မြန်မာကျူတိုရီယယ် မှ အင်တာဗျူး

ဒီတစ်လလုံး အလုပ်ကိစ္စ၊ ကျောင်းကိစ္စတွေနဲ့ အလုပ်တွေ အရမ်းများနေခဲ့တဲ့ အတွက် မြန်မာကျူတိုရီယယ်က ကိုသီဟ ရဲ့ အင်တာဗျူး အမေးနဲ့ အဖြေတွေကို တစ်စုတစ်စည်း ပြန်တင်လိုက်ပါတယ်။ ဒီအင်တာဗျုးမှာတော့ နည်းပညာအကြောင်း၊ Research & Development, မြန်မာလူငယ်တွေအတွက် အနာဂါတ်မှာ ရင်ဆိုင်လာရနိုင်တဲ့ အခြေအနေတွေနဲ့ ကျွန်တော်လုပ်ချင်တဲ့ Social Learning Center တွေအကြောင်း အဓိက ပြောဖြစ်ခဲ့ကြပါတယ်။ အင်တာဗျုးကို စီစဉ်ခဲ့တဲ့ ကိုသီဟနဲ့ စာဖတ်သူ မြန်မာညီအကို မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။

မေး – ပထမဦးဆုံး ကျွန်တော် မေးလိုတာက ကို Ever Learner ရဲ့ နည်းပညာ သမားတစ်ယောက်ရဲ့ ဖြတ်သန်းမှု ဘဝအမောတွေ၊ အမှတ်ရစရာတွေ၊ ပျော်ရွှင်စရာတွေ နည်းပညာကို စတင် ထိတွေ့ခဲ့ပုံ၊ ပြည်တွင်းမှာ စတင်ခဲ့ပြီး နောက်ဆုံး စင်္ကာပူနိုင်ငံကို ရွေးချယ်ဖြစ်ခဲ့ပုံ စတာလေးတွေနဲ့ ဖွင့်လိုက်ရအောင်ဗျ။

၁။ နည်းပညာနဲ့ စတင်ထိတွေ့ခဲ့တာကတော့ အင်ဂျင်နီယာကျောင်းသား ဘဝကနေ စတယ်လို့ ပြောရမှာပဲ ခင်ဗျ။ ကျွန်တော်တို့ ဆယ်တန်းအောင်တော့ အခုလို ကွန်ပျူတာနည်းပညာ သီးသန့် သင်တဲ့ တက္ကသိုလ်တွေ မရှိသေးဘူး။ နောက်ပိုင်းတော့ အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသားဘဝနဲ့ ကျောင်းတက်ရင်း Programming ဆိုတာ စသိလာတယ်။ အဲဒီအချိန်မှာပဲ ကိုယ်တကယ် စိတ်ဝင်စားတာက Software Engineering ဘက်ဖြစ်နေတာ သိလိုက်ရတယ်။

၂။ နောက်တော့ ကိုယ့်ဘာသာ စာအုပ်တွေ လိုက်ဖတ်၊ စာကြည့်တိုက်က စာအုပ်တွေ ရှာဖတ်နဲ့ ကျွန်ပျူတာ အကြောင်း၊ ပရိုဂရမ် ရေးတဲ့ အကြောင်းတွေ လေ့လာဖြစ်တယ်။ စာအုပ်တွေက အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာတွေ ဆိုတော့ အဲဒီအချိန်၊ အဲဒီအသက် အရွယ်နဲ့ သိပ်ခရီးမရောက်ခဲ့ဘူးဗျ။ ဒါပေမယ့် အမြတ်ထွက်လိုက်တာ တစ်ခုကတော့ Self Study လုပ်တတ်သွားတာပဲ။ အင်ဂျင်နီယာကျောင်းသား ဘဝမှာ အဓိက ဘာသာရပ်ဖြစ်တဲ့ အီလက်ထရောနစ်ကို ကျွန်တော် သူများတွေ သိသလောက်ထက် ပိုမသိခဲ့ဘူး။ ဒါပေမယ့် IT, Software Engineering စာအုပ်တွေကို​ တော်တော်များများ ဖတ်ဖြစ်ခဲ့တယ်။ နောက်တော့ ဖတ်ရင်း နားလည်သလောက်ကို မြန်မာလို မှတ်စုတွေ ပြန်ရေးခဲ့တယ်။ Waterfall Model တို့၊ SDLC တို့၊ Top-down approach စတာတွေ ပါတာပေါ့။ မသိတာ တစ်ခုကို သိအောင် ရှာဖွေလေ့လာဖို့ English ဘာသာနဲ့ ရေးထားတဲ့ မူရင်း စာအုပ်တွေ ဖတ်ဖို့ အလေ့အကျင့် ရသွားခဲ့တာ အမြတ်ပဲခင်ဗျ။ ဘာသာပြန်တဲ့ အကျင့်ရသွားသလို နောက်ပိုင်းမှာ စာတွေ ရေးဖြစ်လာစေခဲ့တဲ့ တွန်းအားတွေပေါ့ခင်ဗျာ။

၃။ ကျွန်တော့်ဘဝတစ်လျှောက်မှာ Self Study က 50% လောက် အရေးပါတယ်ဗျ။ အဲလိုလေ့လာနေခဲ့လို့လည်း အခု အချိန်မှာ ကိုယ့်ဘွဲ့နဲ့ မဆိုင်တဲ့ တစ်ခြားနယ်ပယ်တစ်ခု ဖြစ်တဲ့ Web Developer တစ်ယောက်အဖြစ် အလုပ်လုပ်နေလို့ ရတာပဲ။ အဲလို ကိုယ့်ဟာကို Self Study လုပ်ဖြစ်သွားတဲ့ နောက်ထပ် တွန်းအားတစ်ခုကတော့ ကျွန်တော်တို့ ပါချုပ်ကြီးရဲ့ စကားတစ်ခွန်းကို အမှတ်မထင် နားထဲစွဲနေမိရာက စခဲ့တယ် ဆိုရင် မှားမယ်မထင်ဘူး။ သူပြောတဲ့ အတိုင်း အတိအကျ မမှတ်မိတော့ပေမယ့် ဆိုလိုတာက

“မင်းတို့တတွေ - ဘာသာရပ်တစ်ခုခုမှာ ထူးချွန်ထက်မြက်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဘာသာရပ်စာအုပ်တွေကို ကိုယ်တိုင်ဖတ်၊ ကိုယ်တိုင်လေ့လာမှ ရမယ်၊ အင်္ဂလိပ်လိုရေးထားတဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်ကောင်းတွေ အများကြီးရှိတယ်၊ ကျောင်းက သင်ပေးတယ်ဆိုတာ မင်းတို့အတွက် အမြည်းသဘော မိတ်ဆက်ပေးတာ၊ အသေးစိတ် သိချင်၊ တတ်ချင်ရင်တော့ ကိုယ့်ဟာကိုယ် လုပ်မှရမယ်။ မင်းတို့ နည်းနည်းလေ့လာရင် နည်းနည်းရမယ်။ များများလေ့လာရင် များများရမယ်၊ ကိုယ်တိုင်လုပ်မှ ရမယ်။ ဘယ်သူမှ လာလုပ်ပေးလို့ မရဘူး”

သူကတော့ မှတ်မိချင်မှ မှတ်မိတော့မယ်။ ဒါပေမယ့် ကျွန်တော့ ဘဝတစ်ခုလုံးအတွက် အသုံးဝင်ခဲ့တဲ့ တိုက်တွန်းချက်ပဲ။ အဲဒီအကြောင်း အသေးစိတ် ဆောင်းပါးလေး တစ်ပုဒ်ကို 2009 က ကျွန်တော် ရေးခဲ့သေးတယ်။ စိတ်ဝင်စားတဲ့သူတွေ (http://goo.gl/9Jle7) မှာ ဖတ်လို့ ရပါတယ်။

၄။ နည်းပညာနဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေကတော့ အများကြီးပဲဗျ။ ထူးထူးခြားခြားတစ်ခုကတော့ အခု ITSG မင်းပညာဒါန (minitsg.com) က ဆရာကိုအေးမြင့်ဦး၊ ဆရာကိုဖိုးနိုင်ဝင်းတို့ အဖွဲ့တွေနဲ့ အတူတူ ပညာဒါန လုပ်ဖြစ်ခဲ့တာပဲ။ ကျွန်တော် ကျောင်းသားဘဝတုန်းက Living Color မဂ္ဂဇင်းမှာ သူတို့ရဲ့ အခမဲ့ ပညာဒါန သတင်းလေး ဖတ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ဖြစ်လာတဲ့ စိတ်ကူးလေး တစ်ခုက "တစ်နေ့ငါလည်း သူတို့နဲ့ အတူ ပညာဒါန လုပ်ခွင့်ရရင် လုပ်မယ်" ပေါ့။ နောင် ၅ နှစ်လောက်ကြာတော့ သူတို့သတင်းလေးက Living Color မှာပဲ ထပ်ပါလာတယ်။ အဲဒီအချိန် ကျွန်တော်လည်း ရန်ကုန်မှာ ရှိနေတော့ သူတို့တွေနဲ့ ချိတ်ဆက်ပြီး စာဝင်သင်ဖြစ်လိုက်သေးယ်။ ကွန်ပျူတာ အခြေခံ အတန်းဖြစ်မယ် ထင်တယ်။ အခုထိလည်း သူတို့အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိနေတုန်းပါ။ ကျွန်တော် တတ်နိုင်တဲ့ဘက်က Contribute လုပ်နေတုန်းပါပဲ။

