palsy) ကြောင့် ညာဘက်လက် မသန်ပါဘူး။ ဒါပေမယ့် သူဟာ ဘော်လုံးသမားကောင်းတစ်ယောက် ဖြစ်သလို၊ ပန်းချီကားတွေလည်း ရေးဆွဲသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်လက် မသန်စွမ်းမှုကြောင့် ဖြစ်လာတဲ့ အတွေ့အကြုံတွေ၊ တခြားသူတွေရဲ့ သူ့အပေါ် အမြင်တွေ၊ အဲဒါတွေကို ရင်ဆိုင်ရင်း ကြုံလာရတဲ့ အဖြစ်အပျက်တွေကို ကောင်းကောင်း ပျက်လုံးထုတ်ရင်း ဝင်ငွေလမ်း ဖြောင့်နေတဲ့ မသန်စွမ်းသူ တစ်ယောက်ပါ။

1982 December 4 မှာမွေးခဲ့တဲ့ သြစတေးလျနိုင်ငံသား Nick Vujicic မှာ မွေးရာပါ ရောဂါကြောင့် ခြေ၊လက်တွေ မပါပါဘူး။ ဒါပေမယ့် သူဟာ အတော်ဆုံး တရားဟော ဆရာတစ်ယောက် ဖြစ်သလို လူတွေ စိတ်လှုပ်ရှားတက်ကြွလာအောင် ဟောတတ်ပြောတတ်တဲ့ သူတစ်ဦးပါ။ ဒီစာကို ဖတ်နေတဲ့သင်ဟာ သူ့လို မသန်မစွမ်းတော့ မဟုတ်တာ သေချာပါတယ်။

အသက် 26 နှစ်ပဲ ရှိသေးတဲ့ Kyle Maynard ဆိုရင် ခြေထောက်နှစ်ဘက်က တိုတိုလေးတွေပါ။ လက်နှစ်ဘက်ကလည်း လက်ကောက်ဝတ်ကနေ ပြတ်နေပါတယ်။ ဒါပေမယ့် သူဟာ အဟောအပြောကောင်းသူ တစ်ဦးဖြစ်သလို ကိုယ်ခံပညာနဲ့ ဘက်စုံ အားကစားတွေမှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ ဝိတ်မယ် လက်ဝှေ့ထိုးတယ်၊ အားကစားရုံတစ်ခုကိုလည်း ပိုင်ပါတယ်။ ကျောင်းသားတစ်ယောက်အဖြစ်လည်း စာတွေ သင်ယူလေ့လာနေဆဲပါ။ သူ့အကြောင်း အသေးစိတ်နဲ့ ဆောင်ရွက်ချက်တွေကို သူ့ကိုယ်ပိုင်ဝက်ဘ်ဆိုက် kyle-maynard.com မှာ လေ့လာ ကြည့်နိုင်ပါတယ်။

ဒီဆောင်းပါးတွေရဲ့ မူရင်းစာရေးသူ Tommy Walker ဆိုရင်လည်း ဉီးနှောက်မှာ ထူးဆန်းတဲ့ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်ခု ရှိသူပါ။ ဒါပေမယ့် သူဟာ မိသားစုကို ရှာဖွေလုပ်ကိုင် ကျွေးမွေးနေတဲ့သူ တစ်ယောက်ဖြစ်သလို အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ခြေလက် မပါလို့ ပါးစပ်နဲ့ ပန်းချီကားတွေ ရေးဆွဲပြီး အောင်မြင်နေတဲ့သူတွေ၊ ခြေထောက် အတုတွေနဲ့ အပြေးသမာအဖြစ် အောင်မြင်နေတဲ့သူတွေ၊ စတီဖင်ဟော့ကင်းတို့လို လူတစ်ကိုယ်လုံး မလှုပ်နိုင်ပေမယ့် အောင်မြင်နေတဲ့ ပညာရှင်တွေ လောကမှာ အများကြီး ရှိနေပါသေးတယ်။

အဲဒီပုဂ္ဂိုလ်တွေ အားလုံးမှာ ရှိတဲ့ တူညီတဲ့ စိတ်ဓါတ်ကတော့ "ငါလည်း လူပဲ၊ ငါလည်း လုပ်နိုင်တယ်" ဆိုတဲ့ မဆုတ်မနစ်တဲ့ စိတ်ဓါတ်နဲ့ ခံယူချက် ဖြစ်ပါတယ်။ သူတို့တွေတောင် ဘဝကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ဖြတ်သန်းနေနိုင်ရင် ကိုယ်လက် ပြည့်စုံ သန်စွမ်းတဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ဘဝမှာ အောင်မြင်စရာ အခွင့်အလန်း ပိုများပါတယ်။

ကိုယ်လက် မသန်စွမ်းပေမယ့် ဘဝကို အရှုံးမပေးသူတွေ အကြောင်း စုစည်းထားတဲ့ The Badass Project ဆိုတဲ့ ဝက်ဘ်ဆိုက် ရှိပါတယ်။ အဲဒီဆိုက်ရဲ့ FaceBook page ကိုလည်း ကြည့်လို့ ရပါတယ်။

တကယ်တော့ ဘဝမှာ − ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကို တားဆီးထားတဲ့ အဓိကတရားခံကတော့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။ ကျွန်တော်တို့ကို အောင်မြင်အောင် တကယ်လုပ်ပေးနိုင်သူကလည်း ကျွန်တော်တို့ ကိုယ်တိုင်ပါ။

အပိုင်း (၁) - အတားအဆီးများကို ဖော်ထုတ်ခြင်း - ကိုယ်သာတရားခံ
အပိုင်း (၂) - အတားအဆီးများကို ဖော်ထုတ်ခြင်း (၂) - သူတို့ကြောင့်လား
အပိုင်း (၃) - အတားအဆီးများကို ဖော်ထုတ်ခြင်း (၃) - ဥပဒေကို အသုံးချ
အပိုင်း (၄) အတားအဆီးများကို ဖော်ထုတ်ခြင်း (၄) - မိဘတွေနဲ့ တိုင်ပင်ပါ

ဆက်ရန်...

Online Marketing Strategist Tommy Walker106 Excuses That Prevent You From Ever Becoming Great − ဆောင်းပါးမှ ဆီလျော်သလို ထုတ်နှုတ် ဘာသာ ပြန်ဆို ရေးသားပါသည်။

Tags:

Add new comment

Featured Articles