ရွှေကိုမလို ငွေကိုမလို အာဏာမလို - မြန်နှုံးမြင့် အင်တာနက်သာ လိုသည်

အမိ မြန်မာပြည်နဲ့ ဝေးနေတဲ့ လူငယ်တစ်ယောက် အနေနဲ့ တိုင်းပြည်မှာ အပြောင်းအလဲတွေ ဖြစ်လာတာကို မြင်ရတာ အင်မတန် ဝမ်းသာစရာပါ။ နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ပြည်ပရောက် မြန်မာတွေကို ပြန်လာဖို့ ဖိတ်ခေါ်နေတာတွေကိုလည်း ဝမ်းသာစရာ မြင်နေရပါတယ်။ ဒါပေမယ့် နိုင်ငံခြား ရောက်နေတဲ့ မြန်မာလူငယ်တွေ အိမ်ပြန်နိုင်ဖို့ကတော့ မလွယ်သေးပါဘူး။ အခက်အခဲတွေ များစွာထဲက တစ်ခုကတော့ မြန်နှုံးမြင့် အင်တာနက် မရရှိသေးလို့ပါပဲ

အိုင်တီ၊ အင်ဂျင်နီယာနဲ့ အင်တာနက်

ပြည်ပမှာ အလုပ်လုပ်နေတဲ့ လူငယ်အများစုကို ပြန်ကြည့်ရင် အိုင်တီနဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေမှာ အများဆုံးပါ။ လုပ်ငန်းအားလုံးမှာ ကွန်ပျူတာ၊ အင်တာနက်နဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒီလူငယ်တွေ အိမ်ပြန် အလုပ်လုပ်နိုင်ဖို့ အင်တာနက်ကောင်းကောင်း အရင်လိုပါတယ်။ လုပ်ငန်းနဲ့ နိုင်ငံတကာ စျေးကွက်ရှာဖို့က အင်တာနက်ကောင်းကောင်း မရှိဘဲ ဘာမှ ဆက်လုပ်လို့ မရပါဘူး။

စင်္ကာပူက ကျွန်တော်တို့အရွယ် လူငယ်တွေ

ကျွန်တော့်မှာ Freelance Developer အနေနဲ့ အလုပ်လုပ်နေတဲ့၊ ကိုယ်ပိုင် လုပ်ငန်းတွေလုပ်နေတဲ့ စင်္ကာပူနိုင်ငံသား လူငယ်မိတ်ဆွေ အတော်များများ ရှိပါတယ်။ သူတို့ အလုပ်တွေအားလုံးက မြန်နှုံးမြင့် အင်တာနက်လိုင်းတစ်လိုင်းနဲ့ ကုမ္ပဏီလိပ်စာ တစ်ခုကိုပဲ မှီခိုပါတယ်။ တချို့ဆို စာတိုက်သေတ္တာ (Mail box) တစ်ခုပဲ ငှားထားတာမျိုး ရှိပါတယ်။ စင်္ကာပူမှာ တစ်လကို ဒေါ်လာ ၇၀ (မြန်မာငွေ ၄၅၀၀၀ နီးပါး) ပေးရင် Sim Card ဖိုး ပေးစရာမလိုတဲ့ 3G Mobile Internet, 50 GB monthly data transfer လိုင်းတစ်လိုင်း ရပါပြီ။ Upload/Download rate က 3 Mbps - 12 Mbps ရှိပါတယ်။ အဲဒီလိုင်း လျှောက်ဖို့အတွက်လည်း IC card တစ်ခုကလွဲရင် ဘာစာရွက်စာတမ်းမှ မလိုပါဘူး။ ဘာကန့်သတ်ချက်မှလည်း မရှိပါဘူး။

မြန်မာလူငယ်တွေ ညံ့လို့လား

အဲဒီတော့ မြန်မာလူငယ် တစ်ယောက်က အလွန်နှေးတဲ့ အင်တာနက်လိုင်းမှာ တစ်နေကုန် အလုပ်လုပ်နေတဲ့ အလုပ်ကို စင်္ကာပူက လူငယ်တစ်ယောက်က တစ်နာရီစာတောင် လုပ်စရာ မလိုတဲ့ သဘောပါ။ အင်တာနက်၊ အိုင်တီ လုပ်ငန်းတစ်ခုအတွက် မြန်နှုံးမြင့် အင်တာနက်လိုင်း တစ်ခုလောက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ စင်္ကာပူက နေရာ တော်တော်များများမှာ အလုပ် တော်တော်များများမှာ မြန်မာတွေ ရှိပါတယ်။ စင်္ကာပူက ကျွန်တော်တို့အရွယ် လူငယ်တွေထက် ကျွန်တော်တို့ မြန်မာလူငယ်တွေ ပိုတော်တယ်ဆိုတာ ပါးစပ်က ထုတ်ဖော် မပြောကြပေမယ့် ဘယ်သူမှ ငြင်းလို့ မရပါဘူး။ အစိုးရနဲ့ ဖက်စပ်နေတဲ့ SingTel, Starhub နဲ့ M1 တို့လို ISP တွေ အပြင် အိုင်တီလုပ်ငန်း အတော်များများမှာ မြန်မာလူငယ်တွေ ရှိပါတယ်။