၅။ နည်းပညာနဲ့ ပတ်သက်ပြီး ဘဝမှာ နောက်ထပ် အမှတ်တရ လုပ်ခဲ့တဲ့ ပညာဒါနတစ်ခုကတော့ ကျောင်းသား အယောက် 500 ကျော်လောက်ကို ကွန်ပျူတာ အခြေခံတွေ၊ ကွန်ပျူတာတစ်လုံး လက်ထဲမှာ ရောက်လာရင် သင်ပေးမယ့်သူ မရှိလည်း ကိုယ့်ဘာသာ ဘယ်လို လေ့လာလို့ ရသလဲ ဆိုတဲ့ Tips and Tricks တွေ၊ ဆောင်ရန် ရှောင်ရန်တွေကို တစ်နှစ်လောက် အချိန်ယူပြီး သင်ပေးခဲ့နိုင်တာပဲဗျ။ တစ်တန်းကို နာရီ 40 လောက်နီးပါး အချိန်ပေးပြီး သင်ခဲ့တယ်။ သင်တန်းပြီးတဲ့ အချိန်မှာ သူတို့တွေ အတွက် ကွန်ပျူတာ ဆိုတာ ကြောက်စရာ မဟုတ်ဘူးဆိုတဲ့ အသိနဲ့ ဘယ်လို ထိထိရောက်ရောက် အသုံးချရမလဲဆိုတဲ့ Self Cofidence ရသွားတယ်။

၆။ ဘယ်လောက် အထိသင်လိုက်သလဲ ဆိုရင် − မင်းတို့ လက်ထဲက ကွန်ပျူတာကို ကြိုက်သလို ခိုင်း၊ ပျက်မှာ မကြောက်နဲ့။ Windows တက်နေသေးရင် System Restore ပြန်လုပ်လို့ ရတယ် − ဆိုတဲ့ အထိ System Restore လုပ်နည်းပါ သင်ပေးလိုက်တယ်။ အဲဒီအချိန်က XP ထင်တယ်။ System Restore စပါလာတာ။ ဘဝမှာ မထင်မှတ်ဘဲ လုပ်ခွင့်ရခဲ့တဲ့ ပညာဒါနပေါ့ဗျာ။ ကိုယ့်ဘာသာ အေးဆေးနေလို့ရပေမယ့် ကိုယ်နဲ့ ကြုံတဲ့အခိုက် သူတို့ ဘဝမှာ တစ်ခုခုရသွားပါစေ ဆိုပြီး သင်ဖြစ်သွားတာပဲ။ အခုအချိန် ပြန်တွေးရင် တကယ် ကြည်နူးစရာဗျ။ နောက်လည်း အခါအခွင့်သင့်ရင် ပညာဒါနလုပ်ချင်ပါသေးတယ်။ ဘာတစ်ခုမှ အကျိုးမျှော်ပြီး သင်ခဲ့တာ မဟုတ်ပေမယ့် အဲဒီ ပညာဒါနတွေရဲ့ အကျိုးဆက်တွေကြောင့် နောက်ပိုင်းမှာ ကိုယ်လေ့လာချင်တာတွေ အလွယ်တကူ လေ့လာနိုင်လာတာလားတော့ မသိဘူး။

၇။ ကျွန်တော် မြန်မာပြည်ကနေ စင်္ကာပူထွက်တော့ 2008 ခုနှစ် ဇွန်လ နောက်ဆုံး အပတ်။ အခုလို အချိန်ပေါ့။ သွားတာကတော့ Network အင်ဂျင်နီယာ အလုပ်ရရင် လုပ်မယ် ဆိုပြီး သွားတာ။ ရထားတဲ့ ဘွဲ့က အီလက်ထရောနစ်ဆိုပေမယ့် ကျောင်းပြီးကတဲက အီလက်ထရောနစ်အလုပ် ဘာမှမလုပ်ဖြစ်ပဲ ကိုယ်တစ်ကယ် စိတ်ပါတဲ့ IT ပိုင်းကိုပဲ ဆက်လေ့လာ ဖြစ်သွားတယ်။ အလုပ်ရှာတော့လည်း အီလက်ထရောနစ် အလုပ်တွေ မရှာဖြစ်ဘူး။ လေးလ ပြည့်ခါနီးမှ ကြော်ငြာ ကုမ္ပဏီတစ်ခုမှာ System Engineer အနေနဲ့ အလုပ်ရတယ်။ တကယ်လုပ်ရတာက Web Development. အဲဒီအချိန်က စပြီး အခုထိ Web Development ပဲ ဆက်လုပ်ဖြစ်သွားတော့တယ်။ ကိုယ်ဝါသနာပါတဲ့ Software Engineering ပိုင်း မဟုတ်ပေမယ့် အထိုက်အလျောက် ဆက်နွယ်တဲ့ အလုပ် လုပ်ခွင့် ရသွားတဲ့ သဘောပေါ့။ အဲဒီအလုပ်မှာလည်း အစပိုင်းကာလတွေ တစ်ညကို ၄၊၅ နာရီလောက်ပဲ အိပ်ရတယ်။ အစကနေ စပြီး လေ့လာရသလို ဖြစ်သွားတာကိုး။ အခုအချိန်ပြန်ပြောရင်တော့ ဘာမှ မဟုတ်တော့ပေမယ့် အဲဒီအချိန်ကတော့ တကယ့်ကို ခက်ခဲ ပင်ပန်းတဲ့ အချိန်တွေပါ။ အခြေအနေပေးရင်တော့ IT နဲ့ပတ်သက်တဲ့ Degree တစ်ခုခု ထပ်ယူချင်သေးတယ်။

မေး – လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံ နည်းပညာ လောကအပေါ် ပွင့်ပွင့်လင်းလင်း အမြင်တွေကို သိချင်ပါတယ်။

၁။ မြန်မာနိုင်ငံ နည်းပညာလောက အကြောင်းကို ကျွန်တော်သိပ်မသိဘူးဗျ။ အဲဒီတော့ ကျွန်တော့်အမြင်ကို ဘယ်လို ပွင့်ပွင့်လင်းလင်း ပြောရမလဲ မသိဘူး။ ဒါပေမယ့် သူများနိုင်ငံမှာ အလုပ်လုပ်နေရင်း ကျွန်တော်တို့ တိုင်းပြည်မှာလည်း ဖြစ်စေချင်တာ လေးတွေတော့ ရှိတယ်ဗျာ။ တစ်ခုကတော့ နည်းပညာ သမားတွေ ပိုပြီး တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချစ်ခင် စည်းလုံးဖို့ပဲ။ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ သဘောထားတွေ ရှိတာ သဘာဝပါ။ အဲဒါကို လက်ခံပြီး တူညီတဲ့ အပိုင်းတွေ အတွက် လုပ်ငန်းတွေ အတူတူလုပ်ကြစေချင်တယ်။

၂။ ပြီးတော့ လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေက ပရောဂျက်တွေအားလုံးကို နည်းအမျိုးမျိုးနဲ့ ရအောင်လိုက်ပြီး ကိုယ်ပဲ အဆင်ပြေဖို့ လုပ်တာမျိုးတွေ နဲစေချင်တယ်။ နည်းပညာနဲ့ ဆိုင်တဲ့ ဆွေ:နွေးပွဲတွေ Meetup တွေ ကို စိတ်ဝင်စားရာ ဝါသနာတူရာတွေ စုစည်းပြီး ပုံမှန် ဆွေးနွေးကြစေချင်တယ်။ ပြဿနာ အသစ်တွေကို အတူတူ ပူးပေါင်း ဖြေရှင်းကြစေချင်တယ်။ သူများလုပ်တာတစ်ခုခု အောင်မြင်လာတဲ့အခါ နောက်ကနေ ပုံတူလိုက်ကူးချတာမျိုးထက် ကိုယ်ပိုင်ဟန်နဲ့ သူများနဲ့ မတူတဲ့ ပုံစံသစ်နဲ့ ဖောက်ထွက်တာမျိုးတွေ များများ ရှိလာစေချင်တယ်။ ပြီးတော့ ကိုယ့်အကျိုးစီးပွား သက်သက်ထက် Customer တွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပိုပြီး ဦးစားပေး ဆောင်ရွက်တဲ့ လုပ်ငန်းတွေ ပိုပြီး အောင်မြင်စေချင်တယ်။

၃။ နိုင်ငံတကာက နည်းပညာတွေကို မြန်မာလူငယ်တွေ အလှမ်းမှီစေချင်တယ်။ ရန်ကုန်က လူငယ်တွေချည်း မဟုတ်ဘဲ နယ်ကလူငယ်တွေပါ လက်လှမ်းမှီစေချင်တယ်။ ရန်ကုန်လို မြို့ကြီးတွေလောက်ပဲ အိုင်တီရဲ့ အသီးအပွင့်တွေကို ခံစားရတာမျိုးထက် တစ်နိုင်ငံလုံးကလူတွေ ခံစားရစေချင်တယ်။ ချက်ချင်းတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် အနာဂါတ်အတွက် ရည်မှန်းချက်တစ်ခုအနေနဲ့ ထားပြီး လုပ်ကြစေချင်ပါတယ်။ လောလောဆယ်မှာတော့ ဘယ်နည်းပညာနယ်ပယ်မှာ ဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းပြည်က အစစ အရာရာ နောက်ကျနေပြီ။ ဒါကို တိုးတက်အောင်လုပ်ဖို့က အားလုံးမှာ တာဝန်ရှိတယ်ဗျ။ တစ်ယောက်နှစ်ယောက်ထဲ လုပ်လို့ မရဘူး။ ညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီး ကြိုးစားကြရင် သိပ်မကြာပါဘူး။

၄။ အရေးအကြီးဆုံးကတော့ တစ်ယောက်နဲ့ တစ်ယောက် ကလိန်ကကျစ် မလုပ်ဘဲ ရိုးသား မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ယှဉ်ပြိုင်ကြစေချင်တာပါပဲ။ ဘယ်လောက် တော်တဲ့သူ ဖြစ်နေပါစေ လိမ်လည် ကောက်ကျစ်တတ်ရင်တော့ လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက်ပဲ။ နည်းပညာလောက အပေါ် ပွင့်ပွင့်လင်းလင်း ဆိုတဲ့​မေးခွန်းက တိုပေမယ့် ပြောရမယ်ဆိုရင်တော့ နောက်ထပ် အင်တာဗျုးတစ်ခုစာလောက် ထပ်များသွားမယ် ထင်ပါတယ်ဗျာ။ ဟားဟား။

