သူငယ်ချင်း ဂရပ်ဖစ်ဒီဇိုင်နာများ သို့

မောင်ထင်ရေ..

ငါသတိရခြင်းများစွားနဲ့ စာရေးလိုက်ပါတယ်ကွာ..
မင်းရော အလုပ်အကိုင်တွေအဆင်ပြေရဲ့လား..
မတွေ့ရတာလဲ ကြာပြီကွာ။ အရင်ကလို လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတစ်တွေ ရောက်တတ်ရာရာ မပြောရတာ ကြာပြီနော်။
ငါကတော့ ဒီမှာ မင်းတို့ကိုတအားသတိရတယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့ဒီကိုလာမယ်ဆိုရင်တော့ ပိုကောင်းမယ်။ မင်းတို့ အမြင် ပိုကျယ်တာပေါ့ကွာ..။ ဒီမှာကတော့ လူမျိုးပေါင်းစုံဆိုတော့ နိုင်ငံတကာ ယဉ်ကျေးမှုပေါင်းစုံ၊ အသွင်အဆန်း၊ ဒီဇိုင်းပေါင်းစုံ ပေါ့ကွာ။ ပြောရရင် ဒီနိုင်ငံက အရှေ့လိုလို အနောက်လိုလို လူတွေနဲ့ယဉ်ကျေးမှုတွေက တအားရောယှက်နေတယ်။ ငါတို့နိုင်ငံမှာတော့ မြန်မာယဉ်ကျေးမှု မြန်မာဒီဇိုင်း မြန်မာစာလုံးတွေနဲ့ ကိုယ်ပိုင်အနုပညာတွေရှိကြပါတယ်။ ဒါပေမယ့်ကွာ ငါ့အမြင်ကတော့ ဒီဇိုင်နာတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ သူ့အမြင်သူ့အာရုံတွေပေါ်မှာ မူတည်နေတယ်လို့ထင်တယ်ကွာ။ နေရာဒေသတစ်ခုနဲ့ တစ်ခုတောင်မှဒီဇိုင်းအမြင် မတူကြသေးတာကွာ။ ငါတို့ မြန်မာဒီဇိုင်းနာတွေ နိုင်ငံတကာကို ၀င်ဆန့်နိုင်ဖို့ ဆိုတဲ့နေရာမှာ နည်းပညာတစ်ခုတည်းတင်မဟုတ်ပဲ ဖန်တီးနိုင်တဲ့ အရည်အချင်းတွေနဲ့ စိတ်ကူးစိတ်သန်းတွေ ရှိဖို့ရာ အဓိက အရေးကြီးတယ်လို့ ငါမြင်တယ်ကွာ။

ငါတို့ပြောခဲ့တဲ့အတိုင်းပဲ Photoshop လောက် Illustrator လောက်တတ်ပြီး၊ Graphic Design Software Tools တွေကိုသုံးတတ်ရုံနဲ့ ဒီဇိုင်နာ မဖြစ်ဘူးဆိုတာလေကွာ။ မှတ်မိကြမှာပေါ့။ ဒီမှာက Graphic Designer တွေအတွက် အလုပ်ခေါ်ရင် Art School ကပြီးတာလား Graphic Design ကျောင်းကပြီးတာလား စသဖြင့် ကြည့်တတ်ကြပါတယ်။ ငါတို့ဆီမှာကတော့ သင်တန်းတွေမှာ Photoshop, Illustrator သင်ပြီးရင် Graphic Designer ဖြစ်ပြီလို့ထင်နေကြပါတယ်။ ဒီအဆင့်ဟာ အသက်မွေး၀မ်းကြောင်းအဖြစ် စနိုင်ရုံပဲရှိပါဦးမယ်။ ငါတို့ ငြင်းခုံခဲ့ကြသလိုပဲ Creative က အဓိကပဲ။ ဒါပေမယ့် အဲဒီထက် အဓိကကျတာက ဒီဇိုင်းအမြင်ရှိဖို့့ပဲ။

