ပရောဂျက် အောင်မြင်မှုကို တိုင်းတာခြင်း

တကယ်လို့ သင်ဟာ ပရောဂျက် မန်နေဂျာ တစ်ယောက် ဖြစ်ခဲ့ရင် အစည်းအဝေး၊ ကုန်ကျစားရိတ်၊ အချိန်၊ အရည်အသွေး ထိန်းချုပ်စစ်ဆေးခြင်း စတဲ့ နိစ္စဓူဝ အလုပ်တွေနဲ့ အချိန်ကုန်နေမှာပါ။ ပရောဂျက်တစ်ခု ပြီးဆုံးသွားတာနဲ့ အတူ အဲဒီပရောဂျက်အတွက် သင်ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေနဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်တွေ ပြန်ရဖို့ အရေးကြီးပါတယ်။

The Value of a Successful Project

ဒီနေရာမှာ ကျွန်တော်တို့ အထူးသတိထားဖို့ လိုအပ်တဲ့အချက်တစ်ခုကတော့ "စီးပွားရေးဆိုင်ရာ ပရောဂျက်တစ်ခုရဲ့ အောင်မြင်မှုဟာ သက်ဆိုင်ရာ အဖွဲ့အစည်းအတွက် စီးပွားရေးဆိုင်ရာ တန်ဘိုး ဘယ်လောက်အထိ ဖြစ်ထွန်းမှု ရှိသလဲဆိုတာ အပေါ် မူတည်နေတယ်" ဆိုတဲ့ အချက်ပါပဲ။ ဒါဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ်၊ အစိုးရလုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် အထူးအရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ပရောဂျက်တစ်ခုဟာ မပြီးခင်ကတည်းက အရှုံးပေါ်နေပြီ ဒါမှမဟုတ် သိပ်မကြာခင်မှာ အရှုံးပေါ်နေပြီ ဆိုရင် တစ်နေရာမှာ အကြီးအကျယ် မှားယွင်းနေပါပြီ။

တကယ်လို့များ ကျွန်တော်တို့က ဆော့ဖ်ဝဲထုတ်ကုန်တစ်ခုကို စျေးကွက်ထဲမှာ ထပ်ထုတ်တယ် ဆိုပါစို့။ အဲဒီ ပရောဂျက်အတွက် "အောင်မြင်မှု" ကို တိုင်းတာလို့ရတဲ့ အချက်တွေကို အလွယ်တကူ မြင်သာပါတယ်။ ဒီလို အခါမှာ ပရောဂျက် မန်နေဂျာ တစ်ယောက်အနေနဲ့ ဒီထုတ်ကုန်ကို စျေးကွက်ထဲ အမြန်ဆုံး ဖြန့်ချိနိုင်အောင် သင့်ရဲ့ စီမန်ခံ့ခွဲမှု စွမ်းရည်ကို အကောင်းဆုံး အသုံးချဖို့ လိုပါတယ်။ အဲဒီလို လုပ်နိုင်မှ ကိုယ့်ရဲ့ ပြိုင်ဘက်တွေက အလားတူ ဆင်တူယိုးမှား ထုတ်ကုန်တွေ သို့မဟုတ် ပိုကောင်းတဲ့ ထုတ်ကုန်တွေ ထုတ်မလာခင်မှာ စျေးကွက်ထဲက စားသုံးသူတွေကို များများရောင်းနိုင်မှာပါ။ ဒါဟာ အလွန်ရိုးစင်းတဲ့ ဥပဒေသ ဖြစ်ပြီး အမြဲတမ်း မှန်ကန်နေတဲ့ တိုင်းတာချက်တစ်ခုလည်း ဖြစ်ပါတယ်။

When to Sell?

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကိုယ့်ရဲ့ ထုတ်ကုန်ကို လူတွေ လိုအပ်နေဆဲ လူကြိုက်များနေဆဲ အချိန်မှာ များများစားစား ရောင်းချနိုင်ဖို့ပါ။ ကျွန်တော်တို့ ဖန်တီးထားတဲ့ ဒီဆော့ဖ်ဝဲကို - အသုံးပြုသူတွေလက်ထဲမှာ အလွယ်တကူ Install လုပ် အသုံးပြုနိုင်အောင်၊ အခက်အခဲမရှိ အလွယ်တကူ လေ့လာနိုင်အောင် - အစကတဲက ကြိုတင် ဒီဇိုင်းလုပ်ထားဖို့ အရေးကြီးပါတယ်။ ပြီးတော့ အလွယ်တကူ ပြုပြင်ထိန်းသိမ်းနိုင်ဖို့ အသစ်ဖြည့်ဆည်းနိုင်ဖို့ (Maintain & Update) အတွက်လည်း ပြင်ဆင်ထားရပါမယ်။

Win or Lost by ROI?