မေး – လက်ရှိအနေအထားမှာ ကျွန်တော်တို့ နိုင်ငံမှာ Civil Society တွေ အားကောင်းမောင်းသန် ဖြစ်လာနေတာ တွေ့နေရပါတယ်။ အဲဒီ Civil Society တွေဟာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို သွားဖို့ အကောင်းဆုံး အထောက်အပံ့တွေ ဖြစ်တယ်ဆိုတာ သမ္မတကြီးကိုယ်တိုင် လွတ်တော် မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားခဲ့တာတွေ့ရပါတယ်။ ကျွန်တော်တို့ နည်းပညာ နယ်ပယ်မှာ Civil Society တွေ အစောပိုင်းကတည်းက ရှိပြီး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ Civil Society များအနေနဲ့ မြန်မာနိုင်ငံ နည်းပညာ လောကအပေါ် ထိထိရောက်ရောက် ပံ့ပိုးမှုတွေ ရှိနေတယ်လို့ မြင်ပါသလား။ ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေလုပ်ဖို့လိုမလဲ။ ဘယ်လို လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ လိုမယ်လို့ မြင်ပါသလဲ။

၁။ လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတဲ့ ကိစ္စကို ကိုသီဟကတော့ ဘယ်လို မြင်လည်း မသိဘူးဗျ။ ကျွန်တော့်အမြင်ကတော့ လူ့အဖွဲ့အစည်း တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အားကောင်းမောင်သန် ဖြစ်ဖို့ ပထမဆုံး လိုအပ်ချက်တော့ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံကြည်မှု ရှိဖို့ပဲ။ ဘယ်အချိန်မှာ ယုံကြည်မှု ရှိမလဲ ဆိုတော့ လူတွေ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မလိမ်မညာတော့တဲ့ အချိန်ပေါ့။ အချင်းအချင်း ယုံကြည်မှု ရှိသွားပြီ ဆိုရင် ဘာပဲလုပ်လုပ် ပူးပေါင်းလို့ ရပြီဗျာ။ နောက်ကျောကို ဓါးနဲ့ ထိုးမှာ ကြောက်နေစရာ မလိုတော့ဘူးဗျာ။ လူသားအချင်းချင်း လိမ်ဖို့ကို ဘယ်ဘာသာတရားကမှ မတိုက်တွန်းထားဘူး။

၂။ စင်္ကာပူမှာ အလုပ်စလုပ်တော့ အလုပ်စဝင်တဲ့နေ့မှာ ပထမဆုံး သတိထားမိတာက အချင်းအချင်း မလိမ်ကြဘူးဆိုတာပဲ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ အလုပ်သမားနဲ့ အလုပ်ရှင်၊ ကုမ္ပဏီနဲ့ သူ့ရဲ့ ဖောက်သည်တွေ မလိမ်ကြဘူးဗျ။ အားလုံးကိုတော့ မဆိုလိုပါဘူး။ ကျွန်တော် ရောက်သွားတဲ့ ပတ်ဝန်းကျင်မှာတော့ လိမ်တာ မတွေ့ရဘူးဗျ။ ကိုယ်မပြောချင်တာကို အတင်းမမေးနဲ့ ဖြေမှာမဟုတ်ဘူး။ လိမ်တော့ မလိမ်ကြဘူး။ စျေးလည်း လိမ်မရောင်းဘူး။ မောင်ဖြူကို ၁၀၀ ရောင်းရင် မောင်နီလည်း ၁၀၀ ပဲ။ မလိမ်ဘူး။ အချိန်နည်းနည်း ကြာလာတော့ ကျွန်တော် ထပ်ပြီး သတိထားမိလာတာ တစ်ခုကတော့ ဒီလို မလိမ်တဲ့သူတွေများလို့လဲ တိုင်းပြည်ငြိမ်းချမ်းပြီး လူတွေ စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်တာပဲလို့။ စီးပွားရေးမှာလည်း လိမ်တာနဲ့ ဉပဒေအရ တင်းတင်းကျပ်ကျပ် အကိုင်အတွယ် ခံရမှာပဲ။ ကျွန်တော်မသိတဲ့ အလိမ်အညာတွေ အဖြစ်အပျက်တွေ ရှိကောင်း ရှိမှာပါ။ ဒါပေမယ့် ပင်နီစူလာ ပလာဇာက မြန်မာလူမျိုးတွေ အချင်းချင်း လိမ်ပြီး ပိုက်ဆံတွေယူ ထွက်ပြေးတာကတော့ အဆိုးဆုံး လိမ်ညာမှုတွေပဲ။ အဲဒီတော့ လိမ်ညာနေတဲ့ ပတ်ဝန်းကျင်တစ်ခု လူ့အဖွဲ့အစည်း တစ်ခု မဖြစ်ဖို့ ကျွန်တော်တို့ အရင်လုပ်ဖို့ လိုမယ်။ အားလုံး ဝိုင်းလုပ်မှ ရမယ်။

၃။ ဥပမာ လာဘ်ပေးလာဘ်ယူ ကိစ္စဆိုပါတော့။ အစိုးရဝန်ထမ်းဖြစ်ဖြစ် အပြင်ကုမ္ပဏီက ဝန်ထမ်းပဲ ဖြစ်ဖြစ် လာဘ်ယူခွင့် မရှိဘူး။ လာပေးရင်လည်း ငြင်းဆန်ရမယ့် တာဝန်ရှိတယ်။ မယူရဘူး ဆိုတာ သိလျက်နဲ့ ယူလိုက်ပြီ ဆိုကတဲက အဲဒီသူက အစိုးရဝန်ထမ်းဆိုရင် နိုင်ငံနဲ့ ပြည်သူကို လိမ်ရပြီ။ ဘယ်သူမှ ငါလာဘ်စားတယ်ဟေ့ လို့ ဝန်မခံဘူးလေ။ အပြင်ဝန်ထမ်းဆိုရင်လည်း သူ့အလုပ်ရှင်ကို လိမ်ရပြီ။ အဲဒီ လာဘ်စားထားတဲ့ သူတွေရဲ့ လုပ်ပိုင်ခွင့်တွေက ဘယ်သူတွေ လက်ထဲ ရောက်သွားမလဲ။ အဖြေက ရှင်းရှင်းလေး။ တခါတလေ ဂါရဝ ပြုတယ်ဆိုပြီး အပေးအယူလုပ်နေတာတွေ မြင်ရကြားရတော့ တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ တကယ့် ဂါရဝတရားနဲ့ ပြည့်စုံတဲ့သူက ဘယ်တော့မှ အဲလို မလုပ်ဘူးလေဗျာ။ အဲဒီတော့ ကျွန်တော်တို့ အချင်းချင်း တကယ် ယုံကြရဖို့ လိုပါတယ်။

၄။ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းလာပြီ တစ်ယောက်နဲ့တစ်ယောက် စိတ်ချ ယုံကြည်ရလာပြီ ဆိုရင်တော့ ဘာပဲလုပ်လုပ် အောင်မြင်ပါပြီ။ နည်းပညာလောကရယ်မှ မဟုတ်ပါဘူး ကျန်တဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အစစ အရာရာ တိုးတက်လာမှာပါ။ တကယ်တော့ ကျွန်တော်တို့ လူမျိုးတွေက လူမှုရေး ဘာသာရေးတွေမှာ အတူလက်တွဲ အလုပ်လုပ်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိထားပြီးသားပါ။ အဲဒီ အလေ့အကျင့်ကောင်းတွေကို စီးပွားရေးနဲ့ နည်းပညာနယ်ပယ်ကို ဆွဲယူနိုင်ဖို့ လိုတယ်။ အချင်းချင်း ရိုးသားဖို့က အရေးအကြီးဆုံးပါ။ ပွင့်လင်း ရိုးသား တက်ကြွတဲ့ Civil Society တွေ ပေါ်ထွက်လာတာနဲ့ အမျှ မြန်မာနိုင်ငံဟာ နည်းပညာဘက်မှာရော ကျန်တဲ့ စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေး ဘက်တွေမှာပါ တိုးတက်လာပါလိမ့်မယ်။ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ကျွန်တော်တို့ အချင်းချင်း ရိုးသားမှု ရှိကြဖို့ လိုအပ်ပါတယ်။

၅။ ရိုးသားမှုက တစ်ကယ်တော့ ဘယ်အလုပ်လုပ်၊ ဘယ်သူနဲ့ အပေါင်းအသင်းလုပ်လုပ်၊ ဘယ်နိုင်ငံပဲ ရောက်ရောက် သိပ်ကို အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ အတူတူ လက်တွဲ ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ပဲဗျ။ ကျွန်တော်တို့ Civil Society တွေ ပိုပြီး ဖွံ့ဖြိုးဖို့ အထူးသဖြင့် စီပွားရေးနဲ့ နည်းပညာဘက်မှာ ပိုပြီး ပူးပေါင်း လက်တွဲ အလုပ်လုပ်နိုင်ကြဖို့ တကယ်လိုပါတယ်။ ဘယ်လို လူတွေ လက်တွဲကြမလဲ ဆိုတော့ အရည်အသွေး မတူပေမယ့် ရည်ရွယ်ချက်တူတဲ့ သူတွေ အတူတူ ပူးပေါင်း အလုပ်လုပ်ကြဖို့ပါ။ အောင်မြင်နေတဲ့ ဘော်လုံးအသင်း တစ်ခုပဲဖြစ်ဖြစ်၊ Web Development team တစ်ခုပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့ အစည်းပဲ ဖြစ်ဖြစ် လေ့လာကြည့်ရင် မတူညီတဲ့ အင်အားတွေ ပေါင်းစပ်ထားရာကနေ ထွက်လာတဲ့ ကြီးမားတဲ့ အင်အားသစ်တစ်ခုရဲ့ အကျိုးရလာဒ်ကို အဖွဲ့ဝင်တွေရော၊ နီးစပ်ရာ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ရာ နိုင်ငံအထိ အကျိုးခံစားနေရတယ် ဆိုတာ မြင်နိုင်ပါတယ်။