မတူတဲ့ ကန့်သတ်ချက်များ

ကျွန်တော့်လက်ရှိ အလုပ်က သူဌေးကောင်မလေးဆိုရင် မိဘတွေက စျေးသည်တွေပါ။ သူကိုယ်တိုင်ကလည်း အိုင်တီနဲ့ ဘွဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အသက် ၂၈ နှစ်၊ အခုအချိန်မှာ အိုင်တီလုပ်ငန်း နှစ်ခုကို ဦးစီးလုပ်ကိုင်နေပါပြီ။ သူ့ဆီမှာ အလုပ်လုပ်နေတဲ့ အိုင်တီသမားတွေအားလုံးက နိုင်ငံခြားသားတွေပါ။ Marketing နဲ့ကျန်တဲ့ အလုပ်တွေမှာပဲ သူတို့နိုင်ငံသားနဲ့ မလေး လူမျိုးတွေ ရှိပါတယ်။ အားလုံးကလည်း လူငယ်တွေချည်းပါပဲ။

မြန်မာပြည်မှာ သာမန်မိသားစုက မွေးလာတဲ့ လူငယ်တစ်ယောက်၊ အသက် ၂၈ နှစ်မှာ အခုလို အိုင်တီ လုပ်ငန်းနှစ်ခုကို လည်ပတ်နေဖို့ မလွယ်တာကို မြင်စေချင်ပါတယ်။ စင်္ကာပူရဲ့ နိုင်ငံရေး အခြေအနေက အရင်က မြန်မာနဲ့ သိပ်မကွာပါဘူး။ အခုလို မြန်မာပြည်မှာ အရမ်းပွင့်လင်းတိုးတက်လာပြီး အစိုးရရဲ့ အတိုက်အခံတွေက စိတ်တိုင်းကျ စည်းရုံးဟောပြောခွင့် ရနေတဲ့ အချိန်ရောက်နေပေမယ့်၊ စင်္ကာပူမှာတော့ အစိုးရအတိုက်အခံတွေက အစိုးရကို တရားဝင်ဝေဖန်ခွင့် မရှိတာ၊ ပြည်သူတွေက လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မရှိတာ ဆယ်စုနှစ်များစွာ ရှိခဲ့ပါပြီ။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းနဲ့ အိုင်တီဘက်မှာတော့ အတားအဆီးမရှိ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ပြုထားပါတယ်။

စင်္ကာပူနိုင်ငံမှာ နိုင်ငံရေးအရ ကန့်သတ်ချက်တွေ အများကြီး ရှိပေမယ့် လူငယ်တွေကို စီးပွားရေးမှာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရှိအောင် လမ်းတွေ ဖွင့်ပေးထားပါတယ်။ နိုင်ငံသားစစ်စစ်တွေ မဆိုထားနဲ့ Permenent Resident လို့ ခေါ်တဲ့ (အချိန်အတိုင်းအတာ တစ်ခုထိ) အမြဲတမ်း နေထိုင်ခွင့် ရထားတဲ့ နိုင်ငံခြားသားတွေလည်း စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ နိုင်ငံသားတွေနဲ့ ရင်ဘောင်တန်း လုပ်ခွင့် ရှိပါတယ်။ ဒါဟာ အလွန်အတုယူစရာ ကောင်းတဲ့ အချက်တစ်ခုပါ။

စင်္ကာပူက လူငယ်တစ်ယောက်ဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စတင်ဖို့၊ ကုမ္ပဏီတစ်ခု ထောင်ချင်ရင် တရားဝင် လုပ်ငန်း မှတ်ပုံတင်ဖို့ နာရီပိုင်းပဲ ကြာပါတယ်။ ဘယ်လူကြီးသား၊ ဘယ်ရာထူးရှိသူကိုမှ ပိုင်အောင် ပေါင်းစရာ မလိုပါဘူး။ ကိုယ်ပိုင် အရည်အချင်း ရှိဖို့ပဲ လိုအပ်ပါတယ်။ ဒါဟာ နောက်ထပ် အကြီးမားဆုံး ခြားနားချက် တစ်ခုပါပဲ။ အဲဒီလို လွတ်လပ်စွာ အနှောင်အဖွဲ့ကင်းစွာ ယှဉ်ပြိုင်ခွင့်ရတဲ့ နေရာတစ်ခုကို ကမ္ဘာ့နေရာ အနှံ့က အတတ်ပညာရှင်တွေ၊ စီ:ပွားရေး ပညာရှင်တွေ လာအလုပ်လုပ်တာ မဆန်းပါဘူး။

