နိုင်ငံပိုင် စီးပွားရေး၊ အစိုးရဝန်ထမ်း နဲ့ အခွန်ထမ်း ပြည်သူ

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ နိုင်ငံသားတွေ ထမ်းဆောင်တဲ့ အခွန်တွေကရတဲ့ ငွေတွေနဲ့ တည်ထောင်ထားတာ ဖြစ်တဲ့ အတွက် အမြတ်အစွန်းရရှိဖို့ထက် ပြည်သူလူထု သက်သာ အဆင်ပြေဖို့ကို အဓိက ဦးစားပေးသင့်ပါတယ်။

အမြတ်အစွန်း မယူနဲ့လို့ မပြောပါဘူး၊ အမြတ်ရအောင် လုပ်ဖို့လည်း အရေးကြီးပါတယ်။ အမြတ်အစွန်းကို ထိုက်သင့်သလောက်ပဲ ယူသင့်ပါတယ်။ အမြတ်ရအောင် လုပ်တဲ့ နေရာမှာ လုပ်ငန်းအတွက် လိုအပ်တဲ့ ကိရိယာတွေကို မှန်ကန်သက်သာတဲ့ ဈေးနဲ့ ဝယ်ယူတာ၊ မလိုအပ်တဲ့ နေရာတွေ အခမ်းအနား အဆောင်အယောင်တွေမှာ မသုံးတာ၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းတာတွေလည်း ပါဝင်ပါတယ်။ နိုင်ငံပိုင် ကိရိယာတွေ၊ စက်တွေကို မဆင်မခြင် သုံးစွဲတာဟာလည်း ဖြုန်းတီးခြင်း တစ်ခုပါ။

စီးပွားရေး သဘောအရ ဈေးချိုချိုနဲ့ အရေအတွက် များများ ရောင်းချတာဟာ စားသုံးသူတွေကို ရေရှည်ထိန်းသိမ်းထားပြီး ဆွဲဆောင်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။

ဘယ်သူ့မျက်နှာ ကြည့်မလဲ??? ငွေမျက်နှာလား ပြည်သူ့ မျက်နှာလား

နိုင်ငံ့ ဝန်ထမ်းတွေဟာလည်း ပြည်သူ့ အခွန်တွေက ရတဲ့ငွေနဲ့ ပေးထားတဲ့ လစာတွေကို သုံးနေတာ ဖြစ်တဲ့အတွက် ပြည်သူ့ မျက်နှာကို ဦးစားပေး ကြည့်သင့်ပါတယ်။ ငွေဟာ လူတိုင်းရဲ့ သည်းခြေကြိုက်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံ့ဝန်ထမ်းကောင်း စစ်စစ်တစ်ယောက်ဟာ လုပ်ငန်းပိုင်ရှင်အစစ်ဖြစ်တဲ့ အခွန် ပေးနေတဲ့ ပြည်သူ့မျက်နှာကိုပဲ အဓိက ဦးစားပေး ကြည့်သင့်ပါတယ်။ အဲလိုမဟုတ်ဘဲ ငွေရဖို့ တစ်ခုထဲ ကြည့်ပြီဆိုရင်တော့ ဒါဟာ အခွန်ထမ်း ပြည်သူကို ကျေးဇူးကန်းတာပါပဲ...

အဆိပ်ပင် ရေလောင်း

အဲဒီလို မဟုတ်ဘဲ အမြတ်ကြီးစားတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ ဖြစ်လာပြီ၊ ပြည်သူကို ရန်သူလို ဆက်ဆံတဲ့ ပြည်သူ့ဆီက ရသလောက် ယူမယ်ဆိုတဲ့ ဝန်ထမ်းတွေ ဖြစ်လာပြီ ဆိုရင်တော့ ပြည်သူတွေ အခွန်ပေးနေရတာ အဆိပ်ပင် ရေလောင်းနေသလို ပါပဲ။ ပြည်သူလူထုဟာ အခွန်ထမ်းသူတွေ ဖြစ်သလို တစ်ဖက်က ပြန်ကြည့်ရင် စားသုံးသူတွေပါ။

အပြိုင်အဆိုင်မရှိတဲ့ ဈေးကွက်တစ်ခု သီးခြားရွေးချယ်ခွင့် မရှိတဲ့ လက်ဝါးကြီး အအုပ်ခံထားရတဲ့ ဈေးကွက်တစ်ခုမှာ ထင်သလို ဈေးတင်ရောင်းတာဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခု မဟုတ်သလို ချောင်ပိတ်ပြီး အနိုင်ကျင့်နည်းတစ်ခုလည်း ဖြစ်ပါတယ်...

စာနဲ့ ရေးမထားတဲ့ မွေးရာပါ နိုင်ငံသား အခွင့်အရေး

နိုင်ငံတော်ကို အခွန်မှန်မှန် ပေးဆောင်နေတဲ့ အခွန်ထမ်း ပြည်သူတစ်ယောက် အနေနဲ့ နိုင်ငံပိုင် လုပ်ငန်းတစ်ခု အချိုးမပြေတာ၊ နိုင်ငံ့ဝန်ထမ်းတစ်ယောက် ပုံမလာတာကို အပြုသဘောနဲ့ ထောက်ပြခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါ။

ဒါဟာ နိုင်ငံတည်ဆောက်ရေးမှာ သူတတ်နိုင်တဲ့ ဘက်က ပါဝင်တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားကောင်း တစ်ယောက်ရဲ့ မွေးရာပါ တာဝန်နဲ့ တိုင်းပြည်နဲ့ လူမျိုးကို တစ်ကယ်ချစ်တဲ့သူတိုင်း လိုက်နာကျင့်သုံးရမယ့်... စာနဲ့ ရေးမထားတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ မွေးရာပါ နိုင်ငံသား အခွင့်အရေးပါပဲ...

Tags:

Add new comment

Similar Articles

Featured Articles