မောင်ထင်ရေ..
မင်းနဲ့ပေါင်းပြီး ဆိုင်းဘုတ်ဒီဇိုင်းတွေ ငေးခဲ့ရာက ငါမှာ ဆိုင်းဘုတ်တွေမြင်ရင် ဒီဇိုင်းတွေကို လိုက်ကြည့်တတ်တဲ့ အကျင့်က စွဲနေပါပြီ..။ မှတ်မိပါသေးတယ်ကွာ .. အရောင်က ဘာကိုသုံးထာတာ၊ ဘယ်လိုအရောင်တွေစပ်ထားတာ၊ Fontက အထူ၊အပါး ဘယ်လို၊ စောင်းထားတာ၊ အနားတွေဘယ်လိုကွပ်ထားတာ၊ စသဖြင့် ငါတို့တွေ လမ်းဘေး၀ဲယာတစ်လျှောက် တွေ့သမျှကြော်ငြာဆိုင်းဘုတ်တွေ၊ မြင်သမျှ ဒီဇိုင်း၊ ပန်းချီ၊ ဓါတ်ပုံတွေကို လေ့လော၀ဖန်သုံးသပ်ခဲ့ကြတာတွေ..။ အဲဒီလို ငါတို့တွေဟာ လေ့လာစရာ နယ်ပယ်ကျဉ်းကျဉ်း၊ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ငါတို့ရဲ့ အမြင်တွေကိုတော့ တတ်နိုင်သလောက် ဖွင့်ထားနိုင်ခဲ့ကြတယ်လေ..။

ပြီးတော့ မင်းက ဒီဇိုင်းတစ်ခုလုပ်ပြီဆိုရင် တော်တော်လေးကို စိတ်ရှည်တတ်တယ်။ မင်းစိတ်တိုင်းကျပြီဆိုမှ လွှတ်တတ်တယ်။ ဒီရောက်တော့ ငါမင်းကို ပိုသတိရတာပေါ့..။ အလုပ်ထဲမှာ ပေါင်းရတာတွေကလည်း Graphic Designer တွေဆိုတော့ ငါမင်းကို ပိုသတိရတယ်။ ပြီးတော့ လုပ်ငန်းထဲက အတွေအကြုံတွေ တချို့ကို ငါ မင်းကိုပြောပြချင်တယ်။ မင်း စိတ်၀င်စားမယ်ဆိုတာလဲ ငါသိတယ်။

(၁) အသုံးချ ဆောဖ်၀ဲများ
ဒီမှာက ဒီဇိုင်နာတွေက Adobe InDesign ကို အဓိကထား သုံးကြတယ်။ InDesign ထဲမှာပဲ
အကုန်လုပ်တယ်။ Publishing ပိုင်း ဆိုတော့ Indesign က အဓိကပဲလေ။ ငါတို့ မြန်မာပြည်မှာကတော့ PageMaker ပေါ့ကွာ။ ဒါပေမယ့် PageMaker က အေ၀းကြီးမှာ ကျန်ခဲ့ပါပြီ။ InDesign က သုံးရတာ တော်တော်လေး ကောင်းပါတယ်။ နောက် Vector ပုံတွေအတွက် Adobe Illustrator နဲ့ Photo တွေ အတွက် Adobe Photoshop ကိုသုံးကြတယ်။ Indesign နဲ့ပတ်သက်ရင်တော့ အားလုံးက ဆရာကြီးတွေပဲ။ အဲဒါက ဒီမှာ Graphic Designer အများဆုံးသုံးကြတဲ့ ဆော့ဖ်၀ဲတွေပဲ။ Version ကတော့ CS4 ဆိုတဲ့ အမြင့်ကြီးတွေ မသုံးနိုင်သေးပါဘူး။
(၂)ကာလာသီအိုရီ