ဆော့ဖ်ဝဲပရောဂျက် မန်နေဂျာ အတော်များများရဲ့ စိတ်ထဲမှာ သူတို့ရဲ့ အလုပ်ဟာ ဆော့ဖ်ဝဲတွေ အမြန်ဆုံး ပြီးသွားဖို့ပဲ လို့ ခံစားနေရတတ်ပါတယ်။ ဒါဟာ အထူးသတိထားဖို့ လိုအပ်တဲ့ အချက်တစ်ခုပါ။ ကိုယ်လုပ်လိုက်တဲ့ ပရောဂျက်ဟာ စီးပွားရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီ ဆက်စပ်မှု မရှိဘူး ဆိုရင်တော့၊ ဘယ်လောက်ကောင်းနေတဲ့ ဆော့ဖ်ဝဲပဲ ဖြစ်ဖြစ် ကုမ္ပဏီရဲ့ "ရင်းနှီးမှုမှ ပြန်ရသည့် ရလာဒ်" (return on investment - ROI) ဘက်က ကြည့်ရင်တော့ အရှုံးတစ်ခုပါပဲ။

တကယ်လို့ ဒီဆော့ဖ်ဝဲ ပရောဂျက်ဟာ ကိုယ့်လုပ်ငန်းတွင်းမှာပဲ အသုံးပြုဖို့ ရည်ရွယ်တဲ့ ပရောဂျက်တစ်ခု ဖြစ်ခဲ့ရင်

  • လုပ်ငန်းအတွက် ငွေဘယ်လောက် သက်သာသွားလဲ ဒါမှမဟုတ် ဘယ်လောက် ပိုရလာသလဲ ဆိုတဲ့ မေးခွန်းကို ဖြေနိုင်ဖို့ လိုပါလိမ့်မယ်။
  • ပိုပြီး ကျစ်လျစ်သိပ်သည်း၊ လျင်မြန်တဲ့ စနစ် ဒါမှမဟုတ် ပိုမိုကောင်းမွန်တဲ့ တည်ဆောက်ပုံကြောင့် အရင်ကလောက် Hardware resource တွေ သုံးဖို့ မလိုတော့ဘူး၊ Server သို့မဟုတ် Banwidth တွေလျော့ချလို့ ရလာတဲ့ အနေအထား ရှိမရှိ စစ်ဆေးကြည့်ဖို့ လိုပါမယ်။
  • လုပ်ဆောင်ချက်တွေမှာ အဆင့်တွေ ပိုမြန်လာသလား၊ အရင်ကထက်ပိုပြီး အမှာစာတွေကို အမြန် လက်ခံလာနိုင်သလို လုပ်ငန်း လုပ်ကိုင်ရာမှာ လွယ်ကူ မြန်ဆန်ပြီး စားသုံးသူလက်ထဲ အမြန်ဆုံး ပို့ဆောင်နိုင်ခြင်း - စတဲ့ အချက်တွေကြောင့် အရောင်း ပိုတွင်ကျယ်လာ သလား စစ်ဆေးကြည့်ဖို့ လိုပါတယ်။
  • ပြုပြင်ထိန်းသိမ်းဖို့ အတွက် လူသိပ်မလိုတဲ့ ဆော့ဖ်ဝဲစနစ်ကို ဖန်တီးနိုင်တဲ့ အတွက် ပိုက်ဆံတွေ ချွေတာမိသလား ဒါမှမဟုတ် Help desk နဲနဲပဲ ရှိဖို့လိုအပ်တဲ့ Infrastructure တစ်ခုဖြစ်အောင် ပြောင်းလဲလိုက်နိုင်တာလား စတဲ့ စစ်ဆေးမှုတွေ လုပ်ဖို့ လိုပါတယ်။

