လောကအလှ အွန်လိုင်းမဂ္ဂဇင်းမှ အင်တာဗျူး

မတ်လတစ်လလုံး အံ့သြစရာ ကောင်းလောက်အောင် အလုပ်တွေများနေတဲ့ အတွက် စာမရေးနိုင်လို့ လောကအလှ အွန်လိုင်း မဂ္ဂဇင်းက 17 January 2011 မှာ အင်တာဗျူးခဲ့တဲ့ အကြောင်းလေးကို ပြန်တင်လိုက်ပါတယ်... အွန်လိုင်းကနေပဲ လုပ်ခဲ့တဲ့ ဒီအင်တာဗျူးမှာ ကျွန်တော့်ရဲ့ web experiences, knowledge sharing နဲ့ life style နဲ့ ပတ်သက်တာတွေကို ပြောဖြစ်ခဲ့ကြပါတယ်။ အင်တာဗျူးခဲ့တဲ့ "မဟနစံ" ကိုလည်း ကျေးဇူးတင်ပါတယ်။

ဝေမျှနေတဲ့ ပညာရှင်တစ်ဦး

www.mmshare.org အပါအဝင် website တချို့မှာ တက်ကြွစွာပါဝင်ကာ နည်းပညာ မျှဝေနေတဲ့ ကိုEver Learner ကို လောကအလှမှ မေးမြန်းခဲ့ရာ ကိုEver Learner က ဖြေကြားသွားခဲ့ပါတယ်။

ကိုEver Learnerခု ဘာတွေလုပ်နေပါသလဲ။

အင်း... လောလောဆယ် - အလုပ်လုပ်နေတာက System Engineer cum Web Developer ခင်ဗျ။

ဘယ်လို အကြောင်းတွေပါလဲ။

အဓိက လေ့လာ၊ အသုံးချနေတဲ့ အကြောင်းအရာတွေက ၁) Web Performance Optimization လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်တွေကို မြန်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့နည်းလမ်းတွေ ၂) Website Security, Online/Offline Personal Security ဘယ်လို လုပ်မလဲ ၃) WordPress (+Buddy Press), Drupal နဲ့ PrestaShop (ecommerce software) CMS တွေကို အသုံးချတဲ့ Customized website တွေပါ။

ဘယ် website တွေမှာ လုပ်နေတာပါလဲ။

လောလောဆယ် Web Development, Web Hosting, Site Maintenance တွေအားလုံးကို အစအဆုံး လုပ်နေတဲ့ ဆိုက်က ၆ခု ရှိပါတယ်။
၁) MyanmarLanguage.org (Drupal) ၂) MinITSG.com (WordPress, မင်းပညာဒါန) ၃) Sunlun-meditation.org (Drupal, under development, စွန်းလွန်း ၀ိပဿနာ) ၄) SppCare.com (WordPress) ၅) mmshare.org (Drupal) ၆) MyanNet.com (WordPress + BuddyPress) ဒီဆိုက်တွေ အားလုံးမှာ SppCare.com တစ်ခုက လွဲရင် ကျန်တဲ့ ဆိုက်တွေက Volunteer လုပ်နေတဲ့ ဆိုက်တွေပါ။ Hosting Sponsor လည်း ကျွန်တော်ပါပဲ။ လုပ်အားလည်း အပြည့်အ၀ ပေးထားပါတယ်။ အလုပ်ချိန်ပြင်ပ ကိုယ်ပိုင်အချိန်တွေမှာ လုပ်နေတာပါ။

Unicode နဲ့ Language Project တွေကတော့ - Drupal CMS ကို မြန်မာဘာသာ Localization လုပ်နေပါတယ်။ phpMyAdmin ကိုလည်း မြန်မာဘာသာ လုပ်နေပါတယ်။

Drupal ကို ဘာကြောင့်လုပ်ရတာပါလဲ။

Drupal ကို ဘာကြောင့်လုပ်ရတာပါလဲဆိုတော့ သူက အစွမ်းထက်လို့ပါ ဥပမာ - အနေနဲ့ပြရရင် အမေရိကန် အိမ်ဖြူတော်ရဲ့ ၀က်ဘ်ဆိုက် http://WhiteHouse.gov, Yahoo ရဲ့ Style Guide http://styleguide.yahoo.com, Consumer Search http://consumersearch.com/, Ubuntu - http://www.ubuntu.com, http://LinuxJournal.com စတဲ့ ဆိုက် အချို့ကို ပြချင်ပါတယ်။