၆။ ကျွန်တော်တို့ တိုင်းပြည်မှာ မတူတဲ့ သဘာဝ အရင်းအမြစ် စွမ်းအားတွေ၊ မတူတဲ့ လူသား အရင်းအမြစ် စွမ်းအားတွေ အများကြီး ရှိနေတာ ဘယ်သူမှ ငြင်းလို့ မရတဲ့ အချက်ပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဲဒီအရင်းအမြစ်ကောင်းတွေဟာ ပြည်တွင်းမှာ အသုံးချခွင့် မရခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်တွေအထိ ဘာကိုမှ မယ်မယ်ရရ အသုံးမချ နိုင်ခဲ့ဘူး။ ဆိုပါစို့ ကျွန်တော်တို့ ထားဝယ်ဘက်က ထွက်တဲ့ ဓါတ်ငွေ့။ ယိုးဒယားကို အကြမ်းအတိုင်း ထုတ်ရောင်းတယ်ဗျာ။ လျှပ်စစ်ထုတ်ပြီး ရောင်းဖို့ ဘာလို့ မလုပ်နိုင်ခဲ့တာလဲ စဉ်းစားလို့ မရခဲ့ဘူး။ နောက်ထပ် အလားတူ ဖြစ်ရပ်တွေ အများကြီးပါ။

၇။ အဓိက အကြောင်းရင်းက အချင်းချင်း မယုံလို့ (အဲဒီလို မယုံကြတဲ့အတွက် တိုင်းပြည် မငြိမ်းချမ်းခဲ့လို့) ကျွန်တော်တို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာမှာ အားနည်းချက်တွေ အများကြီး ရှိခဲ့လို့ပါ။ နောက်ဆုံး ဘယ်သူတွေ အမြတ်ထွက်ကုန်လဲ ဆိုတော့ အိမ်နီးချင်းတိုင်းပြည်တွေပဲ။ မြန်မာပြည်က သဘာဝ သယံဇာတတွေ၊ လူသားအရင်းအမြစ်တွေနဲ့ နှစ်ငါးဆယ်အတွင်း ကြီးပွားအောင်မြင်သွားတဲ့ အိမ်နီးချင်းနိုင်ငံတွေကို မြင်တိုင်း အတော်ရင်နာလို့ မဆုံးဘူး။ မြန်မာပြည် မငြိမ်းချမ်းတာလည်း ရှင်းရှင်းပြောရရင် အိမ်နီးချင်းနိုင်ငံတွေ လက်ချက်သိပ်မကင်းဘူး။ ကိုယ့်အချင်းချင်းက မတည့်တော့ သူတို့က ကြားကနေ ခွစားကြတာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့ အားလုံး အချင်းချင်း ယုံကြည်ဖို့၊ မတူတာတွေကို လက်ခံပြီး တူညီတဲ့ ရည်မှန်းချက် ဖြစ်တဲ့ အမိမြန်မာပြည် တိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ဝိုင်းကြိုးစားကြဖို့ လိုပါတယ်။

၈။ နည်းပညာတိုးတက်ဖို့ အတွက် နောက်ထပ် အရေးကြီးတဲ့ အရေးကြီးတဲ့ အချက်တစ်ခုကတော့ အနာဂါတ်အတွက် ကြိုတင် ပြင်ဆင်ပြီး အလုပ်လုပ်ကြဖို့ပါ။ လတ်တလော ဝမ်းရေးအတွက် အလုပ်လုပ်ဖို့ လိုအပ်သလို၊ နောင်လာမယ့် ငါးနှစ်၊ ဆယ်နှစ်၊ အနှစ် နှစ်ဆယ်မှာ ဖြစ်လာနိုင်တဲ့ အနာဂါတ်အခြေအနေ၊ နည်းပညာတွေနဲ့ ပြဿနာတွေ အတွက်လည်း ကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်။ အတိုပြောရရင်တော့ Research & Development (R&D) ပေါ့ဗျာ။ တကယ်တော့ R&D ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အလုပ်ပဲ။ ကျွန်တော်တို့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ R&D က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပတ်သက်နေတယ်။

၉။ ဉပမာ ပြောရရင် လူငယ်တစ်ယောက် သူစိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက်ကို ရင်းနှီးခွင့်ရဖို့ အတွက် R&D လိုတယ်ဗျာ။ ကွမ်းယာဆိုင်ဖွင့်တဲ့သူ တစ်ယောက် ဆိုင်နေရာအသစ် ဖွင့်ဖို့ R&D လိုတယ်။ ဆိုက်ကားဆရာ အတွက်လည်း R&D လိုတယ်။ စနစ်တကျလုပ်တာနဲ့ မလုပ်တာပဲ ရှိမယ်။ လူတိုင်းဟာ R&D နဲ့ မကင်းဘူး။ ကင်းလို့လည်း မရဘူး။ R&D ဆိုတာ တစ်ကယ်တော့ ကိုယ့်ရှေ့ရေးအတွက် ကြိုတင် ပြင်ဆင်ခြင်းပဲလေ။

၁၀။ လူ့အဖွဲ့အစည်း တစ်ခု ရေရှည်အောင်မြင်ဖို့ အတွက်ဆိုရင်တော့ R&D က သိပ်အရေးကြီးလာပြီ။ အနာဂါတ်အတွက် နောက်မျိုးဆက်တွေအတွက် ပြင်ဆင်ဖို့ လိုအပ်လာပြီလေ။ R&D မှာတော့ အမေရိက၊ ဂျပန်နဲ့ ခုနောက်ပိုင်းမှာ ကိုရီးယားကို ကျွန်တော်တို့ အတုယူရမယ်။ အာရှနိုင်ငံတွေက R&D မှာ နောက်ကျနေတယ်။ စင်္ကာပူမှာတောင် အရှိန်ယူနေဆဲပဲ ရှိသေးတယ်။ MIT လို တက္ကသိုလ်ကြီးတွေက အခါအားလျော်စွာ ထုတ်တဲ့ သုတေသန စာတမ်းတွေ၊ စိတ်ကူးစိတ်သန်းတွေကို ကျွန်တော်တို့ စောင့်ကြည့် လေ့လာသင့်တယ်။ တခြား အထင်ကရ ကျောင်းကြီးတွေ၊ သုတေသန ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကိုလည်း စိတ်ဝင်တစား လေ့လာစုဆောင်း သင့်တယ်။

၁၁။ လူတစဦးချင်း အနေနဲ့ဖြစ်ဖြစ်၊ နည်းပညာ အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ တခြား လူမှုရေး ပညာရေး အဖွဲ့ပဲ ဖြစ်ဖြစ် R&D လုပ်နေဖို့ လိုပါတယ်။ အဲဒါမှ သူများတွေ ဘာလုပ်နေသလဲ၊ ကိုယ့်အားနည်းချက်က ဘာလဲ၊ အနာဂါတ်မှာ လုပ်ရမယ့် ပရောဂျက် အသစ်တွေအတွက် ဘယ်လို နည်းပညာသစ်တွေ သုံးနိုင်မလဲ ဆိုတာတွေကို မျက်ခြေမပြတ်မှာပါ။ သူ့ရဲ့ အကျိုးက ချက်ချင်း မမြင်ရတဲ့ အတွက် လူတွေက အချိန်မပေးချင်ဘူး။ အရင်းအနှီး မစိုက်ထုတ်ချင်ဘူး။ ဘယ်အချိန်လုပ်လုပ် ရပါတယ်ကွာ ဆိုတဲ့ သဘောမျိုး ထားတတ်ကြတယ်။ နိုင်ငံတော်အဆင့် R&D အကြီးစားတွေကို အစိုးရနဲ့ လုပ်ငန်းအကြီးကြီးတွေက ဦးဆောင်ဖို့ လိုသလို၊ အဖွဲ့အစည်းငယ်လေးတွေနဲ့ တစ်ဦးချင်းစီကလည်း ကိုယ့်ဘာသာ လုပ်နေဖို့ လိုပါတယ်။

၁၂။ ကျွန်တော့် အတွေ့အကြုံ တစ်ခုကို ပြောရရင် အခု ကျွန်တော် အဓိက အသုံးပြုနေတဲ့ Drupal CMS ကို စရွေးတော့ 2009 နှစ်စပိုင်းလောက်မှာပါ။ အဲဒီအချိန်က မြန်မာမှာ ဘယ်သူမှ စကားထဲ ထည့်မပြောတဲ့ Software တစ်ခုပေါ့။ စင်္ကာပူမှာလည်း သုံးတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် အခုလို အများကြီး မဟုတ်သေးဘူး။ အဲဒီအချိန်မှာ ကျွန်တော်လည်း ကိုယ့်အတွက် ရေရှည်အသုံးပြုဖို့ CMS တစ်ခုတော့ လိုအပ်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ R&D လုပ်တယ်ဗျာ။ တစ်ပတ်လောက်ကြာတယ်။ CMS ၇၀ လောက်ကို စမ်းတယ်။ ကမ္ဘာမှာ နာမည်ကြီး၊ အထူးသဖြင့် US, UK နဲ့ Europe က ဆိုက်အကြီးစားတွေမှာ ဘာသုံးနေလဲ၊ သူတို့ရဲ့ Education Society တွေမှာ ဘာသုံးနေလဲ ကျွန်တော်လေ့လာတယ်။ Google ဆိုရင်လည်း Drupal project အတွက် နှစ်တိုင်း ပိုက်ဆံတွေ ထောက်ပံ့တယ်။ Yahoo ဆိုလည်း သူ့ရဲ့ အချို့ Internal site တွေ အတွက် သုံးတယ်။ Norton, IBM နဲ့ Twitter လည်း သုံးကြတယ်။

