သီလခြုံလို့ လုံတဲ့ပြည်

တစ်လောက ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ညီတစ်ယောက်၊ ညီမတစ်ယောက်နဲ့အတူ ရထားစီးပြီး အိမ်ပြန်လာရင်း စကားပြောဖြစ်ကြပါတယ်။ အဓိက ပြောဖြစ်ကြတာကတော့ အလုပ်အကြောင်းတွေပါ။ ဒီကလူတွေ အလုပ်ကို ကျားစီးဖားစီး လုပ်နိုင်တဲ့အကြောင်း၊ ဒီမှာ အလုပ်ရဖို့ မလွယ်သလို၊ ဒီကလူတွေနဲ့ ယှဉ်ပြီး အလုပ်လုပ်ရတာကလည်း ရောက်လာကာစ ဆိုရင် မလွယ်တဲ့ အကြောင်း ပြောမိကြပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က
"မှန်တယ် ညီမ၊ ဒီမှာ အလုပ်ရှာတဲ့အခါမှာ အရည်အချင်းသာ မကဘူး၊ အကျင့်သီလချင်းပါ ပြိုင်ကြရတာမို့ တကယ်ကို မလွယ်ဘူး" လို့ ပြောလိုက်ပါတယ်။
ရုတ်တရက်ဆိုတော့ သူတို့နှစ်ယောက် ကျွန်တော့် ဆိုလိုရင်းကို နားမလည်ကြပါဘူး။ ကျွန်တော်က ဆက်ရှင်းပြပါတယ်။

"တကယ်တော့ ဒီကလူအများစုက အလိုလိုနေရင်း လူ့သီလတွေ လုံနေတာ။ မင်းတို့ သေသေချာချာ ကြည့်လိုက်။ သူ့အသက်သတ်တာ၊ သူများ ပစ္စည်း ခိုးတာ၊ သူများ အိမ်ယာ လွန်ကျူးတာ၊ အရက်သေစာ အလွန်အကျွံ မူးယစ်သောက်စား ရမ်းကားတာ၊ လိမ်လည် လှည့်ဖြား မုသားပြောတာတွေ ဒီမှာ မြင်ရမှာ မဟုတ်ဘူး။ အဲလို လုပ်လို့မရအောင်လည်း နေရာတိုင်းမှာ လုံခြုံမှု အပြည့်နဲ့၊ ဉပဒေနဲ့ ကာကွယ်ထားတာ။"

အင်အားကောင်းတဲ့ ကုသိုလ်ကံများ

သူတို့နှစ်ယောက်က စိတ်ဝင်တစားနဲ့ ငြိမ်ပြီး နားထောင်နေတာ မြင်ရတော့ ကျွန်တော်က ဆက်ပြောပါတယ်။

"အစိုးရ ဌာနတွေမှာ ဆိုလည်း ပိုက်ဆံတောင်းတာတွေ၊ အပြင်လုပ်ငန်းတွေမှာ ဆိုရင်လည်း အချင်းချင်း လိမ်တာတွေ မြင်ရမှာ မဟုတ်ဘူး။ အဲလိုဆိုတော့ ဒီက လူတွေဟာ ငါးပါးသီလ မခံယူသော်လည်းပဲ လူသားတိုင်းအတွက် အထူးအရေးကြီးတဲ့ လူ့သီလတွေကို အကြောင်းအမျိုးမျိုးနဲ့ လုံနေတဲ့အတွက် သူတို့ ကုသိုလ်ကံတွေက အင်နဲ့အားနဲ့ ကောင်းနေတာ။ အကိုတို့က အရည်အချင်းတင်မကဘူး အဲဒီ မမြင်နိုင်တဲ့ အကျင့်သီလတွေကိုပါ ယှဉ်နေကြရတာ"

"လူတွေက တစ်ယောက်နဲ့တစ်ယောက် မလိမ်ဘူးဆိုတဲ့ ယုံကြည်မှုတွေနဲ့ အလုပ်လုပ်နေရတော့ အလုပ်တွေကလည်း အောင်မြင်ပြီပေါ့ကွာ။ အိပ်တဲ့အချိန်လည်း စိတ်ချမ်းသာစွာ အိပ်နိုင်သလို အလုပ်လုပ်တဲ့ အခါလည်း အားသွန်ခွန်စိုက် လုပ်နိုင်တယ်။ ပျော်စရာ ရွှင်စရာ ဆိုလည်း စိတ်ချလက်ချ ပျော်နိုင်တယ်။ စိတ်က လုံခြုံမှု အပြည့် ရှိနေတာကိုး။ ကျန်တဲ့ အစိတ်အပိုင်းတွေလည်း ဒီလိုပါပဲ ညီလေးတို့ ဆက်ပြီး စဉ်းစားကြည့်လေ အများကြီး မြင်ရလေ ဖြစ်လာပါလိမ့်မယ်" လို့ ကျွန်တော်က ပြောရင်း စကားစကို ရပ်လိုက်ပါတော့တယ်။

တကယ်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်သီလတွေက သာလျှင် ကျွန်တော်တို့ရဲ့ ဘဝတွေကို လုံခြုံစေမှာ ဖြစ်ပါတယ်။ သီလလုံခြုံတဲ့ လူတွေ အများကြီး စုပေါင်း၊ နေထိုင်၊ အုပ်ချုပ်တဲ့ တိုင်းပြည်ကလည်း သီလရိပ်အောက်မှာ လုံခြုံ၊ အေးချမ်း၊ ကြီးပွား၊ ချမ်းသာ၊ အောင်မြင်နေမှာ ဖြစ်ပါတယ်။

Tags:

Add new comment

Similar Articles

Featured Articles