လုပ်နေတဲ့ ၀က်ဘ်ဆိုက်တွေမှာ ဆိုက်ရဲ့ အမြန်နှုံးနဲ့ လုံခြုံမှုကိုလည်း အထူးဦးစားပေး ပါတယ်။ မြန်မာပြည်က လူတွေအတွက် အင်တာနက်က နှေးရတဲ့အထဲ ကြည့်တဲ့ ဆိုက်တွေကလည်း နှေးနေတယ် ဆိုရင် အလွန်အချိန်ကုန်ပြီး စိတ်လည်း ပင်ပန်းရလို့ပါ။

နည်းပညာတွေ မျှဝေနေတဲ့နေရာတွေကရော။

Web Performance Optimization နဲ့ ဆိုင်တဲ့ နည်းလမ်းတွေကို mmshare.org မှာ ရေးထားတာ ရှိပါတယ်။ ဘာသာပြန်တွေနဲ့ ကိုယ့်လုပ်ငန်း အတွေ့အကြုံတွေကို ပေါင်းစပ်ရေးထားတာပါ။

ကိုEver Learnerက ကွန်ပျူတာဘွဲ့ရပါလား။

ပညာရေးဘွဲ့ကတော့ ဘီအီး အီလက်ထရောနစ်ပါ။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အဲဒီဘွဲ့က အလုပ်လုပ်တဲ့အခါ ထည့်ဖို့ပဲ လောလောဆယ် သုံးဖြစ်ပါတယ်။ တကယ် စိတ်၀င်စားတာ၊ လက်တွေ့လုပ်နေတာက ကွန်ပျူတာ (အိုင်တီ) ပါ။ လောလောဆယ်တော့ Web Development မှာ အတော် အခြေတကျ အလုပ် လုပ်ဖြစ်နေပါတယ်။

ကွန်ပျူတာ ပညာရပ်တွေကို ပိုစိတ်ဝင်စားလို့ပါလား။

ကျွန်တော်တို့ ကျောင်းတက်တော့ ကွန်ပျူတာဘာသာက အခုလို မေဂျာဘာသာတွေ မဟုတ်သေးပါဘူး။ အဲဒါနဲ့ အီလက်ထရောနစ် မေဂျာယူရင်း ကျောင်းအားတဲ့ ကိုယ်ပိုင်အချိန်တွေမှာ ကွန်ပျူတာ ဘာသာရပ်တွေ လေ့လာဖြစ်၊ လုပ်ဖြစ်ပါတယ်။ C, C++ , Fortran စတဲ့ Programming Language တွေကိုတော့ Minor အနေနဲ့ သင်ခဲ့ရပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကို ရသလောက်ဖတ်ရင်း တတ်နိုင်သလောက် လုပ်ခဲ့တာပါပဲ။ ဆရာနဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ယူတာလိုတော့ စနစ်မကျပါဘူး။ ဒါပေမဲ့ ကျွန်တော့်လေ့လာနည်းက တကယ်သင်ရိုးမှာ ဘာတွေ သင်နေသလဲ အဲဒီမှာ ဘာစာအုပ်တွေ ပြဌာန်းလဲ ဆိုတာ အရင်ကြည့်ပြီး ကိုယ့်ဘာသာ ရသလောက် လေ့လာတာပါ။

ဒါဆို လေ့လာတဲ့အခါ လိုအပ်တဲ့ စာအုပ်တွေကို ဘယ်လို ရှာပါသလဲ။

အွန်လိုင်းသုံးဖို့ အဆင်ပြေတဲ့အချိန်မှာ ရသလောက် အွန်လိုင်းကနေ စုဆောင်းပါတယ် ပြီးတော့ အွန်လိုင်းမရှိတဲ့ အချိန်မှာ ပြန်လုပ်ပါတယ်။