Benefit of Knowing Profit

ကိုယ်လုပ်ရတော့မယ့် ပရောဂျက် ပြီးဆုံးအောင်မြင်သွားတဲ့ အချိန်မှာ ကိုယ့်ကုမ္ပဏီအတွက် ဘယ်လောက်အထိ အကျိုးဖြစ်ထွန်းမှု ရှိသွားမလဲ ဆိုတာ အသေအချာ တိတိကျကျ နားလည်ထားခဲ့မယ် ဆိုရင် - ကိုယ့်ရဲ့ Team memher တွေကို ဆွဲဆောင် စည်းရုံးရာမှာပဲ ဖြစ်ဖြစ်၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချက်ချင်းချမှတ် ဖြေရှင်းရတဲ့ အခါမှာပဲ ဖြစ်ဖြစ် ပိုပြီး လွယ်ကူလာပါလိမ့်မယ်။ ပရောဂျက်တစ်ခု အစပျိုးတဲ့အခါ အဲဒီ အပြန်အလှန် ဆက်သွယ်မှုတွေကို နားလည်ထားမယ် ဆိုရင် ဘာတွေက အရေးကြီးပြီး ဘယ်ဟာတွေက အရေးမကြီးဘူးဆိုတာကိုပါ သိနေပါလိမ့်မယ်။

No Answers in Beginning

အများအားဖြင့် ပရောဂျက် မန်နေဂျာတစ်ယောက် အတွက် အပေါ်မှာ ပြောခဲ့တဲ့ အရေးကြီးတဲ့ မေးခွန်းတွေအတွက် အဖြေတွေကို ကြိုရထားတာမျိုး မရှိပါဘူး။ လေ့လာရမှာ မေးခွန်းတွေ ထုတ်တတ်ရမှာက ကိုယ့်တာဝန်ပါ။ ရလာတဲ့ အဖြေက ဒီပရောဂျက်အတွက် အဓိက အကျဆုံးသော့ချက်ဟာ - အချိန်၊ ငွေကြေး သို့မဟုတ် အရည်အသွေး - ဆိုတာကို အဆုံးအဖြတ် ပေးနိုင်ပါလိမ့်မယ်။

ကိုယ်လုပ်ရတော့မယ့် ပရောဂျက်မှာ ဘာအရေးအကြီးဆုံးလဲ ဆိုတဲ့ အဖြေကို သိသွားတဲ့ နောက်မှာ - လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ၊ ရလာနိုင်တဲ့ နည်းလမ်း အမျိုးမျိုးနဲ့ အဖြေတွေ၊ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေကို ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်လို အသုံးချရမယ် ဆိုတဲ့ အချက်တွေကို - စီးပွားရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံး ဖြစ်အောင် စီမံခန့်ခွဲ အသုံးချနိုင်ပါလိမ့်မယ်။

Original Article and Author

ဒီဆောင်းပါးဟာ O'Reilly ကထုတ်တဲ့ 97 Things Every Software Project Manager Should Know စာအုပ်ထဲက "Success Is Always Measured In Business Value" ဆောင်းပါးကို ဆီလျော်အောင် မြန်မာ ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးရဲ့ မူရင်း စာရေးသူကတော့ Barbee Davis ဖြစ်ပါတယ်။

Barbee ကတော့ ကမ္ဘာအရပ်ရပ်က ပရောဂျက်မန်နေဂျာပေါင်း 400 000 ကျော် လစဉ်ဖတ်ရှုနေတဲ့ Project Management Institute’s (PMI) Community Post ရဲ့ ပင်တိုင် ဆောင်းပါးရှင်တစ်ယောက် ဖြစ်ပါတယ်။ “How To Learn Microsoft Project in 24 Hours” စာအုပ်ကို ပူးတွဲရေးသားတဲ့ စာရေးသူလည်း ဖြစ်ပါတယ်။

Barbee ဟာ အမေရိက တစ်ခွင်က ပရောဂျက်များစွာကို စီမန်ခန့်ခွဲ ပေးနေသူ ဖြစ်ပြီး၊ ပရောဂျက် မန်နေဂျာ ရာပေါင်းများစွာကို သင်ကြားလေ့ကျင့် ပေးခဲ့သူလည်း ဖြစ်ပါတယ်။ တက္ကသိုလ်များမှာလည်း အခါအခွင့်သင့်သလို သင်ကြားပို့ချနေတဲ့ ဆရာတစ်ဦးဖြစ်သလို တခါတရံမှာ အခမ်းအနားများရဲ့ Guest Speaker အဖြစ်လည်း မြင်ရတတ်ပါတယ်။

ကျန်တဲ့ ဆောင်းပါးလေးတွေကိုလည်း အခုလိုပဲ ကြိုးစားဘာသာပြန်ပြီး မြန်မာညီအကို မောင်နှမများအတွက် ဝေမျှသွားပါ့မယ်။ မူရင်းဆောင်းပါးကိုတော့ http://bit.ly/SuccessMeasured မှာ ဖတ်နိုင်ပါတယ်။

This work is licensed under a Creative Commons Attribution 3

Add new comment

Similar Articles

Featured Articles