နောက်တစ်ခုက အရောင်။ အရောင်တွေနဲ့ ပတ်သက်ပြီး မင်းနဲ့ငါနဲ့ပြောခဲ့သလိုပဲ ပတ်၀န်းကျင်ဒေသက အရောင်တွေကို စိုးမိုးထားတယ်ဆိုတာလေကွာ..။ ဥပမာ ကုလားတွေက အစိမ်းကိုကြိုက်ကျတယ်။ အဲဒီအစိမ်းကိုပဲ ဂျပန်တွေက တစ်မျိုး၊ မကြိုက်ကျပြန်ဘူး။ ငါတို့ဆီမှာ တချို့က အနက်ရောင်ကို မကြိုက်ကျသလိုပေါ့ကွာ။ ပြီးတော့ မြန်မာမှာ အများစုက အရောင်ကို ဂရုမစိုက်ကြဘူး။ အရောင်တောက်တောက်ကြီးတွေ သုံးကြတယ်။ ဒီမှာ အဲလိုမသုံးကြဘူး။ pantone colour တွေကို အသုံးများတယ်။ ငါမှာ Graphic Design ကိုလည်း လေ့လာခဲ့ရပြန်တော့ ငါ့ထက်ဒီဇိုင်းပိုတော်တဲ့ မင်းကို ဒီကိုလာခဲ့စေချင်တာပါ။ Color Theory ကိုလည်း ဘာသာရပ်တစ်ခုသဖွယ် ငါတို့ စနစ်တကျလေ့လာရပါမယ်။

(၃) Typography
နောက်တစ်ခုက Typography.. အဲအပိုင်းမှာ အဓိကအသုံးများတာကတော့ ငါတို့အကြိုက် Helvetica font ပဲကွ။
ဖောင့် အထူအပါး၊ အကျဉ်းအကျယ်၊ အစောင်းအတည့်၊ ဖောင့်ကာလာ၊ ပြီးတော့ Line Height, Line Spacing တွေ..။ အဲဒီနေရာမှာ ငါတို့မြန်မာတွေက မြန်မာဖောင့်တွေအများဆုံးသုံးလာခဲ့ကြတာ။ ဒီမှာ English နဲ့ Chinese Font တွေပဲ သုံးကြတာဆိုတော့ အနည်းငယ်တော့ ကွာခြားသွားမယ်။ ငါထင်တယ် ဒါကလည်း မင်းအတွက်သိပ်အရေးမကြီးပါဘူး။ ဒါပေမယ့် မင်းသိထားသင့်တယ်။ ဒီမှာကတော့ Typography ဆိုတာကလည်း ဘာသာရပ်တစ်ခုပဲလေ။ သူကို သီးသန့်ထပ်လေ့လာရမယ်ကွာ။ Typography နဲ့ ပတ်သက်ပြီး ဆိုက်တွေလည်းရှိပါတယ်။ ငါလဲ တတ်နိုင်သမျှ လေ့လာထားတဲ့ဆိုက်လေးတွေ တင်ပေးပါ့မယ်။

(၄) Measurement, File Format, Layout and Color Separation
Measruement အပိုင်းမှာတော့ ဒီမှာ cm, mm(မီလီမီတာ)ကို သုံးတယ်။ အဲဒါလေးလဲ သတိထားလာခဲ့ကွာ။ ခန့်မှန်းရတာ မလွယ်ဘူးကွ။ အဲဒါလဲ ငါတို့ မြန်မာနဲ့ ခြားနားချက်တစ်ခုပဲလေ။ နောက်တစ်ခုက ဖိုင် format တွေ။ Indesign file format ကနေ pdf file formal အဖြစ်နဲ့ နောက်ဆုံးအဆင့်မှာ ထွက်မယ်လေကွာ။ အဲဒီတော့ Indesign ကို save တဲ့အခါ ဘယ်လိုပုံစံတွေနဲ့ save မယ်ဆိုတာတွေကို လေ့လာပါ။ layout ပိုင်းကတော့ ကွာတယ်ကွာ။ ဒီက ဒီဇိုင်း sample တွေကို ကြည့်ရင်မင်းသိပါလိမ့်မယ်။ ဒီက flyer တွေ၊ Mailer တွေ၊ Broucherတွေ၊ မြင်ရင် အဲဒီ layout Design တွေကို လေ့လာပါ။