ယနေ့ခေတ် မြန်မာကွန်ပျူတာလောကကို ဘယ်လို မြင်ပါ သလဲ။

မြန်မာကွန်ပျူတာလောက ကတော့ ကျွန်တော်တို့ စလေ့လာကာ စကထက် အဆပေါင်းများစွာ တိုးတက်လာပါတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ အဲလိုပဲ နိုင်ငံတကာနဲ့ ယှဉ်ဖို့အတွက် လုပ်စရာတွေလည်း အများကြီး၊ စီးပွားရေး အခွင့်အလမ်းတွေလည်း အများကြီး ကျန်နေသေးတယ်လို့ ပြောချင်ပါတယ်။ မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေကို အိုင်တီနဲ့ အခုထက်ပိုပြီး ရင်းနှီး စေချင် ပါတယ်။ ရုံးမှာ စာစီစာရိုက်လောက် လုပ်တာ အိုင်တီ မဟုတ်သေး ပါဘူး။ အွန်လိုင်းကနေ ကိုယ့်လုပ်ငန်းတွေကို နိုင်ငံတကာအထိ ချဲ့ထွင်နိုင်အောင် ကျွန်တော်တို့ ၀ိုင်းလုပ်ကြဖို့ လိုအပ်ပါတယ်။ အိုင်တီသမားတွေနဲ့ စီးပွားရေးသမားတွေ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ဖို့နဲ့ လက်တွဲအလုပ်လုပ်ကြဖို့ အရမ်းလိုအပ် နေပါတယ်။ အိုင်တီသမားက နည်းပညာပိုင်သလို စီးပွားရေးသမား ကလည်း ပိုက်ဆံရှာနည်းပိုင်ပါတယ်။ နှစ်ဦးပေါင်းပြီး မျှမျှတတနဲ့ ယုံယုံကြည်ကြည် ရိုးရိုးသားသား လက်တွဲအလုပ်လုပ်ကြဖို့ အများကြီး လိုအပ်ပါတယ်။

မြန်မာကွန်ပျူတာလောကသားတွေက အချင်းချင်း တတ်နိုင် သလောက် ရိုင်းပင်းကူညီကြပါတယ်။ အပြင်ရောက်နေတဲ့သူတွေ ကလည်း တတ်နိုင်သလောက် ပြန်ပြီး ေ၀မျှကြတာတွေ တွေ့ရတော့ အရမ်းကို ၀မ်းသာပါတယ်။ ဒါပေမဲ့ အွန်လိုင်း မရတဲ့ နေရာတွေ အတွက် လုပ်ပေးစရာတွေ အများကြီး ကျန်ပါသေးတယ်။

အိုင်တီဆိုတာ အွန်လိုင်းရှိမှ လေ့လာလို့ ရတာ မဟုတ်ပါဘူး။ တကယ်တမ်းက ကျွန်တော့်တို့ ငယ်စဉ်က သင်ခဲ့တဲ့ သင်္ချာသင်ခန်းစာတွေမှာတောင် အိုင်တီ အခြေခံနည်းပညာတွေ ပါခဲ့ပြီးပါပြီ။ အဲဒီဆက်စပ်မှုကို ကျွန်တော် ဆောင်းပါးလေးတစ်ပုဒ်နဲ့ အစပျိုးထားပြီးပါပြီ ဆက်ရေးဖို့ ကျန်ပါသေးတယ်။ http://mmshare.org/tips/programming-and-math-basic-relationship

ပြီးတော့ အခမဲ့ရနိုင် အသုံးပြုနိုင်တဲ့ Open Source ဆော့ဖ်၀ဲရ်တွေကို သုံးချင်စိတ် သုံးရဲတဲ့စိတ်တွေ ဖြစ်လာအောင် ကျွန်တော်တို့ ပညာပေးဖို့ လိုအပ်ပါဦးမယ်။ တတ်နိုင်ရင် ဆော့ဖ်၀ဲရ်တွေကို ၀ယ်သုံးစေချင်ပါတယ်။ မတတ်နိုင်လို့ ဒီအတိုင်း သုံးနေရရင်တောင်မှာ တစ်ချိန် ငါတတ်နိုင်တဲ့အခါ ၀ယ်သုံးမယ် ဆိုတဲ့ စိတ်ထားတွေ ရှိနေအောင် ကျွန်တော်တို့ ၀ိုင်း၀န်း ဆောင်ရွက်ဖို့ လိုနေပါတယ်။ ဒါက နိုင်ငံတကာ level သွားတဲ့အခါ အရမ်းလိုအပ်ပါတယ်။ ဥပမာ ပြောရရင် ဒီမှာလည်း 3000 တန်ဆော့ဖ်၀ဲရ်တစ်ခုကို အလကား ယူသုံးနေတဲ့သူတွေ ရှိတာပါပဲ။ ဒါပေမဲ့ တကယ်တမ်း စီးပွားရေးလုပ်တော့မယ်ဆိုရင်တော ့ တကယ် ၀ယ်သုံးကြပါတယ်။