၁၃။ နောက်ဆုံးမှာ Drupal, WordPress နဲ့ PrestaShop ဆိုတဲ့ ဆော့ဖ်ဝဲသုံးခုကို ရွေးဖြစ်ခဲ့တယ်။ WordPress ကတော့ အဲဒီအချိန်ကတည်းက မြန်မာမှာရော SG မှာပါ အသုံးများပါတယ်။ 2010 လောက်ရောက်တော့ SG မှာလည်း Drupal, Drupal ဆိုပြီး ဖြစ်လာတယ်။ SingTel တို့လို ကော်ပိုရိတ် ဆိုက်ကြီးတွေက အစ သုံးလာတယ်။ မြန်မာမှာတော့ ရတနာပုံ​ Web portal ပေါ့ဗျာ။ အဲဒီကနေ ကျွန်တော် မိတ်ဆွေသစ်တွေ ရလာတယ်။ Drupal နဲ့ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေ၊ Software Developer တွေနဲ့ ရင်းနှီးလာတယ်။ Meetup တွေမှာ ဝင်ဆွေးနွေးတယ်။ ဒီလိုနဲ့ 2011 မှာ နောက်အလုပ်အသစ်တစ်ခုကို ပြောင်းတော့ Drupal နဲ့ အလုပ်လုပ်ရတဲ့ ဆိုက်တစ်ခုအတွက် Developer ဖြစ်လာတယ်။

၁၄။ ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ အဓိက အချက်က R&D လုပ်ခဲ့တဲ့ နေရာမှာ ကျွန်တော်တွေးခဲ့တဲ့ လမ်းကြောင်းပါ။ US, UK တို့လို နေရာတွေက Developer တွေဟာ စနစ်တကျ သုတေသန မလုပ်ဘဲ သူတို့ဆိုက်တွေမှာ ဒီဆော့ဖ်ဝဲကို သုံးကြမှာ မဟုတ်ဘူး။ အာရှမှာ အခုအချိန် (2009) က သိပ်ခေတ်မစားသေးပေမယ့် လာမည့် နှစ်အနည်းငယ်အတွင်း အသုံးများလာနိုင်တယ်... ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချပြီး Drupal ကို ဦးစားပေး ရွေးဖြစ်ခဲ့တယ်။ WordPress နဲ့ PrestaShop ကို အမြန်လုပ်လို့ရမယ့် ပရောဂျက်လေးတွေနဲ့ E-commerce ဆိုက်အငယ်စားတွေ အတွက်၊ လတ်တလော အလုပ်လုပ်ရမယ့် ဆိုက်တွေအတွက် ရည်ရွယ်ပြီး ရွေးချယ်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက လုပ်ခဲ့တဲ့ R&D ဆုံးဖြတ်နဲ့ ဆုံးဖြတ်ချက်တွေက အများကြီး အကျိုး ဖြစ်စေခဲ့တာ အမှန်ပဲ။

၁၅။ ကျွန်တော် ဒုတိယ အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ သိပ်ကောင်းတဲ့ အလေ့အကျင့်လေးတွေ ရှိတယ်။ ဝက်ဘ်ဆိုက်တွေ လျှောက်သွားရင်း လုပ်ငန်းနဲ့ ဆိုင်တဲ့၊ အနာဂါတ်မှာ လိုအပ်လာနိုင်တဲ့ ဆောင်းပါးတွေ၊ နည်းလမ်းလေးတွေကို သက်ဆိုင်တဲ့ Developer, Operating team ဒါမှမဟုတ် အားလုံးကို အီးမေးလ်ပို့တတ်ကြတယ်။ အခါအားလျော်စွာ Meeting တွေမှာ အဲဒါတွေကို လုပ်ငန်းမှာ ဘယ်လို အသုံးချနိုင်မှာလည်းဆိုတာ ဆွေးနွေးကြတယ်။ ပြိုင်ဘက်တွေ လုပ်ငန်းတူတွေမှာ Feature အသစ်တွေ ရှိနေရင် ကိုယ့်ဆီမှာ ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ ဝိုင်းစဉ်းစားကြတယ်။ Internal Resource Library သဘောမျိုး၊ Wiki လိုမျိုး လုပ်ပြီး သိမ်းထားကြတယ်။

၁၆။ အတိုချုပ်ပြောရရင်တော့ Civil Socitey တွေ ဖွံ့ဖြိုးဖို့ အတွက် − အချင်းအချင်း ယုံကြည်စိတ်ချရဖို့၊ အပြန်အလှန် ရိုးသားဖို့၊ တူညီတဲ့ ရည်မှန်းချက်တွေ အတွက် သဘာဝ မတူတဲ့သူတွေ မတူတဲ့ အင်အားတွေ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ Research & Development ကို အားလုံးကိုယ်စီ လုပ်ကြဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။

မေး – ကို Ever Learner အနေနဲ့ နိုင်ငံတည်ဆောက်ရေး Infrastructure ပိုင်းမှာ တောင်းဆိုချက်နှစ်ခု ပြောခဲ့တာ သတိထားမိပါတယ်။ ပထမ လျှပ်စစ်မီးကိစ္စ၊ ဒုတိယက အင်တာနက် အမြန်နှုန်း ကိစ္စ အဲဒီနှစ်ခုက သမ္မတကြီး Second Reform Strategy မှာ ဖိတ်ခေါ်ခဲ့တဲ့ ပညာရှင်တွေ ပြန်လာဖို့ ဖိတ်ကြားချက်အပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိပါသလဲ။ အဲဒါတွေသာ ကောင်းလာမယ်ဆိုရင် ပြည်ပရောက် မြန်မာနိုင်ငံသား နည်းပညာ သမားများ အနေနဲ့ရော နိုင်ငံတကာက နည်းပညာ ဆိုင်ရာ ရင်းနှီးမြှတ်နှံသူများ အနေနဲ့ရော ဘယ်လို အခွင့်အလမ်းတွေ ဖြစ်လာမယ်လို့ ထင်လဲ။

၁။ ဟုတ်တယ်ဗျ။ သမ္မတကြီးပြောတဲ့ မိန့်ခွန်းတွေကို နားထောင်ပြီး ကျွန်တော် ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ "ရွှေကိုမလို ငွေကိုမလို အာဏာမလို - မြန်နှုံးမြင့် အင်တာနက်သာ လိုသည်" (http://goo.gl/6fzpc) ဆိုတဲ့ ဆောင်းပါးပေါ့။ ITizen ဂျာနယ်မှာလည်း ပါတယ်။ ဒီခေတ်ကြီးမှာ လျှပ်စစ်မီးနဲ့ အင်တာနက် မကောင်းဘဲ ဘာမှ လုပ်လို့ မရဘူးလေဗျာ။ အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ ရှေ့မှာ တိုင်းပြည်ကို အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ဖို့ ဒီနှစ်ခု မရှိဘဲ မဖြစ်နိုင်ဘူး။

၂။ အခု ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေရဲ့ 30 ရာခိုင်နှုံးလောက်က အိုင်တီပညာရှင်တွေ ဆိုရင် လျှပ်စစ်မီးနဲ့ အင်တာနက် ကောင်းရင် အဲဒီအထဲက တစ်ဝက်လောက်က၊ တကယ်လို့ သူတို့ အလုပ်တွေကလည်း လက်ခံမယ်ဆိုရင် မြန်မာပြည်မှာ လာနေပြီး အလုပ်လုပ်လို့ ရပြီ။ ဥပမာဗျာ − ကျွန်တော့်အလုပ်မှာ Developer လေးယောက်ရှိတယ်။ CTO နဲ့ ကျွန်တော်က SG မှာ၊ ကျန်တဲ့တစ်ယောက်က နီပေါမှာ။ နောက်တစ်ယောက်က ရုရှားမှာ။ တစ်ကယ်လို့ မြန်မာမှာ လျှပ်စစ်မီးနဲ့ အင်တာနက် မှန်မယ်၊ မြန်မယ်ဆိုရင် ကျွန်တော် အိမ်ကနေ အလုပ်လုပ်လို့ ရတယ်။ ပိုတဲ့ အချိန်တွေကို ဒီမှာ အများအတွက် အလုပ်လုပ်လို့ ရမယ်ဗျာ။ ဒါက ကိုယ့်အလုပ်နဲ့ ဆက်စပ်ပြီး ပြောတာပါ။ အစည်းအဝေးတွေကို Video Confrencing နဲ့ လုပ်တယ်ဗျာ။ အင်တာနက် လိုင်းကောင်းတော့ Screen sharing လုပ်လို့ရတယ်။ ဘေးချင်းယှဉ်ပြီး အလုပ်လုပ်နေရတာနဲ့ အတူတူပဲ။ နောက်ထပ် Team တစ်ခု ဆိုရင် US ကလူတွေနဲ့ အတူလုပ်တယ်။ Timezone မတူဘူး ဒါပေမယ့် အလုပ်လုပ်လို့ ရတယ်။

၃။ ပြည်ပက လာပြီး ရင်းနှီးမြုတ်နှံမယ့် လုပ်ငန်းကြီးတွေ အတွက်ဆို အင်တာနက်နဲ့ လျှပ်စစ်မီးက ပိုပြီး အရေးကြီးလာပြီ။ လုပ်ငန်းကြီးလာတာနဲ့ အချိန်နဲ့ အင်တာနက်အမြန်နှုံးက စက္ကန့်နဲ့အမျှ တန်ဘိုး ရှိလာတယ်။ ဒါမှလည်း အလုပ်လုပ်တဲ့အခါ မလိုအပ်တဲ့ ကြန့်ကြာမှုတွေကို လျော့ချနိုင်မယ်။

၄။ ကျွန်တော့်မှာ Freelance Developer အနေနဲ့ အလုပ်လုပ်နေတဲ့၊ ကိုယ်ပိုင် လုပ်ငန်းတွေလုပ်နေတဲ့ စင်္ကာပူနိုင်ငံသား လူငယ်မိတ်ဆွေ အတော်များများ ရှိပါတယ်။ သူတို့ အလုပ်တွေအားလုံးက မြန်နှုံးမြင့် အင်တာနက်လိုင်းတစ်လိုင်းနဲ့ ကုမ္ပဏီလိပ်စာ တစ်ခုကိုပဲ မှီခိုပါတယ်။ တချို့ဆို စာတိုက်သေတ္တာ (Mail box) တစ်ခုပဲ ငှားထားတာမျိုး ရှိပါတယ်။ စင်္ကာပူမှာ တစ်လကို ဒေါ်လာ ၇၀ (မြန်မာငွေ ၄၅၀၀၀ နီးပါး) ပေးရင် Sim Card ဖိုး ပေးစရာမလိုတဲ့ 3G Mobile Internet, 50 GB monthly data transfer လိုင်းတစ်လိုင်း ရပါပြီ။ Upload/Download rate က 3 Mbps - 12 Mbps ရှိပါတယ်။ အဲဒီလိုင်း လျှောက်ဖို့အတွက်လည်း IC card တစ်ခုကလွဲရင် ဘာစာရွက်စာတမ်းမှ မလိုပါဘူး။ ဘာကန့်သတ်ချက်မှလည်း မရှိပါဘူး။