၂၁ ရာစုထဲက ၁၉ ရာစု စီးပွားရေး

အားလုံးသိတဲ့ အတိုင်း မြန်မာပြည်မှာ ရွှေ၊ ကြေးနီ၊ ကျောက်မျက်၊ သဘာဝဓါတ်ငွေ့ သယံဇာတတွေ အများကြီး ထွက်ပါတယ်။ ဒါပေမယ့် ကုန်ချောထုတ်ရောင်းတဲ့ အဆင့်မှာ မရှိပါဘူး။ တရုတ်နဲ့၊ ထိုင်းကို အခုရောင်းနေတဲ့ သဘာဝဓါတ်ငွေ့တွေအစား လျှပ်စစ်အနေနဲ့ အချောထုတ်ရောင်းနိုင်ရင် အခုထက် ပိုမြတ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေးအရလည်း အသာစီး ရမှာ သေချာပါတယ်။ ကျန်တဲ့ သဘာဝ သယံဇာတနဲ့ လူသား အရင်းအမြစ်တွေမှာလည်း ဒီလိုပါပဲ။ ၂၁ ရာစု ဒီခေတ်မှာ ကုန်ကြမ်းရောင်းစားရတယ် ဆိုတဲ့ စီးပွားရေးဟာ အရမ်းကို ခေတ်နောက်ကျနေပါပြီ။ အားမနာတမ်းပြောရရင် ၁၉ ရာစုက စီးပွားရေးပါ။ မြန်မာနဲ့ ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအားလုံးဟာ မြန်မာပြည်ရဲ့ ဒီအားနည်းချက်တွေကို အခွင့်ကောင်းယူပြီ:၊ သူတို့မှာ မထွက်တဲ့ မြန်မာပြည်က သယံဇာတတွေနဲ့ မြန်မာပြည်က လာအလုပ်လုပ်တဲ့ လူသားအရင်းအမြစ် (သက်ရှိ သယံဇာတ) တွေကို အသုံးချပြီး နှစ်ပေါင်း ၅၀ အတွင်းမှာ အစစ၊ အရာရာ ထိပ်တန်းရောက်သွားပါပြီ။

အိမ်ပြန်ချိန်

မြန်မာပြည်ကို အမြန်ဆုံး တိုးတက်လာအောင် လုပ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ လူငယ်တွေ လက်ထဲကို ဈေးချိုတဲ့ မြန်နှုံးမြှင့် အင်တာနက် ထည့်ပေးလိုက်ဖို့ပါပဲ။ အိုင်တီလုပ်ငန်းက အခုတူးနေတဲ့ သယံဇာတတွေလို နေရာအများကြီး မယူဘူး။ အဆုံးအရှုံး မများဘူး။ ဒါပေမယ့် ပိုက်ဆံ ပိုရှာပေးနိုင်ပါတယ်။

အင်တာနက်နှေးတဲ့ အတွက် အချိန်နဲ့ငွေ အကြီးအကျယ် ဆုံးရှုံးရပါတယ်။ ပေးထားရတဲ့ ပိုက်ဆံနဲ့ အညီ ဝန်ဆောင်မှု ပေးနိုင်တဲ့ အင်တာနက်လုပ်ငန်းတွေ မရှိသေးသမျှတော့ ကျွန်တော်တို့ နိုင်ငံ အင်တာနက်နဲ့ စီးပွားရေး လုပ်လို့ မရသေးပါဘူး။

မြန်မာ လူငယ်တွေ အိမ်ပြန်အလုပ်လုပ်ဖို့ ဘာမှ မလိုပါဘူး။ ရွှေမလိုပါဘူး။ ငွေမလိုပါဘူး။ လူငယ်တွေဟာ အာဏာလည်း မမက်ပါဘူး။ အနှောင်အဖွဲ့ ကင်းစွာ၊ လွတ်လပ်စွာ ရှင်သန်လှုပ်ရှားခွင့်၊ တီထွင်ဖန်တီးခွင့်နဲ့ ပွင့်လင်း မြန်ဆန်တဲ့ အင်တာနက်တစ်ခုသာ လိုအပ်ပါတယ်။ အဲဒီ အချိန်ရောက်လာရင် နိုင်ငံပြင်ပမှာ ရောက်နေတဲ့ မြန်မာလူငယ်တွေ ဝမ်းသာအားရ အိမ်ပြန်လာကြမယ်လို့ ကျွန်တော်ကတော့ လှိုက်လှိုက်လှဲလှဲ ယုံကြည်ပါတယ်။ သိပ်မဝေးတော့တဲ့ အနာဂါတ်တစ်ခုမှာ အမိမြန်မာပြည်ကို ပြန်လည်ထူထောင်ဖို့အတွက် ကျွန်တော်တို့ အိမ်ပြန်နိုင်ကြမယ်လို့ မျှော်လင့်နေမိပါတယ်။

Tags:

Add new comment

Similar Articles

Featured Articles