အလုပ်တွေများလို့ စိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါ ဘယ်လို စိတ်ကို ဖြေဖျောက်အနားယူပါသလဲ။

အလုပ်တွေများလို့ စိတ်ဖိစီးတဲ့အခါ အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားပြီး လက်ရှိလုပ်လက်စကို အမြန်ပြီးအောင် လုပ်ဖို့ ကြိုးစားပါတယ်။ အဲဒီအချိန်မှာ အမှားနည်းအောင် ပိုဂရုစိုက်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အဲလို အချိန်မှာ အေးအေးဆေးဆေးလုပ်ဖို့ ဘေးကနေ သတိပေးပါတယ်။ အမြန်လိုလို့ အတင်းလုပ်ရင်း အမှားဖြစ်သွားရင် ပိုကြာတတ်တာမျိုး မဖြစ်အောင်ပါ။ တစ်ခါတလေ ပြဿနာဖြစ်လို့ အဖြေရှာမရ၊ ဒါပေမဲ့ အချိန်ရသေးရင် အဲဒီအလုပ်ကို ခဏဘေးဖယ်ထားလိုက်ပါတယ်။ ကျန်တာတွေ ဆက်လုပ်ပါတယ်။ တစ်ခါတလေ မဆိုင်တဲ့ တခြားအလုပ်တွေ လုပ်ပါတယ်။ ဘာနဲ့တူလဲ ဆိုတော့ ငယ်ငယ်က စာမေးပွဲဖြေတော့ အရဆုံးမေးခွန်းကို အရင်ဖြေသလိုပါပဲ။ တစ်ခါတလေ အဲလိုလုပ်ပါတယ်။

ဘာသာတရား အနေနဲ့ အိမ်မှာ ဘုရားရှိခိုးတဲ့အပြင် ရထားစီးရင်း ဂုဏ်တော်၊ ပဌာန်းရွတ်ပါတယ်။ ဘုရားဂုဏ်တော်ကိုးပါးကို မြန်မာလို စိတ်ထဲက အာရုံပြုတာပါ။ သတိရတိုင်း အာရုံပြုပါတယ်။ အဲဒီအကြောင်း ရေးထားတာ တစ်ခု http://mmshare.org/life/after-5-years-journey-of-living မှာ ရေးထားတာ ရှိပါတယ်။ သီးခြား အပန်းဖြေတာ မရှိပါဘူး။ အားတဲ့အချိန် ကိုယ်စိတ်၀င်စားတဲ့ စာတစ်ပုဒ်ဖတ်လိုက်တာ၊ မဖြေရှင်းနိုင်သေးတဲ့ အခက်အခဲတစ်ခု ရှင်းရင်း အခက်အခဲလည်း ပြေလည်၊ ကိုယ်လည်း အသိပညာတိုးသွားလို့ စိတ်ကြေနပ်သွားတာနဲ့တင် အတော်လေး အပန်းပြေပါတယ်။ ဒါကတော့ လူတစ်ယောက်ချင်းစီမှာ တူမှာ မဟုတ်ပါဘူး။

ယနေ့ခေတ်လူငယ်တွေအပေါ် အမြင်လေး သိပါရစေ။

ယနေ့ခေတ်လူငယ်တွေ ကျွန်တော်တို့ထက် ကံကောင်းပါတယ်။ ရွေးချယ်စရာ လမ်းကြောင်းတွေ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ကြိုးလည်း ကြိုးစားကြသလို လူမှုရေး လုပ်ငန်းတွေ မှာလည်း တတ်အားသမျှ တက်တက်ကြွကြွ လုပ်နေတာတွေ တွေ့ရပါတယ်။ ပရဟိတစိတ်ရှိခြင်းနဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါ၀င်ဆောင်ရွက်ခြင်းဟာ လူ့ပတ်၀န်းကျင်အတွက် အများကြီး ကောင်းမွန်တဲ့ စိတ်ထားနဲ့ လုပ်ရပ်တွေပါပဲ။ ကိုယ်က ကိုယ့် ပတ်၀န်းကျင်ကို ကောင်းအောင် လုပ်ရင်း ကိုယ်လည်း အလိုလိုကောင်းလာတာပါပဲ။