၅။ အဲဒီတော့ မြန်မာလူငယ် တစ်ယောက်က အလွန်နှေးတဲ့ အင်တာနက်လိုင်းမှာ တစ်နေကုန် အလုပ်လုပ်နေတဲ့ အလုပ်ကို စင်္ကာပူက လူငယ်တစ်ယောက်က တစ်နာရီစာတောင် လုပ်စရာ မလိုတဲ့ သဘောပါ။ အင်တာနက်၊ အိုင်တီ လုပ်ငန်းတစ်ခုအတွက် မြန်နှုံးမြင့် အင်တာနက်လိုင်း တစ်ခုလောက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ စင်္ကာပူက နေရာ တော်တော်များများမှာ အလုပ် တော်တော်များများမှာ မြန်မာတွေ ရှိပါတယ်။ စင်္ကာပူက ကျွန်တော်တို့အရွယ် လူငယ်တွေထက် ကျွန်တော်တို့ မြန်မာလူငယ်တွေ ပိုတော်တယ်ဆိုတာ ပါးစပ်က ထုတ်ဖော် မပြောကြပေမယ့် ဘယ်သူမှ ငြင်းလို့ မရပါဘူး။ အစိုးရနဲ့ ဖက်စပ်နေတဲ့ SingTel, Starhub နဲ့ M1 တို့လို ISP တွေ အပြင် အိုင်တီလုပ်ငန်း အတော်များများမှာ မြန်မာလူငယ်တွေ ရှိပါတယ်။

၆။ မြန်မာပြည်ကို အမြန်ဆုံး တိုးတက်လာအောင် လုပ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ လူငယ်တွေ လက်ထဲကို ဈေးချိုတဲ့ မြန်နှုံးမြှင့် အင်တာနက် ထည့်ပေးလိုက်ဖို့ပါပဲ။ အိုင်တီလုပ်ငန်းက အခုတူးနေတဲ့ သယံဇာတတွေလို နေရာအများကြီး မယူဘူး။ အဆုံးအရှုံး မများဘူး။ ဒါပေမယ့် ပိုက်ဆံ ပိုရှာပေးနိုင်ပါတယ်။

၇။ အင်တာနက်နှေးတဲ့ အတွက် အချိန်နဲ့ငွေ အကြီးအကျယ် ဆုံးရှုံးရပါတယ်။ ပေးထားရတဲ့ ပိုက်ဆံနဲ့ အညီ ဝန်ဆောင်မှု ပေးနိုင်တဲ့ အင်တာနက်လုပ်ငန်းတွေ မရှိသေးသမျှတော့ ကျွန်တော်တို့ နိုင်ငံ အင်တာနက်နဲ့ စီးပွားရေး လုပ်လို့ မရသေးပါဘူး။

၈။ အင်တာနက်ဝန်ဆောင်မှု​ပေးတဲ့ လုပ်ငန်းတွေက တန်ရာတန်ကြေး ပိုက်ဆံယူထားပြီးရင် ထိုက်တန်တဲ့ ဝန်ဆောင်မှု ပြန်ပေးဖို့လိုပါတယ်။ ပိုက်ဆံကိုတော့ အင်တာနေရှင်နယ် အဆင့်နဲ့ယူပြီး ဝန်ဆောင်မှုကိုတော့ အနိမ့်ဆုံး အဆင့်နဲ့ ပေးနေရင်တော့ သုံးစွဲသူတွေမှာ သိပ်နစ်နာနေပါပြီ။ အစိုးရက အဲဒီလို ပြဿနာတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး စားသုံးသူတွေဘက်က အပြည့်အဝ အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။ တရားဥပဒေဆိုတာ အများပြည်သူနဲ့ လူထုကို အကာအကွယ်ပေးဖို့ပါ။ နီးစပ်ရာလူကို အကာအကွယ်ပေးဖို့ မဟုတ်ပါဘူး။

၉။ အရှေ့တောင် အာရှမှာ အင်တာနက် ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ထိပ်ဆုံးမှာ ရှိတဲ့ SingTel လို Singapore အစိုးရက ရှယ်ယာ​တွေ ပိုင်ထားတဲ့ လုပ်ငန်းကြီးတောင် 2011 စက်တင်ဘာ 6 ရက်နဲ့ 7 ရက် နှစ်ရက်မှာ ဝန်ဆောင်မှု ချွတ်ယွင်းသွားလို့ Singapore Media Development Authority (MDA) က စင်္ကာပူဒေါ်လာ လေးသိန်း (S$400,000) ဒါဏ်ရိုက်တဲ့ အဖြစ်အပျက်တစ်ခု လောလောဆယ်မှာပဲ ဖြစ်ခဲ့သေးတယ်။ အသေးစိတ်ကို http://goo.gl/xG0n4 မှာ ဖတ်လို့ ရပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်း အလုပ်လုပ်ချင်တယ်ဆိုရင် အဲဒီလို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ စားသုံးသူကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေနဲ့ ထိရောက်ပြတ်သားတဲ့ အရေးယူမှုတွေ လိုအပ်ပါတယ်။

၁၀။ အခုလို မြန်မာပြည် ပြန်လည်တည်ဆောက်နေတဲ့ အချိန်မှာ အလွယ်တကူ မြင်တွေ့ရတဲ့ လမ်းတွေ တံတားတွေကိုပဲ ဦးစားပေး အကောင်အထည်ဖော်နေတာထက် အခုလို အလွယ်တကူ မမြင်ရတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အများအတွက် တကယ်အကျိုးရှိတဲ့ ဝန်ဆောင်မှုတွေနဲ့ စနစ်ကျ ပြတ်သားပြီး ပြည်သူလူထုကို တကယ်အကာအကွယ် ပေးထားတဲ့ ဥပဒေတွေကိုလည်း တပြိုင်တည်း အကောင်အထည်​ဖော်ဖို့ လိုပါတယ်။ စားသုံးသူတွေဘက်ကလည်း ကိုယ့်ပေးထားတဲ့ တန်ဘိုးနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှု တကယ်ရ/မရ အမြဲ စောင့်ကြည့်နေဖို့ လိုပါတယ်။

၁၁။ ကျွန်တော်တို့ လက်ခံထားရမှာက စီးပွားရေးလုပ်ငန်းတစ်ခု ဆိုတာ သုံးစွဲသူတွေ ရှိလို့ လည်ပတ်နေရတာပါ။ ကိုယ်ရနေတဲ့ ပိုက်ဆံ၊ ကိုယ်စားနေတဲ့ ထမင်းဟာ ဒီသုံးစွဲသူတွေဆီက ဖြစ်လာတာပါ။ အဲဒီ သုံးစွဲသူတွေကို လူလည်ကျတာဟာ ကိုယ်စားနေတဲ့ ထမင်းကို ကိုယ့်ဟာကို တန်ဘိုးမဲ့အောင် လုပ်နေတာနဲ့ အတူတူပဲ။ ဘယ်လောက်ပဲ အစုလိုက် အပုံလိုက် ရနေပါစေ မြဲမှာလည်း မဟုတ်ပါဘူး။ တူသော အကျိုးပေးတာပါ။ နောက်ထပ် ပြိုင်ဘက်တွေများ ပေါ်လာခဲ့ရင် စျေးချင်းတူရင်တောင် ဝန်ဆောင်မှုပိုကောင်းတဲ့ဆီကို ပြောင်းသွားကြပါလိမ့်မယ်။ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေ ဝင်လာတဲ့အခါ ကျင့်ဝတ်နဲ့ မညီတဲ့ ပြည်တွင်းက တချို့လုပ်ငန်းတွေရဲ့ အားနည်းချက်တွေကို ပိုပြီး သိသာလာပါလိမ့်မယ်။ မြန်မာလူမျိုးတွေက ခွင့်လွှတ်သီးခံစိတ် အားကြီးပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဘက်ကလည်း အဲဒါကို အခွင့်အရေးမယူမိဘို့ အရေးကြီးပါတယ်။

မေး – ကျွန်တော့် အတွေ့အကြုံတစ်ခုကို ပြောပြပါ့မယ်။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အစိုးရလုပ်ငန်းနဲ့ ထိစပ်နေတဲ့ လုပ်ငန်းတစ်ခုမှာ ပရောဂျက်တစ်ခု ရေးဖူးပါတယ်။ အစပိုင်း သဘောတူညီချက်များအရ ကိုယ်ရေးရမှာ သေချာတဲ့အတွက် System Study တွေသေသေချာချာလုပ် အချိန်တွေ ငွေတွေ အကုန်ခံပြီး ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ Project အတိုင်းအတာ တစ်ခုအထိ ပြီးစီးချိန်မှာ နည်းပညာ ကုမ္ပဏီကြီးတစ်ခုက Project လက်ပြောင်းယူသွားတာ ခံရဖူးပါတယ်။ ထိခိုက်မှု အင်မတန် ကြီးမားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို ပုံပြင်တွေ နေရာတကာမှာ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုး အဖြစ်အပျက်တွေက ဘာကြောင့်ဖြစ်ပျက်နေရပါသလဲ။ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်မလဲ။ Middle Class Business တွေအနေနဲ့ Quality Market မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဘယ်လို ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ဆောင်ရွက် သင့်ပါသလဲ။