(၅) ဘာသာစကား
သူငယ်ချင်းရေ..ဘာသာစကားက ဒီမှာအရေးကြီးဆုံးပဲကွာ။ တခြားသူတွေထက် ဂရပ်ဖစ်ဒီဇိုင်နာတွေက ပိုပြီးအရေးကြီးပါတယ်။ client တွေ၊ customer တွေနဲ့ ဆက်ဆံရတဲ့အခါ သူတို့လိုချင်တာတွေ ကိုယ်လုပ်ပေးမယ့်အရာတွေ ပြောကြဆိုကြတဲ့အခါ၊ အရေးပါလာတယ်။ ငါတို့ မြန်မာပြည်မှာတောင် တို့တစ်တွေ တခါတလေ လိပ်ပတ်လည်အောင်ပြောကြဆိုကြရတာတွေ ရှိတယ်လေ။
ဒီမှာ client အများစုက chinese တွေဆိုတော့ တရုတ်စကားပြောတတ်ရင်တော့ အကောင်းဆုံးပေါ့။ ဒီမှာ မြန်မာဒီဇိုင်းနာတွေအတွက် ကွာဟချက်တစ်ခုက ပြောဆိုဆက်ဆံမှု ဘာသာစကားဖြစ်နေတယ်ကွာ။

မောင်ထင်ရေ..
ငါက Graphic Designer တစ်ယောက်မဟုတ်ပေမယ့် အဲဒါတွေကိုလည်း လေ့လာခဲ့ရတော့ ငါသိသလောက်၊ ငါမြင်တွေ့သလောက်လေးကိုတော့၊ မင်းကို ပြောပြခဲ့ပီးပြီ။ ဒီထက် ပိုလေ့လာပြီးရင် ငါမင်းကို ပြောပြပါအုံးမယ်။ မင်းလဲ ငါ့ဆီကို အီးမေးလ်ပို့အုံးလေကွာ။ နောက်တစ်ခုကျန်နေတာက ငါအခု Apple ကွန်ပျူတာကိုသုံးနေရတယ်။ OS က Mac OS X လေကွာ။ ဒီမှာ Designer တွေက Apple ကို သုံးကြတယ်။ အဲဒီတော့ ငါတို့၊ မင်းတို့ Window ကိုသုံးပြီး နှိပ်လာခဲ့တဲ့ Window Shortcut နဲ့ Application Shortcut တွေက ဒီနေရာမှာ သတိထားရလိမ့်မယ်။ shortcut key တွေက အကျင့်ပါနေတော့ အစပိုင်းမှာ ဂရုစိုက်ရမယ်လေကွာ။

နောက်မှပဲ ဆက်ရေးတော့မယ်..သူငယ်ချင်းရေ..။
ဘာပဲဖြစ်ဖြစ် ဒီကိုလာဖို့တော့ ကြိုးစားကွာ။ အဲဒီမှာ မင်းလည်း အတွေ့အကြုံ လုံလုံလောက်လောက်ရှိခဲ့ပြီးပဲ။ ငါလည်း လိုအပ်တာလေးတွေကို လှမ်းပြောပြပါမယ်။
မင်းရဲ့လုပ်ငန်းတွေလဲ အဆင်ပြေပါစေလို့ ငါဆုတောင်းပေးပါတယ်။


မင်းရဲ့ချစ်သူငယ်ချင်း
ဆောင်းချမ်းမိုး

Add new comment

Featured Articles