ကျွန်တော်ရဲ့ စိတ်မှာ အမြဲတမ်း အတုယူတဲ့သူတွေထဲမှာ (သက်ရှိထင်ရှားအနေနဲ့ ဆိုရင်) သီတဂူဆရာတော်ကြီးကို အမြဲတမ်း အတုယူပါတယ်။ ဆရာတော်ကြီးက ကိုယ်တိုင်လည်း တော်ပြီး အများအကျိုးအတွက်လည်း မနေမနားလုပ်နေတာ အရမ်းကို အတုယူ လေးစားဖို့ ကောင်းပါတယ်။ ကျွန်တော်တို့တွေ အားလုံး ဆရာတော်ကြီးရဲ့ ဆယ်ပုံတစ်ပုံလောက် ၀ိုင်းကြိုးစားကြ ရင်တောင် တစ်ဦးချင်းစီရဲ့ စီးပွားရေး လူမှုရေး ပညာရေးတွေမှာ အများကြီး တိုးတက်လာစရာ ရှိပါတယ်။ ကိုယ်ဘယ်မှာနေတယ် ဆိုတာက ၁၀၀ရာနှုံး အဓိက မကျပါဘူး။ ကိုယ်ဘာတွေ လုပ်နေ သလဲ ဘာတွေ ကြိုးစားနေလဲ ဘယ်လောက်မှန်မှန်ကန်ကန် လုပ်နေလဲဆိုတာက ပိုအရေးကြီးပါတယ်။
http://mmshare.org/life/after-5-years-journey-of-living

လူငယ်များကို ဘာများအမှာစကားပြောချင်ပါသလဲ။

ကိုယ်လိုချင်တာကို သိပြီး၊ အဲဒီ လိုချင်တာကို ရဖို့ နည်းမှန်လမ်းမှန်နဲ့ အကောင်းဆုံး ကြိုးစားစေချင်တာပါပဲ။ လွယ်တော့ မလွယ်ပါဘူး။ ကိုယ်ဘာကို လိုချင်လဲဆိုတာ လွယ်လွယ်သိဖို့ မဖြစ်နိုင်ပါဘူး။ အချိန်ပေးရပါတယ်။ စာများများဖတ်ဖို့နဲ့ ပတ်၀န်းကျင် (မြန်မာနဲ့ ကမ္ဘာ)ကို လေ့လာဖို့ လိုအပ်ပါတယ်။ ကောင်းတဲ့တော်တဲ့သူတွေရဲ့ ဘ၀နေနည်းနဲ့ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတွေကို လေ့လာပြီး ကိုယ့်အတွက် သင့်တော်သလို အသုံးချစေချင်ပါတယ်။ ကိုယ့်ရဲ့ ညီ ညီမငယ်တွေကို တတ်နိုင်သမျှ ကောင်းတာတွေ လက်ဆင့်ကမ်းဖို့ လိုအပ်ပါမယ်။

ပြီးတော့ ဘယ်အလုပ်ပဲလုပ်လုပ် ဘာပဲလုပ်လုပ် လူ့ကျင့်၀တ်ဖြစ်တဲ့ သီလလုံခြုံမှုကို တန်ဖိုးထားကြစေချင်ပါတယ်။ ဒါကတော့ ဘယ်ဘာသာ၀င်ပဲဖြစ်ဖြစ် အရေးကြီးပါတယ်။ အခြေခံကြတဲ့ ငါးပါးသီလဟာ ဘာသာတရားတိုင်းမှာ အတူတူပါပဲ။ သီလလုံခြုံဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ သတိထားပြီး နေထိုင်သွားရင် အလွန်ငြိမ်းချမ်းတဲ့၊ စိတ်လုံခြုံတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်သွားနိုင်ပါလိမ့်မယ်။ လက်ရှိဘ၀မှာရော သံသရာမှာပါ နောင်တရစရာ အဖြစ်တွေ မလုပ်မိအောင် သီလလုံခြုံမှုက အများကြီး အထောက်အပံ့ ပေးပါလိမ့်မယ်။ ကျွန်တော့်ကိုယ်တွေ့ပါပဲ။

အခုလိုဖြေကြားပေးတဲ့ ကိုEver Learnerကို ကျေးဇူးတင် ပါတယ်။

Original Interview => http://www.lawka-ahla.com/news.php?extend.1118.9

Add new comment

Featured Articles