၁။ ဖြစ်တတ်ပါတယ်။ ကြားရတာ စိတ်မကောင်းပါဘူး။ အခုတော့ ဒီပြဿနာဟာ ကိုသီဟ အတွက်ရော၊ ကိုသီဟ ကျောင်းသားတွေ အတွက်ရော စာဖတ်ပရိတ်သတ်တွေ အတွက်ရော သင်ခန်းစာ ကောင်းတစ်ခုပေါ့။

၂။ ကျွန်တော့် အမြင်ပေါ့လေ။ စီးပွားရေးလုပ်ငန်းတိုင်းမှာ နှုတ်ကတိထက် စာချုပ်စာတမ်းနဲ့ လုပ်တာက အရေးအကြီးဆုံးလို့ ထင်တယ်။ ဘာပဲလုပ်လုပ် အလုပ်တစ်ခု စတော့မယ်ဆိုရင် အနည်းဆုံး နှစ်ဘက် သဘောတူတဲ့ အချက်တွေနဲ့ စာချုပ်တစ်ခုခု ချုပ်ဖို့ လိုမယ်။ ဘယ်အချိန်မှာ ဘာပြီးရမယ်။ မပြီးရင် ဘယ်လို တာဝန်ယူမယ်။ သူ့ဘက်က ဖျက်ရင်လည်း ဘယ်လို နစ်နာကြေး ပေးရမယ် ဆိုတာတွေ ပါသင့်တယ်။ အပေါ်မှာ ပြောခဲ့တဲ့ ယုံကြည်မှုဆိုတာ ဒါမျိုးကို ပြောတာပေါ့။ နောက်တစ်ခါ အဲဒီဌာန အနေနဲ့ ကိုသီဟကို ထပ်ဆက်သွယ်လာခဲ့ရင်တောင် ယုံဖို့ ခက်သွားပြီ။ Customer က ကြိုက်တဲ့သူကို အလုပ်အပ်ခွင့် ရှိတယ်ဆိုပေမယ့် လက်ပြောင်းယူသွားတဲ့ နည်းပညာကုမ္ပဏီကြီး အနေနဲ့လည်း ကိုသီဟနဲ့ အလုပ်လုပ်နေတာကို သိလျက်နဲ့ ကြားက တမင် ဖြတ်ယူသွားတယ်ဆိုရင်တော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ ပညာရှင် မဆန်တဲ့ လုပ်ရပ်ပါ။ အဲလို ကုမ္ပဏီကြီးတွေကို သတိထားဖို့ လိုပါလိမ့်မယ်။

၃။ ဘယ်လောက် ရင်းနှီးတဲ့သူအချင်းချင်း ဖြစ်ဖြစ်၊ ငွေကြေး အာဏာနဲ့ မိန်းမ ကိစ္စတွေ ဆက်နွယ်လာရင် ကတိတွေ တည်ဖို့ ခက်ခဲလာတတ်တယ်။ အားနာတတ်တဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် စီးပွားရေးမှာ အားနာတတ်တာဟာ အမြန်ဆုံး ပြင်ရမယ့် အကျင့်ဆိုး တစ်ခုပဲဗျ။ စီးပွားရေးဆိုတာ အလှူအတန်း လုပ်နေတာ မဟုတ်တဲ့ အတွက် ရေရှည်မှာ အားနာတတ်တဲ့သူ ခံရမှာပဲ။ အလှူလုပ်နေတာ မဟုတ်ဘူးဆိုပြီး ကိုယ်က တစ်ပိဿာဖိုးယူထားပြီး ၉၉ ကျပ်သားပဲ ပေးမယ်၊ သူမသိအောင် တစ်ကျပ်သားဖိုး ယူထားလိုက်မယ်ဆိုရင်လည်း ခိုးတာပဲ။ ဒီတော့ နှစ်ဘက်သဘောတူ တန်ရာတန်ကြေးယူ မျှမျှတတ လုပ်ကြဖို့ အရေးကြီးပါတယ်။

၄။ ဆိုပါတော့ ပရောဂျက်တစ်ခုကို ဒေါ်လာ တစ်ထောင် သတ်မှတ်ပြီး သဘောတူထားရင် ဒီလူကိုတော့ သူငယ်ချင်းမို့ အားနာလို့ 900 ပဲယူမယ် သွားလုပ်လို့ မရဘူး။ ကိုယ့်ဆီအလုပ်လာအပ်လို့ ကျေးဇူးတင်ရင် တစ်ခြားနည်းနဲ့ တုန့်ပြန်လို့ ရတဲ့ နည်းတွေ အများကြီးပါ။ သူ့ကို 900 ယူလိုက်တာကို နောက်တစ်ယောက်က တစ်နည်းနည်းနဲ့ သိသွားရင် အဲဒီနောက်လူက ကိုယ့်ဆီ အလုပ်လာအပ်ရင် 900 ကနေ စခေါ်တော့မယ်။ ကိုယ့်မှာ စပြီး အခက်တွေ့ပြီ။ ဒီနေရာမှာ မြန်မာလူမျိုး မဟုတ်တဲ့ တခြားသူတွေကတော့ ပြတ်တယ်ဗျ။ စီးပွားရေးက စီးပွားရေးပဲ၊ မိတ်ဆွေက မိတ်ဆွေပဲ။

၅။ အဲဒီလို အဖြစ်အပျက်တွေ ထပ်မဖြစ်အောင် ကျွန်တော်တို့တွေ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေကို သင်ယူဖို့ လိုအပ်တာပေါ့ဗျာ။ ပြီးတော့ အစိုးရကလည်း SME တွေကို၊ အငယ်စားနဲ့ အလတ်စား လုပ်ငန်းတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးတဲ့ နည်းလမ်းတွေ ဥပဒေတွေ ထုတ်ပေးထားဖို့ လိုမယ်။ ဥပဒေတွေ ထုတ်ထားပြီး ဖြစ်ရင်လည်း သိအောင်လုပ်ထားရမှာက ကျွန်တော်တို့ တာဝန်ဗျ။ ဥပဒေကို လူတိုင်းလိုက်နာအောင် ထိန်းသိမ်းပြီး ပြည်သူကို စောင့်ရှောက်ဖို့ကိုတော့ အစိုးရက တာဝန်ယူရလိမ့်မယ်။

၆။ ပြီးတော့ အချင်းချင်း စောင့်စည်းရမယ့် ကျင့်ဝတ်တွေကိုလည်း လိုက်နာကြဖို့ လိုတာပေါ့။ အပေါ်မှာ ဆွေးနွေးခဲ့သလို အချင်းချင်း ရိုးသားကြဖို့ အရေးကြီးပါတယ်။

မေး – ကျွန်တော် အခုနောက်ပိုင်း စင်္ကာပူနိုင်ငံက သူငယ်ချင်းတွေနဲ့ ဆွေးနွေးဖြစ်တော့ Business Incubator အကြောင်းတွေ ဆွေးနွေးဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် သင့်တော်မယ့် အမှန်တကယ် အကောင်အထည် ဖော်လို့ရမယ့် Business Incubator ပုံစံတစ်ခုကို အကြံပြု ဆွေးနွေးပေးပါ ခင်ဗျ။

၁။ Business Incubator တွေအကြောင်းကို ကိုသာသာက အတော်လေး ပြည့်ပြည့်စုံစုံ ဆွေးနွေးခဲ့ပြီးပြီး ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကူးထဲက ပုံစံတစ်ခုကို တော့ ပြောပြချင်သေးတယ်ဗျာ။

၂။ ပြည်ပက စီးပွားရေးလုပ်ငန်းတွေ ဝင်လာမယ် ရင်းနှီးမြုတ်နှံမှုတွေ လုပ်ကြတော့မယ်ဆိုတော့ ကျွန်တော် အထိတ်တလန့် ဖြစ်တာတစ်ခုက "ကျွန်တော်တို့ အဆင်သင့် ဖြစ်ပြီလား" ပေါ့။ ပြည်ပက ရင်းနှီးမြုတ်နှံမှုတွေ ဝင်ရောက်လာတဲ့ အခါ ဖြစ်ပေါ်လာမယ့် စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေအတွက် ကျွန်တော်တို့ လူငယ်တွေဘက်က အဆင်သင့်ရော ဖြစ်နေရဲ့လားလို့ တွေးမိပါတယ်။ နည်းပညာဆိုင်ရာ ကွာခြားချက်၊ ဘာသာစကား ကွာဟချက်၊ လုပ်ငန်းအတွေ့ အကြုံ ကွာဟချက်တွေ အတွက် ကျွန်တော်တို့ အဆင်သင့် ဖြစ်ပြီလား။ အဆင်သင့် ဖြစ်နေရင်တော့ ပြဿနာ မရှိပေမယ့်၊ လိုအပ်တဲ့ ကျွမ်းကျင်လုပ်သား၊ ပညာရှင် အင်အား အဆင်သင့် မရှိခဲ့ရင်၊ ဒါမှမဟုတ် အချိန်မှီ ဖြည့်တင်းနိုင်စွမ်း မရှိခဲ့ရင်၊ ပြည်ပက ဝင်လာတဲ့ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေက အလုပ်နေရာကောင်းတွေကို အပေါ်စီးက ဝင်ယူသွားမှာ သေချာနေပါတယ်။

၃။ ဒေသခံ မြန်မာလူငယ်တွေက အလယ်အလတ်နဲ့ အဆင့်မြင့် အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့အတွက် စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရစရာ ရှိပါတယ်။ မိုးရွာပေမယ့် ခံစရာ ခွက်မရှိလို့ မိုးကောင်းတုန်း ရေမခံရတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ မြန်မာပြည်သား လူငယ်တစ်ယောက် အနေနဲ့ ကိုယ့်တိုင်းပြည်က လူငယ်တွေကို အဆင့်အတန်းရှိတဲ့ အလုပ်တွေမှာပဲ သိက္ခာရှိရှိ ရပ်တည်လုပ်ကိုင် နေတာပဲ မြင်တွေ့ချင်တာ အမှန်ပါ။

၄။ အစိုးရအနေနဲ့လည်း နိုင်ငံခြားက လာလုပ်တဲ့ လုပ်ငန်းတိုင်းမှာ ဒေသခံဝန်ထမ်းဦးရေ ရာခိုင်နှုံး ဘယ်လောက် ရှိရမယ်ဆိုတဲ့ အကာအကွယ်မျိုးတွေကို ထည့်ပေးထားဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ စင်္ကာပူအစိုးရရဲ့ ပြည်ပအလုပ်သမားတွေကို ကိုင်တွယ်ထိန်းချုပ်ရာမှာ အသုံးပြုတဲ့ နည်းလမ်းအချို့ကို အတုယူကောင်း ယူဖို့လိုပါလိမ့်မယ်။ ကျွန်တော်ကတော့ မြန်မာလူမျိုးတွေကို သုံးလို့ရတဲ့ အလုပ်အကိုင်အားလုံးမှာ မြန်မာလူမျိုးတွေပဲ အလုပ်လုပ်ခွင့် ရနေတာမျိုးကိုပဲ မြင်ချင်ပါတယ်။ မြန်မာလူမျိုးတွေကိုပဲ လိုအပ်သလို နည်းပညာလွှဲပြောင်း ပို့ချပြီး လက်တွဲ အလုပ်လုပ်သွားတဲ့ ပြည်ပရင်းနှီးမြုတ်နှံမှုတွေကိုပဲ ကြိုဆိုချင်ပါတယ်။ ကိုယ့်တိုင်းပြည်ထဲကို ကုမ္ပဏီတစ်ခုလုံး ဝင်လာပြီး ထင်ရာလုပ်မယ့် သူတွေကိုတော့ မလိုချင်ပါဘူး။

၅။ အခုလို စပ်ကူးမတ်ကူးအချိန်မှာ တိုင်းပြည်ကို တကယ်ချစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အင်အားနဲ့ အကူအညီတွေ အများကြီး လိုအပ်ပါတယ်။ ပြည်ပက လုပ်ငန်းတွေ ဝင်လာတဲ့အခါ လူသားအရင်းအမြစ် လိုအပ်ချက် သိပ်ကြီးလာပါလိမ့်မယ်။ အဲဒီအချိန်မှာ ပြည်တွင်းက လုပ်ငန်းအတွေ့အကြုံ ရှိပြီးသား ဒေသခံတွေကို လက်ရှိ လစာတွေထက် နည်းနည်းပါးပါး ပိုပေးပြီး ဆွဲဆောင်စည်းရုံးတဲ့အတွက် ကြီးမားတဲ့ လူသားအရင်းအမြစ် အရွေ့ အပြောင်းတွေ ဖြစ်လာပါလိမ့်မယ်။ ပါးနပ်လိမ်မာတဲ့ စီးပွားရေးသမား တစ်ယောက်သာဆိုရင် အခုအချိန်မှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် စလုပ်နေပါလိမ့်မယ်။ ဖြစ်လာမယ့် ပြဿနာကို ဖြေရှင်းဖို့ သူပြင်ဆင်နေပါလိမ့်မယ်။

၆။ ကျွန်တော်သာ အခုအချိန် မြန်မာပြည်မှာ ရှိမယ်။ လုံလောက်တဲ့ အရင်းအနှီးရှိမယ် ဆိုရင် ပထမဆုံး လုပ်မယ့် အလုပ်က မြို့ကြီးတွေမှာ Resource center တွေ တည်ထောင်ဖို့ပဲ။ အစိုးရအကူအညီနဲ့ မီးကို မနက် 8 နာရီလောက် ကနေ ညနေ ၁၀ နာရီ အထိ ရအောင် ကြိုးစားမယ်။ အဲဒီအတွက် တန်ရာတန်ကြေး အစိုးရကို ပြန်ပေးမယ်။ လိုအပ်တဲ့ မြန်နှုံးမြင့် မိုဘိုင်း အင်တာနက်လိုင်းတစ်ခု လိုအပ်ရင်နှစ်ခု တပ်ဆင်ပေးထားမယ်။ ဒါက အသုံးပြုသူ အရေအတွက် အနည်းအများအပေါ် မူတည်ပါလိမ့်မယ်။

၇။ ကွန်ပျူတာ ကျောင်းသားတွေ၊ နည်းပညာ တက္ကသိုလ် ကျောင်းသားတွေနဲ့ အိုင်တီကို တစ်ကယ်စိတ်ဝင်စားသူတွေ အတွက်ပေါ့ဗျာ။ ဂိမ်းလာဆော့မယ့်သူတွေ နည်းပညာနဲ့ မဆိုင်တဲ့ အခြားဝက်ဘ်ဆိုက်တွေ မသုံးဖို့အတွက် သူတို့ကို အစကတဲက ကိုယ့်ကိုယ်ကို တာဝန်ခံခိုင်းမယ်ဗျာ။ ပညာ တကယ်လိုတဲ့သူတွေ တကယ် အလုပ်လုပ်ချင်တဲ့ သူတွေ လာပါလိမ့်မယ်။ လိုအပ်ရင် MIT OCW လို Wikipedia လို ဆိုက်တွေကို Local Copy လုပ်ထားပေးမယ်။ ကိုယ်ပိုင် Laptop ကွန်ပျူတာနဲ့ လာပြီး အလုပ်လုပ်ချင်တဲ့ သူတွေအတွက် နေရာ ငှားပေးမယ်။ သိပ်ပြီး စိတ်ကူးယဉ်ဆန်နေလားတော့ မသိဘူး။ ဟားဟားဟား။

 

၈။ စင်္ကာပူမှာတော့ အဲလိုနေရာတွေ ရှိတယ်ဗျ။ ဥပမာ − HackerSpace (http://en.wikipedia.org/wiki/Hackerspace နဲ့ http://hackerspaces.org) လို ပုံစံမျိုးပေါ့ဗျာ။ မြန်မာပြည်မှာတော့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်ရမှာပေါ့။ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတွေ ပြိုင်ပွဲတွေ လုပ်ပေးမယ်။ အဲဒီကနေ ဘာတွေ ရလာမလဲ ဆိုတော့ တကယ် အရည်အချင်း ရှိတဲ့ လူငယ်တွေ ထွက်လာလိမ့်မယ်။ မကြိုးစားတဲ့သူတွေ ကြိုးစားလာမယ်။ စုန်းပြူးတွေလည်း ထွက်လာမှာပဲ။ အဲဒါတွေကို ကြောက်နေရင် ဘာမှ လုပ်လို့ မရဘူးဗျ။ အဲလို လုပ်လို့ ကျွန်တော် အမြတ်ရချင်မှ ရမယ်။ မြတ်ဖို့ထက် အရင်းမရှုံးဖို့ ပိုပြီး ကြိုးစားရနိုင်တယ်။ အဲဒီထဲက တော်တဲ့သူတွေ ထွက်လာရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာပေးမယ် ချိတ်ပေးမယ်။ သင်တန်းကြီးတွေနဲ့ ချိတ်ဆက်ပြီး သူတို့ တကယ်စိတ်ဝင်စားတာကို လေ့လာနိုင်အောင် ကူညီမယ်။ အွန်လိုင်းက ပရောဂျက်တွေ ယူလုပ်ချင် လုပ်နိုင်အောင် ကူညီမယ်။ Payment ကိစ္စကအစ ကြားကနေ တစ်ဆင့် ကူညီမယ်ဗျာ။ အားလုံးကတော့ အချင်းချင်း ရိုးသားဖို့ တစ်ယောက်စေတနာကို တစ်ယောက် နားလည်ဖို့ အလွဲသုံးစား မလုပ်ဖို့ လိုတာပေါ့နော်။

၉။ ဒီလို နေရာတွေကနေ လူငယ်တွေ၊ နည်းပညာ ကျောင်းသားတွေ၊ ကျွန်ပျူတာကျောင်းသားတွေ မြန်နှုံးမြင့် အင်တာနက်ရဲ့ အရသာကို သိသွားမယ်။ အချင်းချင်း ပရောဂျက်လေးတွေ အတူတူ လုပ်နိုင်လာမယ်။ နိုင်ငံတကာမှာ ဘာတွေလုပ်နေလဲ ဆိုတာ Explore လုပ်နိုင်မယ်။ လိုအပ်ရင် နိုင်ငံတကာမှာ အလုပ်လုပ်နေတဲ့ မြန်မာပညာရှင်တွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးပွဲ ပုံစံလေးတွေ လုပ်နိုင်မယ်။ နိုင်ငံတကာက နည်းပညာလုပ်ငန်းတွေ ဝင်လာရင် အထိုက်အလျောက် အခြေခံ ရှိလာနိုင်တယ်။ ဖြစ်လာနိုင်တဲ့ မမြင်ရတဲ့ အကျိုးတွေကတော့ အများကြီးပေါ့ဗျာ။ အနည်းဆုံး သူတို့ဘဝမှာ လူသား အကျိုးပြုလုပ်ငန်းတွေ တကယ်လိုအပ်တယ်ဆိုတာ သိသွားမယ်။

၁၀။ ဒီလို တိုးတက်အောင် လုပ်ဖို့ ကျွန်တော်တစ်ယောက်ထဲ မရဘူး။ အစိုးရလည်း လုပ်လို့ မရဘူး။ ပိုက်ဆံရှိတိုင်းလည်း လုပ်လို့ မရဘူး။ ဒါပေမယ့် လျှပ်စစ်မီးရှိမယ် မြန်နှုံးမြင့် အင်တာနက်ရှိမယ် ဆိုရင် တိုးတက်ချင်စိတ်ရှိတဲ့ လူတွေက တိုင်းပြည်ချစ်စိတ်နဲ့ အားလုံး ဝိုင်းလုပ်မယ်ဆိုရင် ဘာလို့ မဖြစ်နိုင်ရမှာလဲဗျာ။

ကိုသီဟနဲ့ စာဖတ်ပရိတ်သတ် ညီအကို မောင်နှမ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အပေါင်းနဲ့ ပြည့်ဝ ပျော်ရွှင်ကြပါစေ။

This interview is Originally published at

This post for our own record at MMShare.org

Add new comment

Similar Articles

Featured Articles